ဇင်ဘာဘွေ သမ္မတဟောင်း ရောဘတ်မူဂါဘီ ကွယ်လွန်
ဇင်ဘာဘွေနိုင်ငံကို ကာလကြာရှည်စွာ အုပ်ချုပ်ခဲ့ပြီး အာဏာရှင်စနစ်၊ အဂတိလိုက်စားမှု များနှင့် စွမ်းဆောင်ရည် ညံ့ဖျင်းမှုများ ဖြစ်စေခဲ့သော အာဖရိက လွတ်လပ်ရေးတိုက်ပွဲ သူရဲကောင်း ရောဘတ် မူဂါဘီ(၉၅ နှစ်)တွင် ကွယ်လွန်သွားကြောင်း သမ္မတ အမ်မာဆန် မူနာဂါဝါက ကြေညာ လိုက်သည်။
သောကြာနေ့က ထုတ်ပြန်သော ကြေညာချက်တွင် မူနာဂါဝါက မူဂါဘီကို လွတ်မြောက်ရေး၏ သင်္ကေတ၊ သူ၏ ပြည်သူများ လွတ်မြောက်ရေးနှင့် အခွင့်အာဏာ ရရှိရေးအတွက် ဘဝကို မြှုပ်နှံလုပ်ကိုင်ခဲ့သူ၊ အာဖရိက ညီညွတ်ရေး ဝါဒီအဖြစ် ခေါ်ဝေါ်ခဲ့သည်။
“မိမိတို့ နိုင်ငံနှင့် အာဖရိကတိုက် သမိုင်းတွင် သူ၏ အကျိုးဆောင်မှုများကို မေ့ပျောက်နိုင်ကြမည် မဟုတ်။ သူ၏ ဝိညာဉ် ထာဝရ ငြိမ်းချမ်းမှုတွင် နားခိုနိုင်ပါစေ” ဟု ရေးသားဖော်ပြခဲ့သည်။
ပြန်ကြားရေးဝန်ကြီး မတ်စ်ဗန်ဂွာ ကလည်း သူသေဆုံးသွားကြောင်း အတည်ပြု ပြောကြားခဲ့ပြီးနောက် “ဟုတ်ပါတယ်။ အရမ်းကို ဝမ်းနည်းစရာ ကောင်းပါတယ်။ ကျမတို့အထဲက တချို့ဆိုရင် သူ့ရဲ့ သားသမီးတွေလိုပါပဲ။ သူ့အကြောင်းကို မဖော်ပြဘဲ၊ ကျမတို့ သမိုင်းကို ရေးလို့မရပါဘူး” ဟု ပြောသည်။
၂၀၁၇ ခုနှစ် နိုဝင်ဘာလက စစ်အာဏာသိမ်းမှု တခုတွင် ဖြုတ်ချခံရသည် အထိ နိုင်ငံကို ဆယ်စုနှစ် လေးခု နီးပါး အုပ်ချုပ်ခဲ့သော သမ္မတဟောင်း သေဆုံးခြင်းသည် ယခင်ဗြိတိန် ကိုလိုနီဖြစ်ခဲ့သော ဇင်ဘာဘွေနိုင်ငံ သမိုင်းတွင် ခေတ်တခု ကုန်ဆုံးသွားခြင်းပင် ဖြစ်သည်။
မူဂါဘီသည် မကြာသေးမီ လများအတွင်း ကျန်းမာရေး ယိုယွင်းလာသောကြောင့် မကြာခဏ ဆေးကုသခံရန် သွားရောက်သည့် စင်ကာပူနိုင်ငံတွင် သေဆုံးသွားသည်ဟု ယူဆရသည်။
သူ၏ ရာထူးကို ဆက်ခံခဲ့သော မူနာဂါဝါက မူဂါဘီသည် လမ်းမလျှောက်နိုင် တော့ကြောင်း အာဏာရ ဇာနူးပီအက်ဖ် ပါတီဝင်များကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ကတည်းက ပြောကြားခဲ့သည်။
မိခင်နိုင်ငံမှ လူဖြူအမျိုးသားရေး ဝါဒီများကို တိုက်ခိုက်ရာတွင် ပါဝင်သော သူ၏ အခန်းကဏ္ဍကို ကျယ်ပြန့်စွာ ချီးကျူး ဂုဏ်ပြုခဲ့ကြ သော်လည်း မူဂါဘီသည် နိုင်ငံတွင်သာမက၊ အာဖရိက တိုက်တွင် ပါ သွေးကွဲစေသော ခေါင်းဆောင် အဖြစ် သတ်မှတ်ခံရသည်မှာ ကာလ ရှည်ကြာလှပြီ ဖြစ်သည်။
