ပြည်တွင်းရှိ ကြံစိုက်တောင်သူများက ၎င်းတို့ရင်ဆိုင် ကြုံတွေ့နေရသော အခက်အခဲများကို နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် တင်ပြသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များ အသင်းနှင့် ကြံစိုက်တောင်သူများထံမှ သိရသည်။
လုပ်ငန်းရှင်များနှင့် ကြံစိုက်တောင်သူများ၏ အခက်အခဲများကို ဖြေရှင်းရန်အတွက် နေပြည်တော်တွင် စက်တင်ဘာလ ၁၀ ရက်နှင့် ၁၁ ရက်တို့၌ ပြုလုပ်မည့် သကြားဖိုရမ်မှတဆင့် တင်ပြသွားရန်စီစဉ်ထားကြောင်း မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးစိုးလင်း က ပြောသည်။
ဥက္ကဋ္ဌ ဦးစိုးလင်း က “ဒီအကျပ်အတည်းတွေကို တင်ပြဖို့ ဖိုရမ်မှာတော့ ဒုသမ္မတအဆင့်ထိ ဖိတ်ကြားထားပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံအထိတော့ စာနဲ့တင်ပြရမှာပါ” ဟု ပြောသည်။
၎င်းကဆက်၍ “ကြံ၊ သကြားဈေးကွက်မှာ ပြည်ပက သကြားတွေ စုပုံနေတဲ့ အခါကျတော့ ကျနော်တို့မှာ ဈေးကွက် ပျက်နေတယ်။ ဒါကြောင့် ကြံစိုက် တောင်သူတွေကို ကြိုတင်ငွေ ပေးချေဖို့ သကြားစက်ရုံတွေက တော်တော်လေး မတတ်နိုင်ကြဘူး။ ကြံစိုက်တောင်သူကလဲ စိုက်စရိတ်ကြီးတော့ ကြံဈေးနှုန်းနည်းနည်းနဲ့ သူတို့မစိုက်နိုင်ကြဘူး” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် သကြားထုတ်လုပ်ရာ၌ ကြံစိုက်ပျိုးမှု ကုန်ကျစရိတ်မြင့်မားခြင်း၊ နယ်စပ်မှ တရားမဝင် သကြားများ ဝင်ရောက်ခြင်း၊ တရုတ်သို့ တင်ပို့ရန် သကြားများ နယ်စပ်တွင် ပိတ်မိနေခြင်း၊ ပြည်တွင်း၌ သကြားဈေးကွက် ပျက်နေ၍ နောက်ဆက်တွဲအနေနှင့် ကြံစိုက်တောင်သူများ စိုက်ပျိုးမှုမပြုလုပ်နိုင်သည်အထိ အခက်အခဲများ ဖြစ်လာကြောင်း ဒေသခံကြံစိုက်တောင်သူများက ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် ကြံစိုက်တောင်သူ ဦးချိုတူး က “အမှန်ကတော့ သကြားတွေမရောင်းရတာပဲ။ အခု လက်ဖက်ရည်ဆိုင် မုန့်ဆိုင် အကုန်လုံးက မြန်မာသကြားတွေ မသုံးကြတော့ဘူး။ ပြည်ပသကြားတွေ သုံးကြတယ်။ ဒီသကြားတွေ စသွင်းတုန်းက လုပ်ငန်းသုံးအနေနဲ့ သွင်းတာ။ ဈေးနှုန်းအနေနဲ့ ပြည်ပသကြား နဲ့ ပြည်တွင်းက ယှဉ်မရောင်းနိုင်တော့ ပြည်တွင်းသကြားက ဈေးကွက် ပျက်သွားတာ” ဟု ဧရာဝတီသို့ပြောသည်။
