ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ဆတ်သွားကျေးရွာအုပ်စု ဆတ်သွားချောင်း သဗြာဆိပ်တွင် ဒေသခံများ ဖမ်းပေးသည့် သစ်ခိုးလှေတစီး အား အခြားလှေတစီးဖြင့် အစားထိုးလိုက်ခြင်းကို မသိကျိုးကျွံပြုခဲ့သည့် ရဲအရာရှိတဦးနှင့် ရဲသားတဦးတို့ အချုပ်ထဲ ရောက်သွားပြီ ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ ၁၈ ရက်နေ့က ဆက်သွားချောင်း သဗြာဆိပ်တွင် သစ်တန် ၄၀ ခန့် ပါဝင်သော သစ်လှေကြီး ၁ စီးနှင့် တန် ၂၀ ခန့် ပါဝင်သော သစ်လှေငယ် ၁ စီးတို့ကို ဒေသခံများက ဖမ်းဆီးပြီး ဒေသဆိုင်ရာ သစ်တောနှင့် ရဲတပ်ဖွဲ့ ထံသို့ အပ်နှံပြီး ၃ ရက် အကြာ လှေကြီးမှာ လုံးဝ ပျောက်ဆုံးသွားရသည့် ဖြစ်စဉ် တခု ဖြစ်ပွားခဲ့သည်။
ယင်းကိစ္စကို နေပြည်တော်မှ ရဲမှူးကြီး အဆင့် ပါဝင်သည့် ရဲအရာရှိများ၊ သစ်တောဌာနမှ ညွှန်မှူး အဆင့် ဦးဆောင်သည့် သစ် တော အရာရှိများ ပါဝင်သည့် အဖွဲ့ တဖွဲ့ ကွင်းဆင်းစစ်ဆေးသဖြင့် ဖြစ်ရပ်မှန် ပေါ်ပေါက်သွားခြင်း ဖြစ်ကြောင်း ဆတ်သွား ချောင်း ကျေးရွာ ရာအိမ်မှူး ဦးမြတ်စိုး က ဧရာဝတီသို့ ပြောသည်။
ဦးမြတ်စိုး က “ဖမ်းစဉ်တုန်းက နေရာတွေ လှေဝင်တဲ့ထွက်တဲ့ နေရာတွေ အောက်ခြေအထိ အကုန် စနစ်တကျ လာစစ်ပါတယ်။ အခု လောလောဆယ်မှာတော့ ကျနော်တို့ ဆတ်သွား ရဲစခန်းက စခန်းမှူး ရဲအုပ်နဲ့ ရဲသား တယောက်ကို အချုပ်ချထားတယ်။ သစ်တောကတော့ မနေ့ကအထိ စစ်တုန်းပေါ့” ဟု ပြောပြသည်။
သစ်ခိုးလှေကိစ္စနှင့် ပတ်သက်၍ နေပြည်တော်မှ သစ်တောနှင့် ရဲများ လာရောက်စစ်ဆေးသည်ဟု ဂွမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးနိုင် က ဧရာဝတီသို့ အတည်ပြုသည်။
ဦးအောင်မျိုးနိုင် က “ကျနော်တို့ကိုတော့ ခေါ်စစ်တာ မရှိဘူး။ ရပ်ကျေးစာရေးတို့ ရပ်ကျေး အုပ်ချုပ်ရေးမှူးတို့ သွားဖမ်းတဲ့ အချိန်မှာ ပါတဲ့ အဖွဲ့တွေ ကိုတော့ ခေါ်စစ်တယ်။ ရဲတချို့ ချုပ်ထားတယ်ဆိုတာလည်း ကျနော်သိသလောက် ဂွမှာပဲ ချုပ်ထားတယ်။ ကျနော်တို့လည်း သစ်ဖမ်းနေတာ ရိုးပေါ်မှာကို အခေါက်ရေ တော်တော်များပြီ။ ည ၁ နာရီ၊ ၂ နာရီလည်း ထပြီး လိုက်ဖမ်း နေရတာ” ဟု ပြောသည်။
ဂွမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်ဌေး က “သက်သေခံပစ္စည်းလည်း ပါတဲ့အခါကျတော့ ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေအရ ထိခိုက် တယ်။ အရေးယူရမယ့် သူတွေကို ချုပ်ထားရတာ ရှိပါတယ်။ အကုန်လုံး ရှင်းပြဖို့တော့ မသင့်တော်သေးဘူးလို့ ထင်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ သစ်ခိုးသည့်လှေကိစ္စကို ချက်ချင်း အရေးယူနိုင်ခဲ့ခြင်း မဟုတ်ပါ။ ဒေသခံများ ဖမ်းပေးသည့် သစ်ခိုးလှေသည် သစ်တောနှင့် ရဲဌာနကဲ့သို့ ဒေသခံ အာဏာပိုင်များ လက်ထဲ ရောက်ရှိပြီးမှ ပျောက်ဆုံးသွားသည့် ဖြစ်ရပ်ကို မကျေနပ်သည့် ဂွမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဝေက သြဂုတ်လ ၂၀ ရက်နေ့က နေပြည်တော်လွှတ်တော်တွင် မေးခွန်းထုတ်ခဲ့သည်။
