သတင်း

မနက်ဖြန် နေ့လယ်မှသာ ရန်ကုန်လေဆိပ်သို့ ပြည်ပလေယာဉ်များ ဆင်းသက်နိုင်မည်

ယနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့သော တပ်မတော် လေယာဉ်တစင်း ပြေးလမ်းချော်မှုကြောင့် ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ဆင်းသက်မည့် ပြည်ပ လေကြောင်းလိုင်း ခရီးစဉ်များအား စက်တင်ဘာလ ၆ ရက်နေ့လယ်ပိုင်း အချိန်မှသာ ပြန်လည် ဆင်းသက်ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ဒု ညွှန်ကြားရေးမှူးချုပ် ဦးရဲ ထွဋ်အောင်က “လေယာဉ်ဘီးက မြေပျော့ထဲမှာ ကျွံနေတာရယ် အခု ညနေပိုင်းမှာ မိုးရွာလိုက်တဲ့အတွက် ပိုပြီး လုပ်ရခက် နေတယ်။ ဒီနေ့ကတော့ မပြီးနိုင်တော့ဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့သည့် တပ်မတော်လေယာဉ် (ဓာတ်ပုံ- Department of Civil Aviation Myanmar)

ယနေ့ ညနေပိုင်းတွင် ပြည်တွင်း ခရီးစဉ်များမှ လေယာဉ် ၁ဝ စီးကျော်ကို ရန်ကုန်လေဆိပ်သို့ ဆင်းသက်ခွင့်ပြုပေးခဲ့ပြီး ပြည်ပ လေယာဉ်ခရီးစဉ်များကိုမူ ဆင်းသက်ခွင့်မပြုနိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ယင်းဖြစ်စဉ်ကြောင့် တရုတ်၊ ဟောင်ကောင်၊ ဂျပန်၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ကာတာ စသည်နိုင်ငံများ အပါအဝင် မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးစဉ် ပြည်ပနိုင်ငံများမှ ခရီးစဉ်၂၀ ကျော်ကို ဖျက်သိမ်းခဲ့ရကြောင်း ဦးရဲထွဋ်အောင်က ပြောဆိုသည်။

ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့သည့် တပ်မတော်လေယာဉ် (ဓာတ်ပုံ- Department of Civil Aviation Myanmar)

ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ Shaanxi Y- 8 အမျိုးအစား တပ်မတော် လေ ယာဉ်သည် အတက်၌ ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ (Y-8) လေယာဉ်တွင် လေယာဉ်မှူး ဦးစီး၍ အဖွဲ့ဝင် ၆ ဦးပါပြီး ညောင်တုန်း အနောက်ဘက် ခြမ်း သို့ လေ့ကျင့်ပျံ သန်းရန် နံနက် ၁၀ နာရီ ခွဲခန့်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေယာဉ် ပြေးလမ်းအမှတ်( ၂၁) မှ စတင်ပျံသန်း စဉ် လေယာဉ်၏ N0.1 အင်ဂျင်ပန်ကာ ရှေ့ဆွဲအား လျော့ကျပြီး တစ်ဘက်သို့ဆွဲသွားကာ ပြေးလမ်း၏ ပေ ၂၃၀၀ ခန့်တွင် ဘယ်ဘက်သို့ လေယာဉ် ဘီးချော်၍ မြေကျွံမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ရုံးက ထုတ်ပြန်သည်။

ဆက်စပ်ဖတ်ရှု့ရန်

ရန်ကုန်လေဆိပ်တွင် တပ်မတော်လေယာဉ်ပြေးလမ်းချော်၍ ပြည်ပ ခရီးစဉ်တချို့ရပ်ဆိုင်း

Loading