ကြံတဧက စိုက်ပျိုးစရိတ်မှာ ကျပ် ၇ သိန်း ဝန်းကျင်ရှိပြီး ၁ ဧကလျှင် ပုံမှန်အားဖြင့် ကြံတန်ချိန် ၃၀ ထွက်ရှိသော်လည်း ယခုနှစ်တွင် ရာသီဥတု မကောင်းခြင်းကြောင့် ၁ ဧကလျှင် ကြံ ၁၅ တန်သာထွက်ခြင်းကြောင့်လည်း အထွက်နှုန်း လျှော့ကျလာကြောင်း မန္တလေးတိုင်းဒေသကြီး တကောင်းမြို့နယ်မှ ဦးမြူတင်က ပြောသည်။
ယင်းအပြင် ပြည်တွင်းဈေးကွက်တွင် သကြား ရောင်းမကောင်းသောကြောင့်လည်း စက်ရုံများမှ ကြံဝယ်ယူရာတွင် ယခင်က ၁ တန်လျှင် ကျပ် ၅၀၀၀၀ ဈေးမှ ယခုအခါ ကျပ် ၃၈၀၀၀ အထိ ဈေးနှုန်းများလျှော့ချ ဝယ်ယူလာကြောင်း ၎င်းက ဧရာဝတီသို့ ပြောသည်။
ဦးမြူတင် က “ကျနော် ရာသီဥတုဖောက်လို့ နည်းတက တမျိုး။ ဈေးနှုန်းက လျှော့ချပစ်တာနဲ့ ဆိုတော့ ကျနော်တို့ ၁ ဧက စိုက်ရတာက ကျပ် ၇ သိန်း၊ ပြန်ရတာက ကျပ် ၃ သိန်းလောက်ပဲ ရတော့ ထက်ဝက်ကျော်ရူံးပြတယ်။ အဲတော့ ကျနော်တို့ စားဝတ် နေရေးရော၊ ကလေးတွေ ကျောင်းပညာရေးပါ ထိခိုက်လာတယ်” ဟု လက်ရှိကြုံတွေ့နေရသော အခက်အခဲကို ရှင်းပြသည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် မှစတင်ပြီး သကြား re-export တင်ပို့ခြင်းကို ရပ်ထားခဲ့ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြည်တွင်း၌ စက်မှုကုန်ကြမ်းသုံးသကြား မထုတ်လုပ်နိုင်သောကြောင့် အချိုရည်ထုတ်လုပ်သည့် စက်ရုံများ၊ ကော်ဖီမစ်ထုတ်လုပ်သော လုပ်ငန်းများ၊ နို့ချက်လုပ်သည့် စက်ရုံများ အစရှိသည့် ကုမ္ပဏီ ၁၀ ခုအတွက် လုပ်ငန်းသုံး သကြားကို ပြည်ပမှ တင်သွင်းခွင့်ပြုထားကြေင်း ယင်းဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ဧရာဝတီသို့ ပြောသည်။
ဦးခင်မောင်လွင် က “အဓိက ပြဿနာက စက်ရုံတွေအနေနဲ့ စီးပွားရေး တွက်ချေကိုက်အောင် မဆောင်ရွက်နိုင်တာ။ ဥပမာထိုင်းရှိတဲ့ စက်ရုံတွေက ထုတ်လုပ်မှု ကုန်ကျစရိတ် သက်သာအောင် လုပ်နိုင်တဲ့ အခါကျတော့ သကြားဈေးနှုန်းက နည်းတယ်။ ဒီမှာက ထုတ်လုပ်မှု ကုန်ကျစရိတ်ကများတော့ ဈေးကွက်က ဈေးနှုန်း အများဆုံးပေးနိုင်တဲ့ တရုတ်ကိုပဲ အားထားနေရတယ်။ တရုတ်ကလည်း သကြားတို့ ဆန်တို့ ပြောင်းတို့ကို ကန့်သတ်ထားတာ ဖြစ်တဲ့အတွက် ခက်ခဲတယ်”ဟု ဈေးကွက်အခြေနေကို ရှင်းပြသည်။
