သတင်း

ဘဏ်ချေးငွေကိစ္စ ပြည်သူများ မစိုးရိမ်ကြရန် ဒေါ်အောင်ဆန်းစုကြည် ပြော

Want create site? Find Free WordPress Themes and plugins.

လတ်တလော ဖြစ်ပေါ်နေသည့် ဘဏ်ချေးငွေများ ပြန်ဆပ်ရမည် ဆိုသည်မှာ ကောလဟလသာ ဖြစ်ခြင်းကြောင့် ပြည် သူများ စိုးရိမ်ရန်မလိုကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မှာကြားထားသည်ဟု သိရသည်။

ယမန်နေ့ ညပိုင်းက နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ပြုလုပ်သည့် ပဲခူတိုင်း လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ ဆုံသည့် ညစာစားပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း မှာကြားခဲ့ခြင်း ဖြစ်သည်ဟု အုတ်တွင်း မဲဆန္ဒနယ်မှ ပြည် သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ချိုချိုက သတင်းထောက်များကို ပြောသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင်လည်း ဖြစ်သူ ဒေါ်ချိုချို က “ဘဏ်ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့မှ ပြည်သူ တွေကြားမှာ ကောလာဟလ ဖြစ်နေတဲ့ဟာတွေပေါ့။ မဟုတ်မှန်တဲ့ အချက်အလက်တွေပဲ ဖြစ်တယ်။ ဒါကြောင့်မို့လို့ ဘဏ် ကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြည်သူတွေအနေနဲ့ စိုးရိမ်ပူပန်မှုတွေ လုံးဝ ဖြစ်စရာ မလိုဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က မှာ ကြားထားပါတယ်” ဟု ပြန်လည် ပြောပြသည်။

ထိုသို့ သတင်းများ ထွက်ပေါ်နေသည့်အပေါ် ဗဟိုဘဏ်တွင် ထရီလီယံနှင့်ချီသော ငွေကြေးအလုံအလောက် ရှိနေ ကြောင်းနှင့် ဗဟိုဘဏ်အနေဖြင့် ဘဏ်များအား နေ့စဉ်ကြီးကြပ်နေသဖြင့် ပြည်သူများ စိတ်ပူရန်မလိုကြောင်း ဗဟိုဘဏ် ဒု ဥက္ကဋ္ဌ ဦးစိုးမင်းကလည်း ယနေ့ လွှတ်တော်အတွင်း သတင်းထောက်များကို ပြောဆိုသည်။

ဦးစိုးမင်း က “ဗဟိုဘဏ်က ငွေကြေးမူဝါဒကို တောက်လျှောက်ကိုင်တွယ်ပြီးတော့ ဆောင်ရွက်လာတာဖြစ်တဲ့ အတွက် ဒါက တော့ ထူးထူးခြားခြားတော့ မရှိပါဘူး။ သို့သော် ပြည်သူတွေကိုတော့ စိတ်မပူစေချင်ဘူး” ဟု ပြောသည်။

ထိုသို့ ဈေးကွက်အတွင်း ကောလာဟလများ ထွက်ပေါ်နေသဖြင့် ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဥက္ကဋ္ဌ ဖြစ်သူ ဒေါ်ခင်စန်းလှိုင်က စက်တင်ဘာ ၅ ရက်က ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်နှင့် သွားရောက် တွေ့ဆုံခဲ့ပြီး လက်ရှိ ဖြစ်ပေါ်နေသည့် အခြေအနေများကို မေးမြန်းခဲ့ကြောင်း သိရသည်။

ဒေါ်ခင်စန်းလှိုင်က ယခု ဖြစ်ပေါ်နေသည်မှာ စိုးရိမ်ရမည့် အခြေအနေမဟုတ်ကြောင်း၊ စိုးရိမ်ရသည့် အခြေအနေ ဖြစ်ပါက ဗဟိုဘဏ်ဘက်ကလည်း ထိန်းကျောင်းမည် ဖြစ်သကဲ့သို့ နိုင်ငံတော်အနေဖြင့်လည်း ပြည်သူလူထုကို သိရှိစေရန် အတွက် ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း ယနေ့ လွှတ်တော်၌ သတင်းထောက်များကို ပြောဆိုသည်။