သူအာဏာရှိခဲ့သည့် နောက်ဆုံးနှစ်များ အတွင်း ဘဏ္ဍာရေး ပြိုကွဲမှု၊ အကြမ်းဖက် ခြိမ်းခြောင်မှု မြင့်မား လာခြင်းနှင့် သူ့ထက် အသက် ၄၁ နှစ် ငယ်သော သူ၏ဇနီးနှင့် သူ၏ ညာလက်ရုံးဟောင်း မူနာဂါဝါတို့အကြား အာဏာလုပွဲ စသည်တို့ကို ဖြစ်ပွားစေခဲ့သည်။
ထို အာဏာအားပြိုင်မှုမှာ စစ်အာဏာသိမ်းမှု တခုအပြီးတွင် မူဂါဘီက စိတ်မပါလက်မပါ နုတ်ထွက်ရ ပြီးနောက် ဇာနူးပီအက်ဖ် ပါတီ အမာခံ မူနာဂါဝါက အာဏာ ရသွားသောအခါ ပြီးဆုံးသွားခဲ့သည်။
သူထိုသို့ လုပ်ရန် ဆုံးဖြတ်လိုက်ခြင်းကြောင့် ကျယ်ပြန့်သော ဝမ်းမြောက်မှုများ ဖြစ်ပေါ်လာခဲ့သည်။
၁၉၈၀ ပြည့်နှစ်တွင် ဗြိတိန်ထံမှ လွတ်လပ်ရေး ရပြီးနောက် ဆယ်စုနှစ်များ အတွင်း အာဏာကို မူဂါဘီ ၏ လက်တွင်သာ စုပုံ ချုပ်ကိုင်ထားခဲ့သည်။ မူနာဂါဝါ အာဏာရလာသည့် အချိန်အထိ ဇင်ဘာဘွေ နိုင်ငံသား မျိုးဆက် တခုလုံးသည် တခြား မည်သည့် ခေါင်းဆောင်ကိုမျှ မသိကြပေ။
အာဏာ လက်လွှတ်ပြီးနောက်တွင် မူဂါဘီကို အစိုးရသစ်က တိုင်းပြည်၏ လေးစားရသော ဖခင်ကြီး အဆင့်အတန်းနှင့် ရက်ရောသော အငြိမ်းစား လစာများ ပေးခဲ့သည်။ ထိုသို့ လုပ်ဆောင်သောကြောင့် သူ့ကို ဆန့်ကျင်သူများနှင့် သူ့အစိုးရကြောင့် ဒုက္ခဖြစ်ခဲ့ရသူများ ဒေါသဖြစ်ခဲ့ကြသည်။
သို့သော် ရာထူးစွန့်လွတ်ရခြင်း အတွက် မူဂါဘီ၏ စိတ်အနှောင့်အယှက် ဖြစ်မှုနှင့် ဂုဏ်သိက္ခာ ကျဆင်းရခြင်း တို့မှာ ထင်ရှားလှပြီး ၂၀၁၈ ခုနှစ် ဇူလိုင်လ ရွေးကောက်ပွဲ မတိုင်မီ ရက်များက မြို့တော် ဟာရဲရှိ သူ၏ နေအိမ်တွင် ပြုလုပ်သည့် ထူးခြားသော သတင်းစာ ရှင်လင်းပွဲတွင် သူ၏ထုံးစံအတိုင်း စိတ်လိုက်မာန်ပါ ပြောခဲ့သည်။
သူသည် အတိုက်အခံ ဒီမိုကရက်တစ် အပြောင်းအလဲ လှုပ်ရှားမှုအဖွဲ့ကို ထောက်ခံမည်ဟု ထိုသတင်းစာ ရှင်းလင်းပွဲတွင် သူ၏ဇနီးနှင့်အတူ ရပ်တည်ပြောကြားသည်။ ထိုအတိုက်အခံ ပါတီမှာ သူ ရက်စက် ကြမ်းကြုတ်စွာ ဖိနှိပ်ခဲ့သော ပါတီဖြစ်ပြီး ၂၀၀၈ ခုနှစ်ကျမှသာ ထိုအဖွဲ့နှင့် ပူးပေါင်း၍ ညီညွတ်ရေး အစိုးရ ဖွဲ့သော်လည်း ထိုအစိုးရကို သူကသာ လွှမ်းမိုးထားသည်။
နောက်ဆုံးအချိန်အထိ သူသည် အာဖရိကတိုက်မှ မိတ်ဆွေများကို ထိန်းသိမ်း ထားခဲ့သော်လည်း နိုင်ငံတကာတွင်မူ အပစ်ပယ်ခံ ဖြစ်လာသည်။ မူဂါဘီကို ဗြိတိန်အစိုးရက ပေးအပ်ခဲ့သော ဂုဏ်ထူး ဆောင် သူရဲကောင်း ဘွဲ့ကို ၂၀၀၈ ခုနှစ်တွင် ပြန်လည် ရုတ်သိမ်းခဲ့သည်။
