အစိုးရ၏ တင်ဒါလုပ်ငန်းစဉ်များသည် အဂတိကင်းရှင်းရန် လိုအပ်ကြောင်း တပ်မတော်သား ကိုယ်စားလှယ် ဒု ဗိုလ်မှူးကြီး ခင်မောင်ဆွေက စက်တင်ဘာလ ၅ ရက်က ကျင်းပသည့် ပြည်သူ့ လွှတ်တော်တွင် ပြောသည်။
မြောင်းမြ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စိုးမိုးသူ တင်သွင်းသည့် ဘဏ္ဍာရေးနှစ် ပြောင်းလဲ သတ်မှတ်ခြင်း၏ အနှစ်သာရအား ပိုမိုထိရောက်စွာ အကောင်အထည်ဖော် နိုင်ရေး အတွက် လာမည့်ဘဏ္ဍာနှစ်မှ စတင် ကာ တည်ဆောက်ရေး တင်ဒါခေါ်ယူခြင်း လုပ်ငန်းများ အား ဘဏ္ဍာရေးနှစ်၏ ပထမ ၃ လပတ်အတွင်း အပြီးအပြတ် ဆောင်ရွက်နိုင်ရန် တိုက်တွန်းကြောင်း အဆိုကို ဆွေးနွေးစဉ် ယင်းသ့ို ပြောကြားခြင်း ဖြစ်သည်။
ဒု ဗိုလ်မှူးကြီး ခင်မောင်ဆွေက တာဝန်ခံ တည်ဆောက်မည့် အဖွဲ့အစည်းများအနေဖြင့် ခွင့်ပြုဘဏ္ဍာ ငွေများ အတိုင်း မှန် ကန်စွာ အသုံးပြုရေးကို ထောက်ပြ ပြောဆိုသွားသည်။
၎င်းက “အဂတိတရား ကင်းရှင်းရေးတို့ကို ဆောင်ရွက်ရန် လိုအပ်ပါတယ်” ဟုလည်း ဆွေးနွေးသွား သည်။
ထို့ပြင် တည်ဆောက် အကောင်အထည်ဖော်ဆောင်မည့် လုပ်ငန်းများအတွက် တင်ဒါခေါ်ယူရာ၌ အရည်အသွေး ထိန်းညှိ ရေး၊ ပွင့်လင်းမြင်သာမှုရှိရေး၊ ရွေးချယ်သည့် အဖွဲ့အစည်းအား အမြန်ဆုံး ရွေးချယ်အတည်ပြုနိုင်ရေး၊ ကုမ္ပဏီများကို ငွေ ထုတ်ပေးသည့် အပိုင်း ကြန့်ကြာမှုမရှိစေရေးတို့ ဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ဒု ဗိုလ်မှူးကြီး ခင်မောင်ဆွေက ပြောဆိုသည်။
ဆောက်လုပ်ရေး လုပ်ငန်းများအတွက် တင်ဒါခေါ်ယူရာတွင် တင်ဒါခေါ်ယူရေး အဖွဲ့၏ ဆင်ခြင်တုံ တရားမှာ အလွန်အရေး ကြီးကြောင်း၊ အချို့ကုမ္ပဏီများမှာ တင်ဒါ များစွာ အောင်မြင်ပြီး လုပ်ငန်းများ မနိုင်မနင်း ဖြစ်နေချိန်တွင် အချို့ကုမ္ပဏီများ မှာ တင်ဒါမအောင်ဘဲ ရပ်တည်နေရသည့် ကုမ္ပဏီများ လည်း ရှိနေကြောင်းကို ကျုံပျော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးအောင်နိုင်က ပြောဆိုသည်။
ဦးစိုးအောင်နိုင်က “လုပ်ငန်းမရတဲ့ ကုမ္ပဏီတွေက ဈေးနှုန်း အနည်းငယ် ကွာဟမှုကြောင့် မရခဲ့တာ တွေ ရှိတယ်။ ဒါကြောင့် တည်ဆောက်ရေး လုပ်ငန်းများ အရည်အသွေး ပြည့်မီပြီး အချိန်မီ ပြီးစီးနိုင် ရေး အတွက် ကုမ္ပဏီများကို မျှတစွာ အခွင့် အရေး ရရှိရန် လိုအပ်ပါတယ်” ဟု ဆက်လက် ပြောသည်။
