ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းကျေးရွာ၌ အရပ်သား ၇ ဦး သေဆုံးခဲ့သည့် ဖြစ်ရပ်တခုတွင် တာဝန်ရှိသူ တပ်မတော်သား ၂ ဦးကို စစ်တရားရုံးက ထောင်ဒဏ် နှစ်၂၀ ချမှတ်လိုက်ပြီး လူသတ်မှုအတွက် အရပ် ဘက်သို့ လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။
၂၀၁၉ ခုနှစ် ဧပြီလ ၅ ရက်က ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းကျေးရွာတွင် နေအိမ်၂ လုံးပေါ်သို့ တက်ရောက် ကာ အိပ်ပျော်နေသည့် မိသားစု ၂ ခုကို အကြောင်းပြချက်မရှိဘဲ ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်တခု ဖြစ်ပွားခဲ့ပြီး ကလေးငယ် တဦး အပါအဝင် အရပ်သား ၇ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာ ရရှိခဲ့သည်။
တပ်မတော်မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “ကျနော်တို့ဆီက စစ်တရားရုံးနဲ့ စစ်ဆေးတယ်။ စစ်ဆေး ပြီးတော့ သူတို့ကို စစ်ပြေးမှု၊ လက်နက်ခဲယမ်းများ ယူဆောင်သွားမှုနဲ့ ပတ်သက်ပြီးတော့ ထောင်ဒဏ် အနှစ် ၂၀ ချ လိုက်တယ်။ လူသတ်မှုနဲ့ ပတ်သက်ပြီးတော့ နယ်ဘက် တရားရုံးမှာ ဆက်လက် စစ်ဆေးစေမှာ ဖြစ်ပါတယ်” ဟု ဧရာ ဝတီသို့ ပြောသည်။
အဆိုပါ တရားခံ၂ ဦးကို ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူ နယ်မြေ ရဲစခန်းကို လွှဲပေးပြီး ဖြစ်ကြောင်း၊ တပ် မတော်နှင့် ပတ်သက်သည့်အမှုကို ထောင်အနှစ် ၂၀ ကျခံရပြီး လူသတ်မှု အတွက် သီးခြားကျခံရဦးမည် ဖြစ်ကြောင်း တပ်မတော် တာဝန်ရှိသူများက ပြောဆိုသည်။
တပ်မတော်အနေဖြင့် ယခုဖြစ်စဉ် စတင်ဖြစ်ပွားစဉ်က ယခု တပ်မတော်သား ၂ ဦးကို ထိရောက် ပြင်းထန်စွာ အရေး ယူမည်ဟု သတင်း ထုတ်ပြန်ထားသို ယခုလည်း ပွင့်လင်းမြင်သာစွာ လုပ်ဆောင်ခဲ့ကြောင်း၊ တပ်မတော်သားများသည် ပြစ်မှုများကို တန်းပြည့် စစ်မှုထမ်းချိန်တွင် ကျူးလွန်ခြင်းမဟုတ်ပါက နယ်ဘက်တရားရုံးသို့ လွှဲပြောင်းပေးလျက်ရှိ ကြောင်းလည်း တပ်မတော်က ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “တန်းပြည့် စစ်မှုထမ်းချိန်ဆိုတာက တဖက် ရန်သူနဲ့ ထိတွေ့တိုက်ခိုက်မှု ဖြစ်ပွားနေတဲ့ အချိန်မှာ ဖြစ်ခဲ့တဲ့ကိစ္စတွေဆိုရင် စစ်တရားရုံးနဲ့ပဲ စီရင်နိုင်တယ်။ နိုင်ငံခြား တိုင်းပြည်တခုခုနဲ့ ယှဉ်ပြိုင် တိုက်ခိုက်နေရ တဲ့အချိန် ဒါမျိုးတွေမှာ ဖြစ်ခဲ့တဲ့ အမှုတွေဆိုရင်တော့ စစ်တရားရုံးနဲ့ပဲ စစ်ဆေးတာ များတယ်” ဟု ဆိုသည်။
အသတ်ခံခဲ့ရသူ၏ မိသားစုဝင်တဦး ဖြစ်သူ ဦးသန်းရွှေက တရားခံ တပ်မတော်သား ၂ ဦးကို စက်တင်ဘာလ ၅ ရက် က ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် တရားရုံးတွင် ရုံးထုတ်စစ်ဆေးသည့်အခါ ရဲတပ်ဖွဲ့က၎င်းတို့ကို သက်သေအဖြစ် လာရောက် ထွက်ဆိုပေးရန် အကြောင်းကြားခဲ့ကြောင်း ကရင် သတင်းဌာန (ကေအိုင်စီ) သို့ စက်တင်ဘာလ ၅ ရက် က ပြောဆိုထားသည်။
ဦးသန်းရွှေက “၂ ယောက်စလုံးကို ဖမ်းမိပြီ။ ကရင် အမျိုးသားအစည်းအရုံး (KNU) က တယောက် ဖမ်းပေးတယ်။ နောက်တယောက်ကို အနန်းကွင်း စခန်းက ဖမ်းတယ်။ တရားခံ၂ ယောက်ကိုတော့ တွေ့ခွင့်မပေးဘူး။ ဗိုလ်မှူး တ ယောက်ကလာပြီး တပ်စည်းကမ်းနဲ့ အပြစ်ပေးမယ်။ ပြီးရင် အရပ်ဘက်ကို အပ်ပေးမယ်လို့ ပြောခဲ့ပါတယ်” ဟု ပြော သည်။
ကျန်ရစ်သူ မိသားစုကို နိုင်ငံတော်အစိုးရက လူသားချင်း စာနာထောက်ထားသောအားဖြင့် ကြည့်ရှုပေးစေလိုကြောင်း၊ တပ်မတော်က ၎င်းတို့ကို ထောက်ပံ့ငွေ ၂၅ သိန်း ပေးခဲ့ကြောင်း၊ အမှုကိုလည်း မှန်မှန်ကန်ကန် ဖြစ်စေလိုကြောင်း ၎င်း က ဆက်လက် ပြောဆိုသွားသည်။
ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစောတင်ဝင်း ကလည်း “တပ်ဘက်က အရေးယူပြီး တော့ အရပ်ဘက်ကို အခုလို လွှဲပေးလိုက်တာဟာ တရားဥပဒေ စိုးမိုးတဲ့ဘက်ကို ရောက်လာတယ်လို့ ယူဆတယ်။ ဖြစ်စဉ်ဖြစ်တုန်းကလည်း အဲဒီလူတွေက သောက်စားထားကြတယ်။ လုံခြုံရေးက မြို့တဲ့ လှမ်းတဲ့ဒေသတွေမှာ အဲဒီလို တွေ ဖြစ်နေတယ်။ အဲဒီလူတွေကိုလည်း တိုင်းရင်းသား လက်နက်ကိုင်တွေကပဲ ဝိုင်းဖမ်းပေးတာ” ဟု ဧရာဝတီသို့ ပြောသည်။
ယင်းသို့ ပစ်ခတ်မှုတွင် ညီအစ်ကိုများ ဖြစ်ကြသည့် ဦးစောနောင်၊ ဦးစိုးနောင်၊ ဦးမျိုးနောင် ၃ ဦးတို့အပြင် ဦးစောနောင် ၏ ဇနီး မိရှမ်း၊ သားဖြစ်သူ ၉ နှစ်အရွယ် မောင်ကောင်းခန့်၊ ၃ နှစ်အရွယ် မဖြူစင်မော်၊ ဦးမျိုးနောင်သမီး ၁ နှစ်၂ လ အရွယ် မသန္တာမြင့်တို့ သေဆုံးခဲ့ပြီး ဦးမျိုးနောင်၏ ဇနီး ဒေါ်သဉ္ဇာလွင်မှာ ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။
အဆိုပါ အရပ်သား ၈ ဦး သေနတ်ဖြင့် အပစ်ခံရခြင်းနှင့် ပတ်သက်၍ နစ်နာမှု ရှိခဲ့သည့် မိသားစုဝင်များက ၂၀၁၉ ခု နှစ် ဧပြီလ ၁၁ ရက်တွင် ရန်ကုန်မြို့ရှိ မြန်မာသတင်းလွတ်လပ်ခွင့် စင်တာသို့ လာရောက်ခဲ့ပြီး သတင်းစာရှင်းလင်းပွဲ တခု ပြုလုပ်ကာ နစ်နာသူများအတွက် တဦးလျှင် ကျပ်သိန်း ၁၀၀ ထောက်ပံ့ပေးရန် တပ်မတော်သို့ တောင်းဆိုထား ကြောင်း ပြောဆိုခဲ့ကြသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဧပြီ ၈ ရက်တွင် အဆိုပါ ဖြစ်စဉ်အား သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်စဉ်မှာ ဆိုင် ကယ်ငှားရမ်းရာမှ အချင်းများကာ ဖြစ်ပွားခဲ့ကြောင်း၊ ပစ်ခတ်ခဲ့သော တပ်သား မြင့်ဝေနှင့် တပ်သား ငြိမ်းချမ်းတို့အား ဖမ်းဆီးရမိထားပြီး ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် ကျူးလွန်သူ စစ်သည်၂ ဦးအား လက်နက်ဖြင့် ခွင့်မဲ့ ပျက်ကွက်မှု၊ အရက်သေစာသောက်စား မူးယစ်မှုစသည့် စည်းကမ်းဖောက်ဖျက်မှုတို့အတွက် စစ်တရားရုံး၌ ပွင့်လင်းမြင်သာစွာ ထိထိရောက်ရောက် စစ်ဆေးအရေးယူ အပြစ် ပေးသွားမည် ဖြစ်ကြောင်း၊ လူ ၇ ဦးအား သတ်မှုနှင့် လူ ၁ ဦးအား အပြင်းအထန် ဒဏ်ရာ ရရှိစေမှုတို့အား အရေးယူနိုင် ရန် အတွက် တပ်မတော် အက်ဥပဒေပုဒ်မ ၇၂ အရ နယ်ဘက် တရားရုံးသို့ လွှဲပြောင်း စစ်ဆေး စီရင်စေမည် ဖြစ် ကြောင်းလည်း ထုတ်ပြန်ချက်၌ ပါရှိသည်။
ဆက်စပ်ဖတ်ရှူရန် – ပစ်ခတ်ခံရ၍ သေဆုံးသူများ အတွက် ကျပ်သိန်း ၁၀၀ စီ ထောက်ပံ့ရန် တောင်းဆို