ကက်သလစ်သာသနာပြု ကျောင်းများတွင် ပညာသင်ကြားခဲ့ပြီးနောက် မူဂါဘီသည် ကျောင်းဆရာဖြစ် လာပြီး လူဖြူ လူနည်းစု အုပ်ချုပ်ရေးကို တိုက်ပွဲဝင်ရန် ၁၉၆၀ ပြည့်နှစ်တွင် ရိုဒီးရှားသို့ ပြန်ခဲ့သည်။
သူ့ကို ထောင် ဆယ်နှစ် ချသောအခါ အိမ်နီးချင်း မိုဇမ်ဘစ် နိုင်ငံသို့ ထွက်ပြေးပြီး အီယန်စမစ် အစိုးရကို တိုက်ခိုက်သော ပြောက်ကျား တပ်ဖွဲ့၏ ခေါင်းဆောင်များအနက် တဦးဖြစ်လာသည်။
နောက်ဆုံးတွင် လွတ်လပ်မှု ရရှိခဲ့ပြီးနောက် တိုင်းပြည်ရှိ လူဖြူများကိုလည်း လက်ခံမည်ဟု သူက ကတိပြုသည်။ သူသည် နိုင်ငံအတွက် စီးပွားရေးနှင့် ပညာရေး တိုးတက်မှု ရွှေခေတ် တခုကိုလည်း ဆောင်ယူ ပေးခဲ့သည်။ ထိုအောင်မြင်မှုများသည် အခြား အာဖရိက နိုင်ငံများ၏ အားကျစရာ ဖြစ်ခဲ့သည်။
သို့သော် နိုင်ငံတကာ အသိုင်းအဝန်းက သူ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို မသိကျိုးကျွံ ပြုနေကြပြီး အဆိုးရွားဆုံး လူ့အခွင့်အရေး ချိုးဖောက်မှုမှာ ၁၉၈၀ ခုနှစ်များက မာတာဘီလီလန် ပြည်နယ်တွင် လူ ၂၀၀၀၀ ခန့်ကို လူမျိုးစု သုတ်သင်ခြင်းဖြစ်သည်။ ထိုလုပ်ရပ်သည် အတိုက်အခံ ပြိုင်ဘက် ဇာပူး ပါတီ ခေါင်းဆောင် ဂျိုရွှာ အန်ကိုမို၏ အတိုက်အခံ ပြုခြင်းကို ချေမှုန်းလိုက်ခြင်း ဖြစ်သည်။
၎င်းနောက် စီးပွားရေး ကျဆင်းပြီး အလုပ်သမား သမဂ္ဂများသည် ဒီမိုကရက်တစ် အပြောင်းအလဲ များအတွက် စုစည်း မိသောအခါ ၁၉၉၉ ခုနှစ်တွင် အတိုက်အခံတို့ ပြန်လည် ခေါင်းထောင်လာသည်။
မူဂါဘီသည် ရွေးကောက်ပွဲတွင် မဲလိမ်ပြီး မြေယာ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တခုကို စတင်သည်။ ထို ပြုပြင် ပြောင်းလဲမှုတွင် လူဖြူ လယ်သမားများကို မောင်းထုတ်ပြီး ဇာနူးပီအက်ဖ်ပါတီ ခရိုနီများနှင့် ကျွမ်းကျင်မှုသာ ရှိပြီး ငွေရင်း မရှိသော ဇင်ဘာဘွေ လူမဲများကို မြေများပေးသည်။
ထိုသို့လုပ်ခြင်းကြောင့် စီးပွားရေးဖရိုဖရဲ ဖြစ်သွားပြီး ဇင်ဘာဘွေ နိုင်ငံသားများမှာ အငတ်ဘေးမှ ရှောင်ရှားရန် ပြည်ပမှ အစားအသောက်ကို မှီခိုနေကြရသည်။ ငွေကြေး လွန်စွာဖောင်းပွသောကြောင့် အဓိကရုဏ်းများ ဖြစ်လာခဲ့ပြီး စူပါမားကက်များရှိ စင်များမှာ ဟာလာဟင်းလင်း ဖြစ်ကုန်သည်။
တခါက ဂုဏ်ယူစရာဖြစ်သော ပညာရေးနှင့် ကျန်းမာရေး စနစ်လည်း ပြိုကွဲသွားသည်။
