သတင်း

လုံခြုံရေးအရ ရခိုင်အစိုးရအဖွဲ့ စစ်ရှောင်စခန်းများသို့ သွားရောက်နိုင်ခြင်းမရှိ ဟုဆို

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အနေဖြင့် လုံခြုံရေး အခြေအနေကြောင့် စစ်ဘေးရှောင် စခန်းများအပါ အဝင် ပြည်နယ်၏ မြောက်ပိုင်းမြို့နယ်များသို့ သွားရောက်နိုင်ခြင်း မရှိကြောင်း သိရသည်။

ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် လတ်တလော လုံခြုံရေးအခြေအနေ စိတ်မချရသည့် အတွက် ပုဏ္ဏား ကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား စသည့် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မြို့နယ်များသို့ အုပ်ချုပ်မှုကိစ္စ အပါအဝင် စစ်ဘေးရှောင်စခန်းများသို့ ပြီးခဲ့သည့် နွေရာသီကာလကတည်းက မသွား ဖြစ်တော့ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင် ဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။

ဦးဝင်းမြင့်က “အဲဒီဘက်ကို သွားဖို့ လုံခြုံရေး အခြေအနေအရ ခွင့်မပြုလို့ မသွားဖြစ်တာ တော်တော် ကြာနေပြီ။ ဝန်ကြီးချုပ်လည်း အဲဒီဘက်ကို ခရီးမထွက်နိုင်ဘူး။ ကျနော်တို့လည်း ခရီးထွက်လို့ မရတဲ့ အနေအထားပဲ။ ရဲတပ်ဖွဲ့က ကျနော်တို့ကို လုံခြုံရေး အခြေအနေ စိတ်ချရမှ သွားသင့်တယ်လို့ သဘော ထား မှတ်ချက်ပေးတာ ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အလားတူ ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်များသို့လည်း ပြည်နယ် အစိုးရ အနေ ဖြင့် ခရီးသွားလာခြင်း မရှိတော့ဘဲ အစိုးရ ရုံးစိုက်ရာ စစ်တွေမြို့နယ်နှင့် တောင်ပိုင်းဒေသများ ဖြစ် သော သံတွဲ၊ တောင်ကုတ်၊ ကျောက်ဖြူ ၊ ဂွမြို့ နယ်များသို့ ခရီးသွားလာပြီး အုပ်ချုပ်မှုကိစ္စရပ်များနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွက်လျက် ရှိကြောင်း သိ ရသည်။

စည်ပင်ဝန်ကြီး ဦးဝင်းမြင့်က “ဟိုတလောကတောင် မောင်တောမြို့အဝင်မှာ ဗုံးပေါက်တယ်ဆိုပြီး ကြားတယ်။ လုံခြုံရေး ကြောင့် အဲဒီဘက်ကိုလည်း ကျနော်တို့ မသွားဖြစ်တော့ဘူး” ဟု ဆက်လက် ပြောကြားသည်။

မြောက်ဦးမြို့နယ် တိမ်ညို စစ်ရှောင်စခန်း(မင်းအောင်ခိုင်/ဧရာဝတီ)

လက်ရှိတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေး ရှောင် အရေအတွက်မှာ တနေ့ထက်တနေ့ များပြားလာနေပြီး စစ်ဘေးရှောင်ပြည်သူများ အတွက် ကူညီထောက်ပံ့ရေးနှင့် ပတ်သက်၍ အစိုးရ အဖွဲ့ အပေါ် ဝေဖန်မှု မြင့်တက်လျက် ရှိသည်။

တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ နှစ်ဖက်စစ်ရေး လှုပ်ရှားမှု အခြေအနေများကြောင့် အိုးအိမ်များကို စွန့်ခွာပြီး ထွက်ပြေး ခိုလှုံနေရ သော စစ်ဘေးဒုက္ခသည် ၆ သောင်းကျော် အထိ တိုးလာနေကြောင်း ရခိုင်တိုင်း ရင်းသား မျိုးနွယ်စု အစည်းအရုံး (Rakhine Ethnic Congress -REC) က ထုတ်ပြန်ထားသည်။