ဒေါ်ခင်စန်းလှိုင် က “ထွက်ပေါ်နေတဲ့ ကောလဟလတွေဟာ နိုင်ငံတော်ရဲ့ကျမတို့ ရှေ့ဆက်သွားနေတဲ့ ဒီလုပ်ငန်းစဉ်တွေ ထဲမှာ ပြောမယ်ဆိုရင်တော့ အနှောင့်အယှက်တွေ ဖြစ်လာဖို့ရာ အတွက်ကို မျှော်လင့်ပြီးတော့ လုပ်နေတယ်လို့ ယူဆတယ်” ဟု ပြောသည်။

ဘဏ်ချေးငွေကိစ္စ ထွက်လာမှုများကြောင့် ဘဏ်များမှ ငွေထုတ်ခြင်း၊ ငွေထုတ်၍ ရွှေဝယ်ယူစုဆောင်းသူများလည်း ရှိလာ ကြောင်း ဈေးကွက်အတွင်းက သိရှိရသည်။

ဗဟိုဘဏ်၊ ပုဂ္ဂလိကဘဏ်များ ဂယက်ကြောင့် ရွှေဈေးနှုန်းလည်း မြင့်တက်နေရခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ဧရာဝတီသု့ိ ပြောသည်။

ဦးမျိုးမြင့် က “ပြီးခဲ့တဲ့ ရက်ပိုင်းက ဈေးကွက်ထဲမှာ ပိုက်ဆံတွေ ကိုင်ပြီးတော့ အတင်း လိုက်ဝယ်နေကြတာ။ မနေ့ကဆိုရင် ဈေးအပြိုင်တွေ ပေးပြီး ကြိုက်တဲ့ ဈေးပေးပြီး ဝယ်သွားကြတာ။ ဒီနေ့တော့ အဲဒီလို ရိုက်ခတ်မှုတွေ မရှိတော့ပါဘူး။ ငြိမ် သွားပါပြီ” ဟု ပြောသည်။

ရွှေဈေးအနေဖြင့် စက်တင်ဘာလ ၅ ရက်တွင် အကယ်ဒမီအခေါက်ရွှေ ၁ ကျပ်သားလျှင် ငွေကျပ် ၁၃ သိန်း ၇ ထောင်ခန့် အထိ မြင့်တက်လာခဲ့သည်။

သြဂုတ်၂၇ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဗဟိုဘဏ်အနေဖြင့် ပြန်မဆပ်နိုင်သည့် ချေးငွေ (NPL) ကို သတ်မှတ်ရာတွင် ဘဏ်တခုချင်းစီ၏ သဘောသဘာဝ အပေါ်မူတည်၍ သတ်မှတ်ပေးနိုင်ခြင်း ရှိ မရှိ မေးခွန်း ကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က မေးမြန်းခဲ့ သည်။

ယင်းမေးမြန်းချက် အပေါ် ဗဟိုဘဏ် ဒု ဥက္ကဋ္ဌ တဦးဖြစ်သူ ဦးစိုးသိမ်းက လက်ရှိ လုပ်ငန်းရှင်များ၏ အခက်အခဲများကို သိရှိပါကြောင်း၊ သို့သော်လည်း ဘဏ်များက ထုတ်ချေးပေးထားသည့် ငွေကြေးသည်ဘဏ်၏ ပိုက်ဆံများ မဟုတ်ဘဲ အများပြည်သူများ အပ်နှံထားသည့်ငွေကြေးများ ဖြစ်ကြောင်း ဖြေကြားခဲ့သည်။

ထို့နောက် ကိုယ်စားလှယ် ဦးမောင်မြင့်၏ ဆက်စပ်မေးခွန်းကို ဖြေကြားရာ၌ ဗဟိုဘဏ်အနေဖြင့် လုပ်ငန်းရှင်များ၏ ပြဿနာများကို တတ်နိုင်သလောက် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း၊ အချိန်လည်း အများကြီးစောင့်ခဲ့ပြီး ဖြစ်၍ နောက်ထပ် အလျှော့ပေးပြီး ဆောင်ရွက်ရန် အနေအထားမျိုးမရှိကြောင်း ပြောသည့်အခါ ယင်းဖြေဆိုမှုသည် ဘဏ်လုပ်ငန်းရှင် အသိုင်း အဝိုင်းကြား၌ ရိုက်ခတ်မှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading