ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ ဥယျာဉ်သာကျေးရွာတွင် ရက္ခိုင်စစ်တပ် (AA) အဖွဲ့ အခြေပြု နေထိုင်သည်ဟုဆိုကာ စက်တင်ဘာ ၄ ရက်နေ့က နယ်မြေရှင်းလင်းရေးပြုလုပ်၍ သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်မှ ပြောခွင့် ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောသည်။
ဗိုလ်မှူးကြီး ဝင်းဇော်ဦး က “ဥယျာဉ်သာ ရွာကို ကျနော်တို့ ဘယ်နှစ်ရက် တိုက်ရလဲ ဆိုတာ ရွာသားတွေ သိတယ်။ ရွာမှာ AA အခြေပြုပြီး နေတာ ၃ ရက်လောက်ရှိပြီ။ ကျနော်တို့ မနေ့က ညနေ ၄ နာရီလောက်မှာပဲ ဥယျာဉ်သာရွာကို နယ်မြေရှင်းလင်းရေး လုပ်ပြီးမှာ အဲဒီရွာကိုရတာ” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ဥယျာဉ်သာ ကျေးရွာမှာ အိမ်ခြေ ၅၃ လုံးရှိပြီး ဇူလိုင်လအတွင်း ကလည်း ကျေးရွာအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရသည့်အတွက် ရွာလုံးကျွတ် နီးစပ်ရာ ကြာညိုပြင် စစ်ဘေးရှောင် စခန်း များသို့ ထွက်ပြေးနေရကြောင်းလည်း ကျေးရွာသားများက ပြောသည်။
AA သတင်းပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခ က “ဒီလို စွပ်စွဲချက်တွေက အခြေအမြစ်မရှိတဲ့ ပြောဆို ချက်တွေသာ ဖြစ်တယ်၊ ကျနော်တို့ဘက်က အဲဒီရွာထဲမှာလည်း ဝင်နေတာ မရှိဘူး၊ မနေ့က အဲဒီရွာဘက်မှာ တိုက်ပွဲလည်း မဖြစ်ဘူး၊ သူတို့ ရွာထဲကို ပစ်ခတ်ပြီးဝင်လာပြီးတော့ နေအိမ်တွေကို ဝင်မီးရှို့သွားတာ” ဟု ဧရာဝတီသို့ ပြောသည်။
တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ပြီးသည့်နောက်ပိုင်း ယမန်နေ့ည နေပိုင်းက ဥယျာဉ်သာရွာနှင့် ဆင်သည်ပြင် ဘင်္ဂါလီကျေးရွာတို့မှာ နေအိမ်များ မီးလောင် ကျွမ်း မှုဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။
ဘူသီးတောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကို ယ်စားလှယ်ဦး အောင် သောင်းရွှေက “မနေ့က ဥယျဉ်သာ ရွာကိုတပ်က ဝင်ပြီး မီးရှိူ့ခံရတယ်လို့ ရွာသားတွေက ကျနော်ကို သတင်းပို့တာရှိတယ်။ အဲဒီဘက် ရွာတွေမှာ လူတွေ တယောက်မှ မရှိကြတော့ သေချာတော့ ကျနော်လည်း မသိဘူး။ တပ်က နွားရုံတောင်တို့ စံဂိုးတောင်ရွာတို့မှာ တပ်စွဲထားတာ ၁ လ ကျော် လောက်ရှိပြီဆိုတော့ ရွာသားတွေက အဲဒီဘက်ကို တယောက်မှလည်း သွား မကြည့်ရဲကြဘူး” ဟုဧရာဝတီသို့ ပြောသည်။