ထိုအခါ လာရောက် ရှင်းပြသူ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်အောင်သူ က ဒေသခံ အာဏာပိုင်တချို့ လိမ်လည် တင်ပြထားသည့် အချက်အလက်များကို လွှတ်တော်တွင် ပြန်လည် ရှင်းလင်းသည့်အခါ ကိုယ်စားလှယ်က လက်မခံဘဲ အမှန်တကယ် ဖမ်းဆီးရမိ သည့် လှေကြီးကို အခြားလှေတစီးဖြင့် အစားထိုးထားသည့် ဓာတ်ပုံများကို လွှတ်တော်တွင် ပြန်လည် တင်ပြခဲ့သည်။
ထိုသို့ လိမ်ညာ တင်ပြခဲ့သူများကို ဝန်ကြီး၏ ဂုဏ်သိက္ခာ၊ လွှတ်တော်တရပ်လုံး၏ ဂုဏ်သိက္ခာကို ထောက်ရှု့ ပြီး တာဝန်ရှိသူများကို မည်သို့အရေးယူ ပေးမလဲဟု လွှတ်တော်ကိုယ်စားလှယ်က မေးခွန်းထုတ်သည့်အခါ ယခုလို အောက်ခြေအထိ ကွင်းဆင်း စစ်ဆေးမှု ပေါ်ပေါက်လာရခြင်း ဖြစ်သည်။
ဆတ်သွားကျေးရွာ ရာအိမ်မှူး ဦးမြတ်စိုး က “ကိုယ်စားလှယ် မေးတာက ၂၁ ရက်နေ့ ၊ သူတို့ဆင်းလာတာက ၂၃ ရက်လောက် ဆင်းလာတယ်။ အကုန်မေးတာ။ ဖမ်းစဉ်တုန်းက ပါတဲ့သူတွေကိုလည်း မေးတယ်။ ကျနော်တို့က လှေလဲထားတဲ့ကိစ္စတွေကို ဓါတ်ပုံ အထောက်အထားတွေနဲ့ တင်ပြခဲ့တယ်။ မတူတဲ့ လှေ ၂ စီးရဲ့ ပုံတွေကိုပေါ့။ သူတို့လည်း အဲဒါတွေကို စစ်ပြီးတော့ ယူသွားတယ်”ဟု ပြောသည်။
ယခုကဲ့သို့ အမှန်တရား ပေါ်ပေါက်စေရန် နေပြည်တော်မှ အောက်ခြေသို့ စေလွှတ်ပေးသည့်အပေါ် ကျေနပ်ကြောင်း၊ နေပြည်တော်မှ ဆင်းစစ်သဖြင့် ပိုင်ရှင်မဲ့ ဖြစ်နေသည့် သစ်လှေမှာလည်း ပိုင်ရှင် ပေါ်သွားပြီ ဖြစ်ကြောင်း၊ ယင်းသစ်ပိုင်ရှင်ကို တရားရုံးတင်ပြီး ယခုအခါ အာမခံပေးထားသည်ဟု သိရကြောင်း ဦးမြတ်စိုးက ရှင်းပြသည်။
ဦးမြတ်စိုး က “တောအုပ်ကြီး ခင်မောင်ဝင်းကတော့ ရဲဘက်ကို ထိုးချတဲ့ ပုံစံမျိုး ရှိတယ်။ လှေအကြီးနဲ့အသေး ပြောင်းထားတာ သိရဲ့ သားနဲ့ ကိုယ်ဖမ်းတုန်းကလည်း လှေအကြီးကြီးကို မြင်ဖူးရဲ့သားနဲ့ သူလက်ခံလိုက်တာကိုက သူ့အမှားလေ။ အဲဒီမှာ ပိုက်ဆံ ၆ သိန်းကို သူ့လက် အောက်ငယ်သား ရဲလေးကနေပြီးတော့ သစ်သမားဆီက ယူပြီး သူ့ဆရာ စခန်းမှူးကို ၂ သိန်း ပေးတယ်။ သူတို့က အဲလို ညှိသွား တယ်” ဟု ပြောပြသည်။
