ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စည်တောင်ကျေးရွာအနီး၌ ယနေ့ နေ့လယ် ၁၁ နာရီကျော် အချိန်က အရေးပေါ် ဆင်းသက်ခဲ့သည့် အဖြူရောင် ရဟတ်ယာဉ်တစီး မှာ နီပေါအစိုးရပိုင် ရဟတ်ယာဉ်ဖြစ်ကြောင်း တပ်မတော်နှင့် ရဲတပ်ဖွဲ့က အတည်ပြုသည်။
တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “အသေးစိတ်ကတော့ မသိရသေးဘူး။ သိရသလောက်က ဒီနေ့ မနက် ၁၀ နာရီ ၁၁ နာရီလောက်က စည်တောင်ကျေးရွာနားမှာ ရဟတ်ယာဉ်တစီး ဆိုက်တယ်။ ဘင်္ဂလားဒေ့ရှ်က ရဟတ်ယာဉ်လိုလို ဘာလိုလိုနဲ့ ကောလဟလတွေ ထွက်နေတယ်။ နီပေါနိုင်ငံက အစိုးရပိုင် ရဟတ်ယာဉ် ဖြစ်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။
အဆိုပါ ရဟတ်ယာဉ်မှာ အင်ဒိုနီးရှားနိုင်ငံတွင် တောမီးလောင်ကျွမ်းမှုအား နီပေါနိုင်ငံမှ သွားရောက်ကူညီမည့် ရဟတ် ယာဉ် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆက်လက်၍ “အဲဒီကောင်က MI 8 အမျိုးအစား၊ MI 8 ဆိုတာ တပ်မတော် ကသုံးတဲ့ MI 17 လို အမျိုးအစား ဖြစ်တယ်။ သူက ဒီနေ့ ပျံသန်းတာကတော့ စစ်တကောင်းကနေ အမ်း၊ အမ်းကနေ ရန်ကုန်၊ ရန်ကုန်ကနေ မြိတ်၊ မြိတ်ကနေ ထိုင်းထဲကိုဝင်၊ ပြီးမှ အင်ဒိုနီးရှားကို ဆက်သွားမှာ။ မိုးလေဝသ မကောင်းလို့ အောက်ကို နိမ့်ရင်းနိမ့်ရင်းနဲ့ ဘူးသီးတောင်နား လယ်ကွင်းမှာ ခဏ ဆင်းသက်တဲ့ သဘောပေါ့။ အခုကတော့ စစ်တွေမှာ ခဏနားနေတာပေါ့။ ရာသီဥ တုကောင်းရင် ဆက်ပျံသွားမှာ။ တို့ကတော့ လိုအပ်တတွေ ကူညီပေးတဲ့ သဘောပေါ့” ဟု ပြောဆိုသည်။
အဆိုပါ ရဟတ်ယာဉ်မှာ စည်တောင်ကျေးရွာ အနီး စားကျက်မြေပေါ်တွင် ၁ နာရီခန့် ရပ်နားခဲ့ပြီး လက်ရှိအချိန်တွင် စစ် တွေလေဆိပ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းက ပြောသည်။
ရဲမှူးကြီး ကြည်လင်း က “အဲဒီရဟတ်ယာဉ်က အခုမှ စစ်တွေကို ရောက်တာ။ ကျနော်တို့ အခု စိစစ်နေတုန်းပဲ။ လောလော ဆယ်သိရတာက သူတို့ စစ်တကောင်းကနေ ရန်ကုန်ကို သွားတာလို့ သိရတယ်” ဟု ဧရာဝတီကို ပြောသည်။
အဆိုပါ ရဟတ်ယာဉ်တွင် နိုင်ငံခြားသားများ ပါရှိပြီး မည်သည့်နိုင်ငံနှင့် မည်သည့်အဖွဲ့အစည်းက ဖြစ်သည်ကိုမူ မသိရသေး ကြောင်း ၎င်းက ဆိုသည်။
စည်တောင်ကျေးရွာနေ ဦးမောင်သိန်းညွန့် က “ဒီနေ့ နေ့လယ် ၁၁ နာရီလောက်မှာ ကျနော်တို့ ရွာနားက စားကျက်မြေမှာ လာရပ်တာဗျ။ ရွာက ကျောင်းဆရာတယောက် သွားမေးကြည့်တော့ နီပေါနိုင်ငံကလို့ ပြောတယ်။ ရဟတ်ယာဉ်မှာ နိုင်ငံ ခြားသား ၆ ယောက်ပါတယ်။ သူတို့လည်း အင်္ဂလိပ်စကား သေချာ မပြောတတ်ဘူးလို့ ပြောတယ်” ဟု ဧရာဝတီသို့ ပြော သည်။
ဘူးသီးတောင်မြို့နယ် ဒုအုပ်ချုပ်ရေးမှူး ဦးလှရွှေကတော့ အဆိုပါ ရဟတ်ယာဉ်မှာ စစ်တကောင်းဘက်မှ လာရောက်ခြင်း ဟု သိရှိရပြီး လူဦးရေမည်မျှပါသည်ကို မသိရကြောင်း ပြောဆိုသည်။
ဦးလှရွှေ က “ကျနော်တို့ သိရတာက အဲဒီရဟတ်ယာဉ်က မိုးမှောင်ကျလို့ ခဏဆင်းတာလို့ သိရတယ်။ အခုတော့ စစ်တွေ ရောက်သွား တယ်” ဟု ဧရာဝတီကို ပြောသည်။
အဆိုပါ ရဟတ်ယာဉ် ဆင်းသက်ခဲ့သော စည်တောင်ကျေးရွာ အနီးနေရာမှာ တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ စစ်ရေး လှုပ်ရှားသည့်နေရာ ဖြစ်သည့် အတွက် ယင်းသို့ နိုင်ငံခြား ရဟတ်ယာဉ်တစီး ဆင်းသက်ခြင်း အပေါ် ဒေသခံပြည် သူများလည်း စိတ်ဝင်စားလျက် ရှိကြောင်း သိရသည်။
You may also like these stories:
ရခိုင်တောင်ပိုင်း ကျောက်မီးသွေးသုံး ငါးစက်ရုံကြောင့် ဒေသခံများ စိုးရိမ်
ရခိုင်အမတ်များ၏ ပြောဆိုချက်များ အစွန်းရောက်ဟု တပ်မတော်ပြော