ထိုင်းနိုင်ငံ ကန်ကရာချန် သစ်တော အတွင်းမှ ကရင်လူမျိုးများ အရေး တက်ကြွ လှုပ်ရှားသူ ဘီလီမှာ ရက်စက်စွာ အသတ်ခံရခြင်း ဖြစ်ကြောင်း အထူးစုံစမ်းစစ်ရေးဌာနက ဆိုလိုက်ပြီး သံသရှိသူများကို ဖော်ထုတ်မည်ဟု ဆိုလိုက်သည်။
ထိုင်းနိုင်ငံသား ကရင်လူမျိုးတဦးဖြစ်သည့် ပေါ်လာဂျီ ဘီလီသည် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် နေရာအဖြစ် ယူနက်စကိုမှ အသိအမှတ်ပြုရေး ကြိုးစားဆောင်ရွက်နေသည့် ကန်ကရာချန် သစ်တော အတွင်း နေထိုင်သည် ရှေးရိုးကရင်လူမျိုးများ အား မောင်းထုတ်ခြင်းနှင့် နေအိမ်များ ဖျက်ဆီးခံရ ခြင်းကို ဆန့်ကျင်ကန့်ကွက်ရင်း ၂၀၁၄ ခုနှစ် ဧပြီလက ပျောက်ဆုံးသွား ခြင်း ဖြစ်သည်။
ထိုင်းအထူး စုံစမ်းစစ်ရေးဌာနက သူ၏ မီးလောင်ကျွမ်းထားသော ဦခေါင်းခွံ အစိတ်အပိုင်းတခုကို ဖက်ချဘူရီခရိုင်ရှိ ကန်ကရာချန်ဆည်၏ ရေလှောင်ကန် အတွင်းမှ တွေ့ရှိပြီးနောက် ထိုသို့ ကောက်ချက်ချခဲ့ခြင်း ဖြစ်သည်။
အထူး စုံစမ်းစစ်ဆေးရေးဌာန စုံထောက်များနှင့် အခြားအဖွဲ့အစည်များမှ အရာရှိများသည် ထိုပျောက်ဆုံးမှုနှင့် ပတ်သက်သော အထောက်အထားများကို စုံစမ်းစစ်ဆေးရန် ပူးပေါင်းခဲ့ကြောင်း ဒုတိယညွှန်ကြားရေးမှူးချုပ် ကိုရာဝပ် ပန်ပရာပက်ကွန်က ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၂၆ ရက်နေ့နှင့် မေလ ၂၂ မှ ၂၄ ရက်နေ့အတွင်း ဘန်ကောက်မြောက်ပိုင်းရှိ မောင်းကွတ်ဘုရင့် နည်းပညာ တက္ကသိုလ်မှ ဆိုနာကိရိယာ တပ်ဆင်ထားသော ရေအောက်သွား မောင်းသူမဲ့ယာဉ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရေငုပ်သမားများသည် ကြိုးတံတားတခုအောက် ရေလှောင်ကန် ကြမ်းပြင် နေရာများကို ပိုက်စိတ်တိုက် ရှာဖွေခဲ့ပြီးနောက် သူ့၏ အရိုးစုကို တွေ့ရှိခြင်းဖြစ်သည်။
ထိုအဖွဲ့သည် ဆီတိုင်ကီတလုံး၊ ၎င်း၏အဖုံး၊ သံချောင်းနှစ်ချောင်း၊ မီးလောင်ကျွမ်းထားသော သစ်အပိုင်းအစ တခုနှင့် အရိုးနှစ်ခုတို့ကို ရှာဖွေတွေ့ရှိခဲ့သည်။ ထိုအပိုင်းအစများ အနက် တခုမှာ လူဦးခေါင်းခွံ အပိုင်းအစ ဖြစ်ကြောင်း တရားရေးဝန်ကြီးဌာန သေမှုသေခင်း ဆေးပညာဗဟို သိပ္ပံက တွေ့ရှိခဲ့သည်။ ထိုအရိုးကို မီးရှို့ထားပြီး အပူချိန်မြင့်မားသည့် ၂၀၀ မှ ၃၀၀ ဒီဂရီ ဆဲလ်စီးယပ်အထိ မီးရှို့ထားသောကြောင့် အက်ကွဲပြီး ကျုံ့ဝင်နေသည်။