ထို့ကြောင့် ကြံ၊ သကြားဈေးကွက် ဖွံ့ဖြိုးရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လုပ်ငန်းရှင်များ၊ ဒေသခံ ကြံစိုက်တောင်သူများ နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ပူးပေါင်း၍ အဖြေရှာ ဆောင်ရွက်ရမည် ဖြစ်ကြောင်းလည်း ထောက်ပြသည်။
“ဒီကိစ္စက ရေတိုလုပ်လို့မရဘူး။ ရေရှည်လုပ်ရမှာဖြစ်တယ်။ မှောင်ခိုဈေးကွက် နယ်စပ်က ဝင်တယ်ဆိုတာကတော့ စီမံဘဏ္ဍာက လုပ်နေတာရှိပါတယ်။ တရားမဝင်ကုန်စည်တွေကို ဖမ်းတာရှိပါတယ်” ဟု ဦးခင်မောင်လွင် က ပြောသည်။
ပြည်တွင်းသကြားလိုအပ်ချက် မည်မျှရှိသည်ကိုလည်း လုပ်ဆောင်ရမည်ဖြစ်သည့်အပြင် စီးပွားရေးတွက်ချေကိုက်ရန် အတွက် စက်ရုံများအနေနှင့် ကြိုတင်ပြင်ဆင်ချက်များကို ဆောင်ရွက်သင့်ကြောင်းလည်း တိုက်တွန်းသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေနှင့်လည်း လက်ရှိတွင် တရုတ်သို့ မူဆယ်နယ်စပ်မှ သကြားတင်ပို့ခွင့် ကိုယ်တာ ရရှိရန်အတွက် အစိုးရချင်း တောင်းဆိုထားသည့်အပြင် တမူးနယ်စပ်မှ တဆင့် အိန္ဒိယသို့ သကြား စမ်းသပ် တင်ပို့မှုများကိုလည်း စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ဦးခင်မောင်လွင်က ပြောသည်။
မူဆယ်နယ်စပ်မှ သကြားကုန်သည် ဦးမင်းသိန်း က “ဒီလထဲ တရုတ်ဖက်က ပါမစ်ရမယ်။ ဦးတော့ အခုလာမယ့် ၁၅ ရက်မကျော်လောက်ဘူး။ ဒါဆို သကြားတင်ပို့လို့ ရပြီ။ အခုက အိတ်ရေ ၁၅ သိန်းလောက်တော့ ဂိုထောင်ထဲမှာပိတ်မိ နေတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဓိကအားဖြင့် တရုတ်နိုင်ငံမှ သကြားအဝယ်မရှိခြင်း၊ ယခင် re-export တင်ပို့ခွင့် ပြုထားသည့်အချိန်က ဝင်ရောက်ထားသော သကြားများပြည်တွင်း၌ ပုံနေခြင်းတို့ကြောင့်လည်း ဈေးကွက်အတွင်း ဝယ်လိုအားနှင့် ရောင်းလိုအားမမျှကာ ဈေးကွက်ပျက်ခြင်းဖြစ်ကြောင်း ဦးမင်းသိန်း က ဆိုသည်။
လက်ရှိတွင် ကြံနှင့်သကြား ဈေးကွက်ဖွံ့ဖြိုးလာရေးအတွက် ရည်ရွယ်ပြီး ကြံ၊ သကြား ဥပဒေကြမ်းကို ရေးဆွဲနေပြီး ဒုတိယ လွှတ်တော်သက်တမ်းတွင် တင်ပြသွားမည်ဖြစ်ကြောင်းလည်း မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များ အသင်းမှ သိရသည်။
You may also like these stories:
ပြည်တွင်း၌ သကြား တန် ၁ သိန်းခွဲကျော် ပိတ်မိနေ၍ သကြားဈေးကျဟုဆို
ပြည်ပ ဈေးကွက်ကို မယှဉ်နိုင်သဖြင့် မန္တလေး သကြားစက်ရုံ တချို့ ရပ်ဆိုင်း