လက်ရှိတွင် မြန်မာနိုင်ငံရှိ နိုင်ငံသူ နိုင်ငံသားများ အားလုံးသည် ထောင်ထဲတွင် ကျခံနေရသကဲ့သို့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် ယခုချိန်ထိ မရရှိသေးကြောင်း ကလေးစစ်သားဟောင်း အောင်ကိုထွေးက ပြောသည်။
ကလေးစစ်သားဟောင်း အောင်ကိုထွေးသည် ယနေ့ (စက်တင်ဘာ ၆ ရက်) မနက်ပိုင်းတွင် အင်းစိန် ထောင်မှ လွတ်လာခဲ့ ပြီးနောက် ထောင်ရှေ့၌ မီဒီယာသမားများအား ပြောဆိုခြင်း ဖြစ်သည်။
အောင်ကိုထွေးသည် ၂ဝ၁၇ ခုနှစ် သြဂုတ်လ၌ လွတ်လပ်သော အာရှအသံ (RFA) သတင်းဌာနသို့ ၎င်း၏ ကလေးစစ်သားဘဝ တပ်မတော်အတွင်း တွေ့ကြုံခဲ့ရမှု၊ လူသတ်မှုဖြင့် တရားစွဲခံရမှုများ အကြောင်းကို ရုပ်သံအင်တာဗျူး ဖြေကြား ခဲ့ပြီးနောက် တပ်မတော်မှ နိုင်ငံတော် အကြည်အညို ပျက်စေမှု ပုဒ်မဖြင့် စွဲဆိုခြင်းခံရကာ ထောင်ဒဏ်၂ နှစ် ချမှတ်သလို၊ တရားရုံး၏ စစ်ဆေးမှုကို သပိတ်မှောက်ခဲ့သည့် အတွက် တရားရုံး မထီမဲ့မြင်မှုဖြင့် ထောင်ဒဏ် ၆ လပါ ထပ်မံ ချမှတ်ခြင်း ခံရသူ ဖြစ်သည်။
မိမိတို့ မိသားစုသည် နိုင်ငံရေးအကြောင်း သိပ်မသိသော်လည်း အောင်ကိုထွေးကို ထပ်မံဖမ်းဆီး ထောင်ချခံခဲ့ရသည့် ဖြစ်စဉ် နှင့်ပတ်သက်၍ သတင်းမီဒီယာအား ကလေးစစ်သားဘဝ အကြောင်း အရာများကို အမှန်အတိုင်း ပြောပြခဲ့သည့် ကိစ္စကိုပင် နိုင်ငံတော် အကြည်ညိုပျက်စေမှု ဆိုသည့် ပုဒ်မဖြင့် တရားစွဲ ထောင်ချခဲ့ခြင်းကို တရားမျှတမှု ရှိပါသလားဟု အောင်ကိုထွေး၏ အစ်မဖြစ်သူ မသိင်္ဂီက ပြောသည်။
မသိင်္ဂီက “သူ့ကို သတင်းမီဒီယာက မေးတယ်။ မေးတဲ့ဟာကို ကိုယ်ဖြစ်ခဲ့တဲ့ဟာတွေကို ပြောတယ်။ မဟုတ်တာ လုပ်ကြံပြီး ပြောနေတာလည်း မဟုတ်ဘူး။ ဒီလိုပြောတာကို အကြည်ညိုပျက်မှုနဲ့ စွဲခဲ့ တယ်။ ပြောတာလည်း စစ်တပ်နဲ့ ပတ်သက်ပြီး တွေ့ကြုံခဲ့တာကို ပြောတာ။ အစိုးရကို ပြောတာ မဟုတ်ဘူး။ တရားစွဲတော့ အစိုးရက စွဲတဲ့ ပုဒ်မနဲ့ စွဲတယ်။ အတင်းကြီး ထောင်ချတယ်” ဟု ဆိုသည်။
အောင်ကိုထွေးသည်၂ဝဝ၈ ခုနှစ် ၈ တန်း ကျောင်းသားဘဝ အသက် ၁၄ နှစ် အရွယ်က ရန်ကုန်ဘူတာ ကြီး၌ ကလေး စစ် သားအဖြစ် စတင် စုဆောင်းခံခဲ့ရကာ မုံရွာမြို့ စစ်သင်တန်းကျောင်းဆင်းခဲ့ပြီး နောက် ရှမ်းပြည်နယ် လောက်ကိုင်မြို့ရှိ တပ် စခန်းတခုတွင် တာဝန်ထမ်းဆောင်ခဲ့ရကြောင်း သိရ သည်။