REC ဥက္ကဋ္ဌ ဦးရွှေဘော်စိန်က “ကျနော်တို့ ကွင်းဆင်း ကောက်ယူရရှိထားတဲ့ စာရင်းအရ စစ်ဘေး ရှောင် ၆ သောင်းကျော် ရှိနေပြီ။ စားဝတ်နေရေး၊ ကျန်းမာရေး အများကြီးပဲ။ နေမကောင်းရင် ဆေးခန်းသွားပြဖို့ ကားခ၊ စက်လှေခ လမ်းစရိတ်က မရှိဘူး။ ဒုက္ခရောက်ရင်လည်း ဒီအတိုင်း နေကြ ရတာပဲ။ သူတို့က(အစိုးရ) လုံခြုံရေးကြောင့် မလာနိုင်ဘူး။ မကူညီနိုင်ဘူး ဆိုရင် စစ်ဘေးရှောင် ပြည်သူတွေက ဒီအတိုင်း ငတ်သေကြမှာလား။ ကျေးရွာအုပ်ချုပ်ရေး၊ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့တွေ ကို သေချာ လမ်းညွန်ပြီးတော့ စခန်းတွေမှာ ဘာတွေ လိုအပ်နေလဲဆိုတာ ကွင်းဆင်းပြီး စာရင်းပြုစု သင့်တယ်” ဟု ဧရာ ဝတီသို့ ပြောသည်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု ဦးဆောင်သော ရခိုင်ပြည်နယ် အစိုးရအဖွဲ့သည် လုံခြုံရေး အခြေ အနေကြောင့် ရခိုင် မြောက်ပိုင်းမြို့နယ်များသို့ ခရီးသွားလာမှု မပြုနိုင်ခြင်းနှင့် ပတ်သက်ပြီး ဧရာဝတီ မှ ပြည်နယ် ရဲတပ်ဖွဲ့မှူးထံ ဆက်သွယ် မေးမြန်းခဲ့ရာ ရဲမှူးကြီး ကြည်လင်းကတော့ တစုံတရာ မှတ်ချက် မပြုပေ။

သို့သော် လက်ရှိအခြေအနေတွင် ရဲတပ်ဖွဲ့ဝင်များကို လုပ်ကြံသတ်ဖြတ်မှုများလည်း ရှိနေပြီး ယိုး တရုတ်ရဲစခန်းမှ စခန်းမှူး၊ ကျောက်တော်ရဲတပ်ဖွဲ့မှူးတို့မှာ လူပုံအလယ်ဓားဖြင့် ထိုးကာ သတ်ဖြတ် မှုများ ဖြစ်ပေါ်သကဲ့သို့ ၊ ကျောက်တော်မြို့တွင် ကုန်စုံဆိုင်ရောင်းသည့် လင်မယားမှာ မကြာသေးမီက သတ်ဖြတ်ခံခဲ့သည်။

ဘူသီးတောင်မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေကလည်း ရခိုင်ပြည်နယ် အစိုး ရ အဖွဲ့ အနေဖြင့် စစ်ဘေးရှောင် ပြည်သူများ အပေါ် ကူညီထောက်ပံ့မှု မလုပ်နိုင်သည့်အတွက် တခြားအလှူရှင်များကိုပါ ပိတ်ပင်ထားသည်မှာ လူ့အခွင့်အရေးကို ချိုးဖောက်ရာ ရောက်ကြောင်း ပြောဆိုသည်။

နှစ်ဘက်တိုက်ပွဲများကြောင့် ဝါးတောင် စစ်ရှောင်စခန်းတွင် လာရောက်ခိုလှုံနေကြသည့် ကျောက်တော် ဒေသခံများ (ဓာတ်ပုံ – ကျော်ခ)