ဒေါက်တာစိုးမိုးသူ တင်သွင်းသည့် တင်ဒါခေါ်ယူရေး လုပ်ငန်းများအား ဘဏ္ဍာရေးနှစ်၏ ပထမ ၃ လပတ် အတွင်း အပြီး ဆောင်ရွက်နိုင်ရန် အတွက် တိုက်တွန်းကြောင်း အဆိုကို လွှတ်တော် ကိုယ်စားလှယ် အများစုက ထောက်ခံ ဆွေးနွေး ကြသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရသည် တင်ဒါလုပ်ငန်းများ အဆင်ပြေစေရန်အတွက် မြန်မာ့ ဘဏ္ဍာရေးနှစ် သတ်မှတ်ချက်ကို ယခင် ဧပြီလ ၁ ရက်မှ မတ်လ ၃၁ ရက်နေ့ အစား၊ ယခုနှစ် တွင်၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်မှ စတင်၍ အောက်တိုဘာ ၁ ရက်မှနေ စက်တင်ဘာ ၃၀ ရက်သို့ ပြောင်းလဲ သတ်မှတ်ထားလျက် ရှိသည်။
ထိုသို့ တင်ဒါလုပ်ငန်းများ အားလုံး ၃ လနှင့် ပြီးပြတ်အောင် ဆောင်ရွက်ရန် ဖြစ်နိုင်မဖြစ်နိုင်နှင့် တင်ဒါလုပ်ငန်းများ အချိန် တိုအတွင်း ဆောင်ရွက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်မည့် ဘေးထွက်ဆိုးကျိုး ကိုလည်း ကြိုတင်မျှော်တွေးထားရန် လိုအပ် ကြောင်းလည်း ဒု ဗိုလ်မှူးကြီး ခင်မောင်ဆွေက ထည့်သွင်း ဆွေးနွေးခဲ့သည်။
ယခုလို ဘဏ္ဍာရေးနှစ်ကို ပြောင်းလဲကျင့်သုံးသော်လည်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် တင်ဒါခေါ်ဆို ခြင်း လုပ်ငန်းများ ကြန့်ကြာမှု ရှိနေကြောင်း ဖားကန့် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးက ဆို သည်။
မင်းလှ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းခင်ကလည်း “တည်ဆောက်ရေး လုပ်ငန်းတွေကို လုပ်ကိုင် နေသော အချို့သော ဌာနများမှာ ဘဏ္ဍာရေးနှစ်များ အတွင်း ဆောင်ရွက် ရမယ့် လုပ်ငန်းများရဲ့ ၅၀ ရာခိုင်နှုန်းကို တင်ဒါ ပေးပြီး ၅၀ ရာခိုင်နှုန်းကို ဌာနက ကိုယ်တိုင်ဆောင် ရွက်နေတာ တွေ့ရပါတယ်။ ဇီးသီးဗန်းမှောက်တာတွေ ရှိနေသေးလား စိစစ်ဖို့ လိုပါလိမ့်မယ်” ဟု ထည့်သွင်း ဆွေးနွေးသည်။
ဒေါက်တာ စိုးမိုးသူ တင်သွင်းသည့် ဘဏ္ဍာရေးနှစ် ပြောင်းလဲသတ်မှတ်ခြင်းနှင့် ပတ်သက်သည့် အဆိုကို လွှတ်တော် ကိုယ် စားလှယ်၂၃ ဦး ဆွေးနွေးခဲ့ပြီး တပ်မတော်သား ကိုယ်စားလှယ်တဦးက ထောက်ပြ အကြံပြု ဆွေးနွေးပြီး ကျန်ကိုယ်စား လှယ်များ ထောက်ခံ ဆွေးနွေးခဲ့သဖြင့် အဆိုကို ကန့်ကွက်သူ မရှိသဖြင့် လွှတ်တော်မှ အတည်ပြုကြောင်း ပြည်သူ့ လွှတ် တော် ဥက္ကဋ္ဌက ကြေညာခဲ့သည်။
ဆက်စပ်ဖတ်ရှု့ရန် – ငမိုးရိပ်တံတား နိမ့်ဆင်းမှု အရည်အသွေး စစ်ဆေးသည့် ကြားခံ ကုမ္ပဏီတွင်သာ တာဝန်ရှိ ဟုဆို