ယခုလို အမှုမှန်ပေါ်ပေါက်သဖြင့် နောက်လူများလည်း လုပ်ရဲမည် မထင်တော့ကြောင်း၊ သစ်သမားကလည်း မည်သူ့ကို မည်မျှ ပေးရသည်ကို အကုန်ဖော်တော့မည် ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ရခိုင်ပြည်နယ် တောင်ပိုင်းတွင် တရားမဝင် သစ်ဖမ်းသည့် အခါတိုင်းတွင် အရပ်သား ပြည်သူများကသာ ဦးဆောင်ပါဝင်လေ့ ရှိပြီး ၎င်းတို့ သတင်းရပါက သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်သို့ ဦးစွာ အကြောင်းကြားကြောင်း၊ ကိုယ်စားလှယ်က သတင်း အတည်ပြုပြီး ခိုင်မာပါက မြို့နယ် အုပ်ချုပ်ရေး မှူးကို အသိပေးရကြောင်း၊ ၎င်းထံမှ တဆင့် သစ်တောဌာန၊ ရဲတပ်ဖွဲ့များကို အ ကြောင်းကြားပေးခြင်း ဖြစ်ကြောင်း ဂွမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဝေက ပြောသည်။
ရခိုင်ပြည်နယ်တောင်ပိုင်း၊ ဂွမြို့နယ်တွင် တရားမဝင် သစ်ထုတ်လုပ်မှုများ ဆက်တိုက် ဖြစ်ပွားနေသော် လည်း ဌာနဆိုင်ရာ ပူးပေါင်း အဖွဲ့ များဖြင့် ဖမ်းဆီးရမိသည့်အခါ ကြိုတင်သတင်းပေါက်ကြားမှု ကြောင့် တရားခံကို မမိဘဲ ပိုင်ရှင်မဲ့သစ်များသာ ဖမ်းဆီရမိလေ့ ရှိကြောင်း ဒေသခံများထံမှ သိရသည်။
မြန်မာနိုင်ငံတွင် တရားမဝင် သစ်ခိုးထုတ်မှုများမှာ နိုင်ငံ၏ နေရာအနှံ့အပြားတွင် ဖြစ်ပွားလျက်ရှိပြီး ဖမ်းမိပါကလည်း ပိုင်ရှင်မဲ့သာ များလေ့ရှိသလို ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့သည် သစ်ခိုးထုတ်မှု အများဆုံး ဒေသများ ဖြစ်ကြောင်း သိရသည်။
နယ်စပ်ဒေသများနှင့် တိုင်းရင်းသား လက်နက်ကိုင်များ ရှိသည့် တချို့ နေရာဒေသများတွင် သစ်တောဌာနက ကာကွယ်ရေး ဝန်ကြီး ဌာန၏ အကူအညီကိုပါ ရယူပြီး တပ်မတော်နှင့်ပါ လိုက်လံ ဖမ်းဆီးရကြောင်း၊ သစ်တန်ချိန်ပေါင်းများစွာ ဖမ်းမိသည့် ဖြစ်စဉ်များ ရှိကြောင်း နေပြည်တော်တွင် ပြုလုပ်သည့် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ သတင်းစာ ရှင်းလင်းပွဲ ထုတ်ပြန်ချက်များအရ သိရသည်။
၂၀၁၇ ခုနှစ်၊ ဧပြီလမှ ၂၀၁၈ ခုနှစ် ဧပြီလအထိ သစ်တန်ချိန်ပေါင်း ၄၈၆၈၁ တန် ရှိပြီး သစ်ခိုးထုတ် သည့် တရားခံ ဦးရေ ၇၃၀၀၊ ယာဉ်ယန္တရား ၃၄၈၃ စီး ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းတို့အထဲတွင် ရှမ်းပြည်နယ်မှ အများဆုံး ဖြစ်ကြောင်း အစိုးရက တရားဝင် ထုတ်ပြန်ထားသည်။
You may also like these stories:
ဂွမြို့နယ်၌ ဖမ်းမိ သစ်ခိုးလှေ အစားထိုးထားဟုဆိုပြီး လွှတ်တော်ကိုယ်စားလှယ် မေးခွန်းထုတ်
သစ်မှောင်ခိုလုပ်ငန်းက မူးယစ်ဆေးဝါးပြီးရင် အမြတ်အစွန်း အများဆုံး
သစ်မှောင်ခို တားဆီးရေး ရဲတပ်ဖွဲ့နှင့် သစ်တောဌာန ပူးပေါင်းမှု အားနည်း၍ ထိရောက်ခြင်း မရှိဟု ဆို
ကျောက်ဆည် သစ်ခိုးမှုကွင်းဆက် တရားမဝင်သစ် တန် ၁၀၀ ကျော် ပိုင်ရှင်မဲ့ထပ်မိ