ဦးအောင်သောင်းရွှေက “အစိုးရ အဖွဲ့က အကူအညီပေးတဲ့ ကိစ္စတွေ အပေါ်မှာတော့ ကျနော်အနေနဲ့ အားရကျေနပ်မှု မရှိ ဘူးလို့ပဲ ပြောချင်တယ်။ ထမင်းတနပ်ကို ငွေ ၃၀၀ နှုန်းထားပေးတယ်ဆိုတာ ပြည်မမှာ ခွေးတွေကို ပေးတာလောက် တောင်မရှိဘူး။ ဒါက အလွန်တရာ ခွဲခြားဆက်ဆံသလို ဖြစ်နေတယ်။ နောက်တခါ သူတို့ မပေးနိုင်ရင်လည်း နေပါစေ။ သူများတွေ ပေးတာတွေကိုလည်း ပိတ်ပင် တားဆီးနေတယ်။ ဒီဟာတွေက အစိုးရတရပ် အနေနဲ့ လူ့အခွင့်အရေးချိုး ဖောက်နေတာမှာ ပါဝင်နေသလို လူမျိုးရေး အရ ခွဲခြားလုပ်နေသလိုပဲ မြင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ရခိုင်ပြည်နယ် ဘေးအန္တာရာယ် စီမံခန့်ခွဲရေး ဦးစီး ဌာနမှ ပြည်နယ် ဦးစီးမှူး ဦးရဲမင်းဦးက နှစ်ဖက်တိုက်ပွဲကြောင့် စစ်ဘေးဒုက္ခသည် ဦးရေမှာ ၈ သောင်းကျော် အထိရှိခဲ့သော် လည်း လက်ရှိ ကောက်ယူရရှိထားသော စာရင်းအရ စစ်ရှောင်ဦးရေးမှာ ၂၉၂၈၇ ဦးသာ ရှိကြောင်း ပြောဆိုသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်များတွင် စုရပ် စခန်းပေါင်း ၁၁၂ ခု၊ အိမ်ထောင်စု ၆၉၇၉ စု၊ လူဦးရေ ကျား-မ ၂၉၂၈၇ ဦးအား ဌာနအနေဖြင့် စားနပ်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်း အပါအဝင် ငွေကျပ် ၁ ဒသမ ၄၅ ဘီလီယံကို ကူညီ ထောက်ပံ့ပေးထားကြောင်းလည်း ပြောသည်။

ပြည်နယ် ဦးစီးမှူး ဦးရဲမင်းဦးက “ကျနော်တို့အနေနဲ့ သွားလို့ ရလောက်တဲ့ စခန်းတော်တော်များများ ကို လူကိုယ်တိုင် သွား ရောက် ထောက်ပံ့ပေးတာ ရှိတယ်။ လမ်းခရီး အခြေအနေကြောင့် သွားလာလို့ မရတဲ့ စခန်းတွေကိုတော့ သက်ဆိုင်ရာ ထွေ/အုပ်တွေကနေ တဆင့် ကူညီထောက်ပံ့ပေးတာတွေ ရှိပါ တယ်။ သို့သော်လည်း ဘေးဒုက္ခရောက်ပြီး ထွက်ပြေးလာ ကြတဲ့ လူတွေဆိုတော့ သူတို့မှာ လိုအပ်ချက် ကတော့ အများကြီးပဲ။ ကျနော်တို့ကတော့ ကူညီလို့ ရသလောက်တော့ ကူညီ ပေးနေပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ စစ်ဘေးရှောင် ဒုက္ခသည်များအတွက် အချိန်မီ လူနေအိမ် အဆောင်များ ဆောက်ပေးရန် စီစဉ် ထားပြီ ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားသော်လည်း မြေပြင်အခြေအနေ တွင် စစ်ဘေးရှောင် ဒုက္ခသည်များမှာ ကိုယ် ထူကိုယ်ထ ဆောက်လုပ်ကာ ဖြစ်သလို နေထိုင်ရကြ ကြောင်း သိရသည်။

