ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအနေဖြင့် လမ်းဘေးကျူးကျော်ဈေးသည်နှင့် ကား ပါကင် ကြေးကို ကောက်ခံရခြင်း မရှိသည့်အတွက် ဘဏ္ဍာငွေ ကျပ် ဘီလျံချီ ဆုံးရှုံးနေရကြောင်း ရန်ကုန်တိုင်းဒေသကြီး စည်ပင် သာယာရေး ဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။
“ဘဏ္ဍာငွေ အလေအလွင့်ဖြစ်နေတာ ၂ ခုရှိတယ်။ အဲဒီဝင်ငွေတွေက ဘီလျံလောက်ရှိတယ်။ နိုင်ငံတော် ကို မဝင်ဘူး။ မဝင်တဲ့အတွက် ကားပါကင်ကြေး ကောက်မယ်ဆိုတော့လည်း ဝိုင်းကန့်ကွက်ကြလို့ အကောင်အထည် မဖော်နိုင်သေးပါ ဘူး” ဟု မြို့တော်ဝန် ဦးမောင်မောင်စိုးက စက်တင်ဘာ ၂ ရက်နေ့က မြို့တော်ခန်းမတွင် ပြုလုပ်သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ နှင့် သတင်း မီဒီယာများနှင့် တွေ့ဆုံပွဲတွင် အထက်ပါ အတိုင်း ပြောကြားခြင်းဖြစ်သည်။
ဆက်လက်ပြီး ၎င်းက “လမ်းဘေးကျူးကျော်ဈေးသည်တွေ YCDC ကလည်း ဈေးကောက် မကောက် ဘူး။ သို့သော်လည်း လမ်းပေါ်တက်ရောင်းနေတဲ့ ဈေးသည်တွေကို တစ်ယောက်ချင်း လိုက်မေးကြည့် ဈေးကောက်မပေးရဘူးလားဆိုတော့ ပေးနေရတယ်။ နောက်ပြီး ကျနော်တို့ အခုထိ ကားပါကင်ကြေး မကောက်သေးဘူး သို့သော်လည်း ကားပါကင်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ယူပြီးတော့ ကောက်နေကြ တယ်”ဟု ဆိုသည်။
လမ်းဘေးဈေးသည်အချို့ကလည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီယူနီဖောင်းနှင့် မဟုတ်သော်လည်း စည်ပင်သာယာရေးကော်မတီမှဟု ပြောဆိုကာ ငွေကောက်ခံမှု ရှိကြောင်း ပြောဆိုကြသည်။
ကျောက်တံတားမြို့နယ်တွင် ဈေးရောင်းချသည့် ဦးဝေဖြိုးက “တစ်ရက် ၂၀၀ လိုင်းကြေးဆိုပြီး လာ ကောက်တယ်။ ယူနီဖောင်းနဲ့တော့ မဟုတ်ဘူး အပြင်အဝတ်အစားနဲ့ပဲ စည်ပင်ကလို့ ပြောပြီးကောက် တာ လာကောက်တဲ့သူက ၃ လတခါ ပြောင်းပြောင်းကောက်တယ်။ မပြောင်းခင် ဂျူတီချိန်းပြီးဆိုပြီး မိတ်ဆက်ပေးသွားတယ်”ဟု ပြောသည်။
ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့က လမ်းဘေး ဈေးသည်များကြောင့် ရန်ကုန်မြို့တွင်း ယာဉ် အသွားအလာ၊ လူ အသွားအလာများ အနှောင့်အယှက် မဖြစ်စေရန် ရည်ရွယ်ကာ ကမ်းနားလမ်း တလျှောက်တွင် ညဈေးတန်းအဖြစ် ၂၀၁၇ ခုနှစ်မှ စတင်၍ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာနှင့် လမ်းမတော် မြို့နယ်ရှိ ဈေးသည်များကို ဈေးဆိုင်ခန်းပေါင်း ၁၆၀၀ ကျော် နေရာချထားပေးခဲ့သည်။
ထို့ပြင် ရန်ကုန်မြို့တွင်း ၆ မြို့နယ်တွင် ပြုလုပ်မည့် စမတ်ကားပါကင်စနစ်ကိုလည်း တင်ဒါခေါ်ယူ နိုင်ရန် စီစဉ်လျက် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မှသိရသည်။
You may also like these stories:
ရန်ကုန်စည်ပင် ဝန်ထမ်းစရိတ် လေလွင့်ဆုံးရှုံးခြင်း မရှိအောင် ပုံမှန်စစ်ဆေးဟုဆို
အသွင်သစ်နှင့် ပြန်ပေါ်လာနိုင်မလား ရန်ကုန် ညဈေးတန်း
စည်ပင်ဥပဒေသစ် အသက်မဝင်သေးတဲ့ အကျင့်ဟောင်းများနဲ့ မြို့တော်