ပုသိမ်မြို့စက်မှုဇုန်ရှိ Myanmar Knitting အထည်ချုပ်စက်ရုံမှ ဆန္ဒပြအလုပ်သမားများ၏ တောင်းဆိုချက် ၄၅ ချက်ကို စက်ရုံဘက်မှ လိုက်လျောပေးခဲ့သည့်အတွက် စက်ရုံရှေ့၌အလုပ်မဆင်းဘဲ သပိတ်မှောက်နေသည့် အလုပ်သမားဆန္ဒပြပွဲကို ရုပ်သိမ်းခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် အလုပ်ပြန်ဆင်းခဲ့ကြောင်း သတင်းရရှိသည်။
တရုတ်နိုင်ငံသားပိုင် Myanmar Knitting အထည်ချုပ်စက်ရုံအလုပ်ခွင်တွင် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံ နေရသည့်အတွက် စက်ရုံအလုပ်သမား ၁၀၀၀ ကျော်က စက်တင်ဘာ ၂ ရက်နေ့မှစတင်၍ အလုပ်မဆင်းဘဲ သပိတ် မှောက်ကာ စက်ရုံရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ၃ ရက်ဆက်တိုက် ဆန္ဒဖော်ထုတ်မှုများ ဖြစ်ပွားပြီးနောက် ပြေလည်မှု ရရှိသွားခြင်းဖြစ်သည်။
အလုပ်သမားခေါင်းဆောင် တဦးဖြစ်သူ မနွယ်နွယ်လွင် က “ကျမတို့အလုပ်သမားတွေရဲ့တောင်းဆိုချက် ၄၅ ချက်ကို စက်ရုံ တာဝန်ရှိသူများနဲ့ အလုပ်သမားခေါင်းဆောင်များ အကြေအလည် ဆွေးနွေးညှိနှိုင်းခဲ့ရာမှာ အချက်အားလုံး ပြေလည်ပြီး သဘောတူညီချက်တွေ ရခဲ့ပါတယ်။ အခုလို ကျမတို့ အလုပ်သမားတွေအတွက် အမှန်တကယ် ဖြည့်ဆည်းပေးဖို့ လိုအပ်နေတဲ့အချက်တွေ ရခဲ့ပြီဖြစ်လို့ ကျမတို့ အေးချမ်းစွာနဲ့ အလုပ်ခွင်ကို ပြန်ဆင်းနေကြပြီ ဖြစ်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။
အလုပ်သမားများ၏ တောင်းဆိုချက်များမှာ အချိန်ပိုဆင်းချိန်၌ အိမ်သာတက်ခွင့် ပေးရန်၊ အိမ်သာတံခါးများ ပျက်စီး နေသည်ကို ပြုပြင်ပေးရန်၊ စက်ရုံအတွင်း လေပန်ကာနှင့် ရေသန့်ဗူးများ လုံလောက်စွာ ထားပေးရန်၊ အခါကြီး ရက်ကြီး များနှင့် နိုင်ငံတော်ရုံးပိတ်ရက်များတွင် အလုပ်ပိတ်ပေးရန်၊ အရေးပေါ်ထွက်ပေါက်များ ပိတ်မထားရန်၊ အထည်မှားလျှင် ၅၀၀ ကျပ်၊ အပ်ကျိုးလျှင် ၅၀၀၀ ကျပ်ပေးလျော်ခိုင်းမှု မပြုလုပ်ရန်စသည့် လုပ်ငန်းခွင်ဆိုင်ရာ တောင်းဆိုချက် ၃၉ ချက် ရှိပြီး လုပ်အားခဆိုင်ရာတောင်းဆိုချက် ၆ ချက်၊ စုစုပေါင်း ၄၅ ချက် တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အလုပ်သမား ၁၀၀၀ ကျော်မှာ စက်တင်ဘာလ ၂ ရက်နေ့က စက်ရုံရှေ့တွင် အလုပ်မဆင်းဘဲ စတင်ဆန္ဒပြခဲ့ပြီး ယင်းနေ့တွင် အလုပ်သမားခေါင်းဆောင်များနှင့် ညှိနှိုင်းဆွေးနွေးခြင်းမရှိဘဲ ဆန္ဒပြပွဲဦးဆောင်သူ အလုပ်သမား ခေါင်းဆောင် ၇ ဦးနှင့် ကူညီပေးသူ ၁ ဦးတို့ကို ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့က ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၉ ဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့သည်။