တာဝန်ထမ်းဆောင်နေရင်း အထက်တန်းကျောင်းတွင် ပညာဆက်လက် သင်ယူခွင့်ရသည်ဟု ဆိုသော် လည်း အမှန် တကယ်တွင် စိုက်ပျိုးရေး လုပ်ငန်းများတွင် လုပ်အားပေး သွားရောက် လုပ်ကိုင်နေရ ခဲ့ခြင်း ဖြစ်သည်ဟု အစ်မဖြစ်သူ မနေဇာ က ပြောကြားထားသည်။
စိုက်ပျိုးရေး လုပ်ငန်းတွင် လုပ်ကိုင်နေရင်း အောင်ကိုထွေးနှင့် အတူ တခြား တပ်မတော်သား ၂ ဦးတို့ ထွက်ပြေးစဉ် ဆိုင် ကယ် လုယက်မှုဖြစ်ပွားကာ ဆိုင်ကယ်ပိုင်ရှင် သေဆုံးခဲ့သည့် ဖြစ်စဉ်နှင့် သေဒဏ် ချမှတ်ခြင်း ခံခဲ့ရသည်။
အပြစ်ပေးခံရမှ မိသားစုနှင့် အဆက်အသွယ် ပြန်လည် ရရှိပြီး မိသားစုများက ကလေးစစ်သားအဖြစ် စု ဆောင်းခံရကြောင်း ကို ကုလသမဂ္ဂအပါအဝင် သက်ဆိုင်ရာ အဆင့်ဆင့်ကို တင်ပြရာ သေဒဏ်မှ ထောင်ဒဏ်တသက်တကျွန်းသို့ ပြောင်း ပေးခဲ့သည်။
၂ဝ၁ဝ ခုနှစ်တွင် ထောင်ဒဏ် ၁ဝ နှစ်အထိ လျှော့ချပေးခြင်းခံရပြီး ၎င်းအသက် ၂၆ နှစ် အရွယ် ၂၀၁၇ ခုနှစ်တွင် ထောင်မှ လွတ်မြောက်လာခဲ့သည်။
ထို့နောက် သတင်းမီဒီယာအား ၎င်း၏ အတွေ့အကြုံများကို ဖြေကြားမှုဖြင့် ထပ်မံ တရားစွဲဆိုထောင် ကျခံရခြင်းဖြစ်သည်။
ယနေ့ ပြန်လည် လွတ်မြောက်လာသည့် အောင်ကိုထွေးမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခြေအနေအား ပြောဆိုခဲ့ သည့် အပြင် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများ ချက်ချင်းရပ်တန့်ပေးရန်လည်း တောင်းဆိုခဲ့ သည်။
မိမိကိုယ်တိုင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကလေးစစ်သား ဘဝက တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည့် အပြင် မိမိ၏ ဖခင်ကိုယ်တိုင်ကလည်း တပ်မတော်သား တဦးဖြစ်ခဲ့သူဖြစ်ကြောင်း၊ ယခုဖြစ် နေသည့် တိုက်ပွဲများသည် စစ်ပွဲမဟုတ်ဘဲ လုပ်ပွဲဖြစ်နေသည့် ပုံစံံမျိုးဟု ယူဆကြောင်း ၎င်းက ပြော သည်။
ကိုအောင်ကိုထွေးက “ဒီနေ့ဖြစ်နေတဲ့ တိုက်ပွဲတွေ ဘာကြောင့် ဖြစ်နေရတာလဲ။စစ်ခေါင်းဆောင်တွေရဲ့ အကျိုးစီးပွား အတွက်ပဲ ဖြစ်နေတာ။ ပြည်သူအတွက် ဖြစ်နေတာ မဟုတ်ဘူး။ တိုင်းရင်းသားတွေ အတွက်လည်း မဟုတ်ဘူး။ စစ်ခေါင်း ဆောင်တွေရဲ့ သားသမီးတွေ နိုင်ငံခြားမှာ ကျောင်းတက်နေရတဲ့ အချိန်မှာ အောက်ခြေမှာ ရဲဘော်တွေက အသေဆိုးနဲ့ သေနေရတယ်” ဟု ပြောဆိုသည်။
ဆက်စပ်ဖတ်ရှု့ရန် – ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး မနက်ဖြန် လွတ်မည်