နှစ်ဘက်တိုက်ပွဲများကြောင့် ဝါးတောင် စစ်ရှောင်စခန်းတွင် လာရောက်ခိုလှုံနေကြသည့် ကျောက်တော်ဒေသခံများ (ဓာတ်ပုံ – ကျော်ခ)

ရခိုင်ပြည်နယ် အတွင်း နှစ်ဖက် တိုက်ပွဲဖြစ်ပွားနေမှု အခြေအနေများကြောင့် ရန်ကုန်- စစ်တွေ ကား လမ်းမ တလျှောက် တွင် လုံခြုံရေး ယာဉ်တန်းများ မကြာခဏ မိုင်းခွဲ တိုက်ခိုက်ခံရမှုများ ရှိပြီး သြဂုတ် ၂၀ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့ နယ်အတွင်း လုံခြုံရေးယာဉ်တန်း မိုင်းခွဲ တိုက်ခိုက်ခံရ သည့် ဖြစ်စဉ်ကြောင့် ဒုရဲမှူး ၁ ဦး အပါအဝင် တပ်ဖွဲ့ဝင် ၂ ဦး သေဆုံး ခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ယခုနှစ် ဇန်နဝါရီလ ၁ ရက်က ကျောက်ဖြူမြို့နယ်မှ ပြန်လာသော ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၏ ယာဉ်တန်းမှာ မင်း ပြားမြို့နယ်နှင့် မြောက်ဦးမြို့နယ်ကြားတွင် မိုင်းခွဲ တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့သည်။

ထိုသို့ မိုင်း ၃ လုံး ဆက်တိုက်ပေါက်ကွဲမှုကြောင့် ဝန်ကြီးချုပ် ဦးညီပု လိုက်ပါလာသော်ယာဉ်မှာ ထိခိုက်မှု မရှိသော်လည်း ခရိုင် အုပ်ချုပ်ရေးမှူး စီးနင်း လိုက်ပါလာသော်ကားမှာ ထိခိုက် ပျက်စီးမှု ဖြစ်ပွားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ပွဲကာလ အတွင်း အရပ်သား သေဆုံးသူ ၆၃ ဦး၊ မြေမြှုပ် မိုင်းနှင့် စစ်ကျန် လက်နက်ကြီး ကျည်ဆန် ပေါက်ကွဲမှုတို့ကြောင့် ထိခိုက်ဒဏ်ရာရသူ ၅၃ ဦး၊ ပျောက်ဆုံးနေသူ ၉ ဦး၊ ဖမ်းဆီးခံရသူ ၁၅၆ ဦး ရှိကြောင်း ဇူလိုင်လ အတွင်းက ထုတ်ပြန်သော REC ၏ စာရင်းအရ သိရှိရသည်။

ယင်းနောက်ပိုင်းတွင်းလည်း ဒေသခံများ အနေဖြင့် သေဆုံးမှု၊ ထိခိုက် ဒဏ်ရာရရှိမှု၊ ဖမ်းဆီးခံရမှုများ ရှိနေသည့်အတွက် နောက်ထပ် တိုးလာသည့် သေဆုံးသူ၊ ထိခိုက်သူ အရေအတွက်အတိအကျကိုမူ စာရင်း မပြုစုနိုင်သေးပေ။

ဆက်စပ်ဖတ်ရန်

ကျောက်တော်က ကုန်စုံဆိုင်ပိုင်ရှင်များ အသတ်ခံရ

ယိုးတရုတ်စခန်းမှူး ဓားထိုးခံရ၍ သေဆုံး

You may also like these stories:

ကျယ်ပြန့် လာနေသော ရခိုင်စစ်မီး

ပုဏ္ဏားကျွန်းရှိ စစ်ဘေးရှောင်စခန်း တပ်မတော် ဝိုင်းထား

Loading