နိုင်ငံရေးလှုပ်ရှားမှုလည်း လွန်စွာပြင်းထန်လာပြီး တက်ကြွလှုပ်ရှားသူများနှင့် သတင်းသမားများ ဖိနှိပ်၊ ထောင်ချ၊ သတ်ဖြတ် ခံရသည်။ ၂၀၀၈ ခုနှစ် ရွေးကောက်ပွဲ ပတ်ဝန်းကျင်တွင် နိုင်ငံရေး အကြမ်းဖက်မှုကြောင့် လူ ၂၀၀ ကျော် သေဆုံးသည်။ ထိုရွေးကောက်ပွဲတွင် မူဂါဘီသည် ဒီမိုကရေစီ အပြောင်းအလဲ လှုပ်ရှားမှု ခေါင်းဆောင် မော်ဂန် တီဆဗန်ဂျီရိုင်း ထံမှ မဲအများအပြား ခိုးယူသည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယုံကြည် ကြသည်။
ဇင်ဘာဘွေ တက္ကသိုလ်မှ ကွယ်လွန်သူ နိုင်ငံရေး သိပ္ပံပါမောက္ခ ဂျွန် မာကမ်ဘီက “သူ့ကိုလူတွေက လူကြမ်းလို့ပဲ အမှတ်ရနေကြမှာ” ဟု ပြောသည်။ “သူရာထူးမှာ ဆက်နေတာ၊ သူ့အကြမ်းဖက်မှု၊ သူ့ရဲ့ နိုင်ငံရေး မဟာမိတ်နဲ့ ပြိုင်ဘက်တွေကို အတင်းအကျပ် လုပ်မှုတွေက သူ့အမွေအနှစ်တွေကို ဖျက်ဆီးလိုက်တယ်” ဟုလည်း သူက ပြောခဲ့သည်။
“ရောဘတ်မူဂါဘီမှာ ညံ့ဖျင်းတဲ့ အုပ်ချုပ်ရေး၊ ရက်စက်ကြမ်းကြုတ်မှုနဲ့ အတ္တကြီးမားမှု မျိုးစေ့တွေရှိတယ်။ ငါပဲ အမြဲ အရေးပါတယ် ဆိုတာမျိုးပဲ။ သူ ၁၉၈၀ ခုနှစ်မှာ အာဏာရလာတယ်။ အလှူရှင်တွေ အများကြီး ဝင်လာတယ်။ သူက သူတော်စင်ကြီးလိုပဲ။ ပတ်ဝန်းကျင်ကို လိုက်ပြီး အရောင် ပြောင်းသွားတာ။ ဒါပေမယ့် ၂၀၀၀ ပြည့်နှစ် ရောက်တော့ မဲလိမ်ပြီး ယုတ်မာမှုတွေ စတင်လာတယ်” ဟု သူက ပြောခဲ့သည်။
“ပုတ်သင်ညိုမှာ ပင်ကိုယ်အရောင် ရှိတယ်။ သူကြောက်တဲ့အခါ မူရင်းအရောင် ပြန်ဖြစ်လာတယ်။ အရုပ် ဆိုးတယ်။ သူ့ရဲ့ အရောင်အစစ်ကို ပြလာတာ။ အဲဒီအရောင်က လူသတ်သမားပဲ။ သူက သူ့ရန်သူတွေကို သတ်တယ်” ဟုလည်း သူက ပြောသည်။
မူဂါဘီ၏ ဒုတိယဇနီးဖြစ်သော ဂရေ့စ် သည် အသုံးအဖြုန်းကြမ်းသော နေထိုင်မှုပုံစံကြောင့် ကျော်ကြားသူ ဖြစ်ပြီး ပါတီတွင် သြဇာကြီးမားသော အမျိုးသမီး အဖွဲ့ချုပ်ကို ဦးဆောင်နိုင်သော အရှိန်အဟုန်ကြောင့် ၂၀၁၄ ခုနှစ်တွင် ဇနူးပီအက်ဖ်ပါတီ နိုင်ငံရေး ဦးဆောင်အဖွဲ့တွင် ပါဝင်လာသည်။
သူသည် အသက်အရွယ် ကြီးရင့်သော မူဂါဘီအတွက် နိုင်ငံရေး ဝန်ထုတ်ဝန်ပိုး ဖြစ်လာသည်။ ၎င်းက မူနာဂါဝါကို အပြင်းအထန် ဝေဖန်သောကြောင့် မူဂါဘီ ရာထူး လက်လွှတ်ရသည့် စစ်အာဏာသိမ်းမှု ဖြစ်စေခဲ့သည်။
မူဂါဘီက ဇနီးအတွက် ဘဝကို ဆက်လက်ပေးပြီး ငါ့ရဲ့ဂရေ့စ် ဟု သူ၏ နောက်ဆုံး သတင်းစာ ရှင်းလင်းပွဲတွင် ခေါ်ဝေါ်ကာ ဇင်ဘာဘွေ အုပ်ချုပ်သူသစ်များ အနေဖြင့်သူ၏ ဇနီးကို ကောင်းမွန်စွာ ဆက်ဆံရန် တောင်းဆို ခဲ့သည်။