ဗိုလ်မှူးချုပ် ဝင်းဇော်ဦးကတော့ AA အဖွဲ့သည် ဥယျာဉ်သာ ကျေးရွာအတွင်း ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်း စသည့်နေရာများက ပစ်ကျင်းများ တူး၍ ပစ်ခတ်သည့် သက်သေအထောက်များကို ရရှိထားကြောင်း၊ AA သည် ဆင်သည်ပြင် ဘင်္ဂါလီကျေးရွာသို့ ဆုတ်ခွာသည့်အတွက် လိုက်လံ၍ နယ်မြေရှင်းလင်ရေးများကို လုပ်ဆောင်ခဲ့ပြီး ယမန်နေ့ တိုက်ပွဲ အတွင်း AA အဖွဲ့ထံမှ ရုပ်အလောင်း ၅ လောင်း ရရှိကြောင်း ဧရာဝတီသို့ ပြောသည်။
ဗိုလ်မှူးကြီး ဝင်းဇော်ဦးက “AA အဖွဲ့ကနေပြီးတော့ အဲဒီရွာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေက နေရာယူ ပြီးတော့ ပစ်တယ်။ သူပစ်ကိုယ်ပစ်တော့ အဲဒီရွာတွေ မီးမလောင်ရင် ဘယ်ရွာမီးလောင်မလဲဗျာ။ အဲဒီမှာ AA အလောင်း ၅ လောင်းရတာ ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဘူူူးသီးတောင်မြို့နယ်ထဲက စံဂိုးတောင်ကျေးရွာအုပ်စုတွင် ရခိုင်တိုင်း ရင်းသား ကျေးရွာဖြစ်များဖြစ်သည့် နွားရုံတောင်၊ ရှစ်ရှားတောင်၊ ဥယျာဉ်သာနှင့် ဘင်္ဂါလီကျေးရွာဖြစ်များဖြစ်သည့် ဆင်သည်ပြင်၊ ဂေါင်းတိုက် စသည့် ကျေးရွာပေါင်း ၆ ရွာရှိပြီး လက်ရှိအချိန်တွင် အဆိုပါ ကျေးရွာအားလုံးမှာ ရွာလုံးကျွတ် ထွက်ပြေး နေကြရသည်။
ဆင်သည်ပြင် ဘင်္ဂါလီကျေးရွာမှ ဦးမာမွတ်ဂျော်နီ က “ကျနော်တို့ ထွက်ပြေးရေတာတာ အခု ဆိုရင် ၇ ရက်ရှိပြီ အဝတ်အစားက အစ ဘာမှ ယူချိန်မရဘူး။ ဒီအတိုင်းထွက်ပြေးလာခဲ့ကြတာ။ ရွာမှာ အစောင့် ၆ ယောက် ကျန်ခဲ့တာလည်း မနေက ရွာမီးလောင်တော့ သူတို့လည်း ထွက်ပြေးလာခဲ့ရတယ်။ ဒီနေ့လည်း အဲဒီဘက်မှာ မီးလောင်နေတယ်။ ဘယ်ရွာလောင် တာလည်းဆိုတာ မိုးရွာလို့ မှန်းလို့ မရဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ဆင်သည်ပြင် ဘင်္ဂါလီကျေးရွာတွင် အိမ်ခြေ ၃၀၀ ကျော်ရှိပြီး သြဂုတ်လ လကုန်ပိုင်းက ကျေးရွာအတွင်း လက်နက်ကြီး ကျရောက်ပေါက် ကွဲသည့် အတွက် ရွာသား ၈ ဦး ထိခိုက်ဒဏ်ရာရပြီး အမျိုးသမီး ၁ ဦး သေဆုံး သွားခဲ့ကြောင်း ဦးမာမွတ်ဂျော်နီက ပြောသည်။
လက်ရှိအချိန်တွင် အဆိုပါ ဆင်သည်ပြင် ဘင်္ဂါလီကျေးရွာသားများမှာ ဘူးသီးတောင်မြို့နယ်အတွင်းက ထိပ်တူးပေါက် ကျေးရွာသို့ ထွက်ပြေးခိုလှုံ နေရကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA တို့ နှစ်ဘက် တိုက်ပွဲဖြစ်ပွား မှုကြောင့် လက်ရှိအချိန်တွင် စစ်ဘေးရှောင် အရေအတွက် ၆ သောင်း ကျော် အထိ တိုးလာနေသည်။