အလုပ်သမားခေါင်းဆောင်များကို တရားစွဲဆိုသော်လည်း ဆန္ဒပြပွဲမှာ ရပ်တန့်မသွားဘဲ စက်တင်ဘာ ၃ ရက်နေ့တွင် စက်ရုံရှေ့၌ အလုပ်သမား ၁၀၀၀ ကျော် ထပ်မံဆန္ဒပြခဲ့ပြီး ယင်းနေ့ညနေပိုင်းတွင် Myanmar Knitting စက်ရုံမှ တာဝန်ရှိသူများနှင့် အလုပ်သမားခေါင်းဆောင်များ ဆွေးနွေးညှိနှိုင်းခဲ့ရာ လုပ်ငန်းခွင်ဆိုင်ရာ တောင်းဆိုချက် ၃၉ ချက်ကို စက်ရုံဘက်မှ လိုက်လျောခဲ့သော်လည်း လုပ်အားခဆိုင်ရာ တောင်းဆိုချက် ၆ ချက်ကို လိုက်လျောရန် ငြင်းဆန်ခဲ့ကြောင်း သိရသည်။
ထို့နောက် စက်တင်ဘာလ ၄ ရက်တွင် စက်ရုံတာဝန်ရှိသူများက Myanmar Knitting အထည်ချုပ်စက်ရုံကို တစ်ရက် ပိတ်ခဲ့သော်လည်း စက်ရုံအလုပ်သမား ၁၀၀၀ ကျော်က ပိတ်ထားသည့်စက်ရုံရှေ့တွင် ၃ ရက်မြောက် ဆက်လက် ဆန္ဒဖော်ထုတ်ခဲ့သည်။ ထို့ကြောင့် Myanmar Knitting အထည်ချုပ်စက်ရုံဆန္ဒပြမှုမှာ ပုသိမ်မြို့ စက်မှုဇုန်တွင် ရက်အရှည်ဆုံး အလုပ်သမားဆန္ဒဖော်ထုတ်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
အလုပ်သမားအချင်းချင်း ရိုင်းပင်းကူညီရေးအဖွဲ့ ပုသိမ်ရုံးခွဲတာဝန်ခံ ဒေါ်ခခ က “အလုပ်သမားတွေတောင်းဆိုတဲ့ အချက် ၃၀ ကျော်က အလုပ်သမားတွေ တောင်းစရာမလိုဘဲ စက်ရုံဘက်က မဖြစ်မနေ လုပ်ပေးရမယ့် အရာတွေပါ။ ဒါတွေကို စက်ရုံဘက်က လုပ်မထားတဲ့အတွက် စက်ရုံအပေါ် ကြီးကြပ်မှုတွေ ဘယ်လောက် လျော့ရဲသလဲ၊ စက်ရုံဘက်က အလုပ်သမား အခွင့်အရေး ဘယ်လောက်ချိုးဖောက်ထားသလဲ ဆိုတာ အရမ်း ပေါ်လွင်ပါတယ်။ ဒီနေ့တော့ အလုပ်သမားတွေရဲ့ တောင်းဆိုချက် ၄၅ ချက်ကို အလုပ်ရှင်နဲ့ အလုပ်သမားကြား နှစ်ဖက် သက်သေတွေနဲ့ စာချုပ်ချုပ်ဆိုဖို့ ကူညီပေးနေပါတယ်” ဟု ပြောသည်။
Myanmar Knitting အထည်ချုပ်စက်ရုံ အလုပ်သမားပြဿနာ ပြေလည်သွားသော်လည်း ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့က ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် တရားစွဲထားသည့် အလုပ်သမားအချင်းချင်း ရိုင်းပင်းကူညီရေးအဖွဲ့မှ ဒေါ်ခခ၊ အလုပ်သမား ခေါင်းဆောင် မမေမြတ်သူ၊ မနှင်းနွယ်လွင်၊ မချိုမီခိုင်၊ ကိုအောင်နိုင်ဝင်း၊ ကိုအောင်ဆန်းဦး၊ ကိုဝင်းဇော်ထွေးနှင့် ဒေါ်ယဉ်ယဉ်အေးတို့မှာ ပုသိမ်မြို့နယ်တရားရုံးတွင် အမှုဆက်လက်ရင်ဆိုင်သွားရမည်ဖြစ်သည်။
“အလုပ်သမားတွေကို ကူညီရင်း တရားစွဲခံထားရတဲ့ ဒီအမှုကို ဥပဒေအကျိုးဆောင်တွေနဲ့ တိုင်ပင်နေပါတယ်။ ဥပဒေအတိုင်း ဆက်လက်ရင်ဆိုင်သွားမှာပါ” ဟု တရားစွဲခံထားရသူ ဒေါ်ခခက ပြောသည်။
ပုသိမ်စက်မှုဇုန်ရှိ အကြီးဆုံးစက်ရုံများထဲတွင် တခုအပါအဝင်ဖြစ်သော Myanmar Knitting အထည်ချုပ်စက်ရုံတွင် ဧရာဝတီတိုင်းမှ အလုပ်သမားပေါင်း ၄၀၀၀ ကျော် ဝင်ရောက်လုပ်ကိုင်နေပြီး အဆိုပါ စက်ရုံမှချုပ်လုပ်သည့် အဝတ် အထည်များကိ ဥရောပဈေးကွက်သို့ တင်ပို့ရောင်းချကြောင်း သိရသည်။
You may also like these stories:
ပုသိမ်တွင် Mytel ကုမ္ပဏီကို ဆန္ဒပြမှု ဖြစ်ပွား
ပုသိမ်အလုပ်သမား ဆန္ဒပြခေါင်းဆောင် ၈ ဦး ငြိမ်းစုစီဥပဒေဖြင့် တရားစွဲခံရ