ဆီတိုင်ကီ၏ အောက်ခြေတွင် တွေ့ရသော လက်မအရွယ်ရှိ ထိုအရိုး ဦးခေါင်းခွံနောက်ပိုင်းမှ အရိုးသည် စုံစမ်း စစ်ဆေးသူ များအနေဖြင့် သေဆုံးသူမည်သူ ဖြစ်သည်ကို ဖော်ထုတ်နိုင်စေသောကြောင့် အရေးပါသော အထောက်အထား ဖြစ်သည်။
ထိုအရိုး၏ မျိုးဗီဇ နမူနာသည် ပေါ်လာဂျီ၏ မိခင်မျိုးဗီဇနှင့် တူညီနေသောကြောင့် ပေါ်လာဂျီ၏ အရိုး ဖြစ်ကြောင်း အထူး စုံစမ်းစစ်ဆေးရေးဌာနက ကောက်ချက်ချခဲ့သည်ဟု ဒုရဲမှူးကြီး ကိုရာဝပ်က ပြောသည်။
“ဘီလီ အသတ်ခံရတယ်လို့ အထူးစုံစမ်းစစ်ဆေးရေး ဌာနက ကောက်ချက်ချခဲ့ပေမယ့် သူဘယ်လို အသတ် ခံရတယ် ဆိုတာကို မသိပါဘူး။ ရာဇဝတ်မှုကို ဖုံးကွယ်ဖို့ အလောင်းကို မီးရှို့ခဲ့တယ်လို့ ယူဆရပါတယ်” ဟုလည်း သူက ပြောသည်။
ရေငုပ်သမားများသည် ထိုနေရာကို သြဂုတ်လ ၂၈ မှ ၃၀ ရက်နေ့အထိ ဆက်လက်ရှာဖွေရာ နောက်ထပ် အရိုးအပိုင်းအစ ၂၀ ကို ထပ်မံတွေ့ရှိခဲ့ပြီး ၈ ခုမှာ လူအရိုးများဖြစ်ကြောင်း သိရှိရသည်။
ထိုသတ်ဖြတ်မှုမှာ ညှဉ်းပမ်းနှိပ်စက် သတ်ဖြတ်မှု ဖြစ်ကြောင်း စုံစမ်းစစ်ဆေးသူများက ကောက်ချက် ချပြီး သံသယရှိသူများနှင့် ပတ်သက်သည့် အချက်အလက် သဲလွန်စများ လည်း ရရှိထားကြောင်း ကိုရာဝပ်က ပြောသည်။
ပေါ်လာဂျီကို ၂၀၁၄ ခုနှစ် ဧပြီလ ၁၇ ရက်နေ့က ပြည်နယ်အရာရှိများ၏ ချုပ်နှောင်မှုတွင် နောက်ဆုံး တွေ့ခဲ့ရသည်။ သူ့ကို ဖမ်းဆီးစဉ်က သူသည် သူ၏ ဆွေမျိုး ကရင်လူမျိုးများ အနေဖြင့် ကန်ကရာချန် အမျိုးသား ဥယျာဉ် အကြီးအကဲဟောင်း ချိုင်ဝပ် လမ်လီကီတက်ဆွန်ကို တရားစွဲရန် ကူညီနေချိန်ဖြစ် သည်။
ထိုအမျိုးသားဥယျာဉ် အကြီးအကဲဟောင်းသည် ကရင်လူမျိုးများကို ဥယျာဉ်မှ မောင်းထုတ်မှုများတွင် ၎င်းတို့၏ ဝါးတဲများနှင့် စပါးကျီများကို မီးရှို့ခဲ့သောကြောင့် တရားစွဲခြင်းဖြစ်သည်။
ပေါ်လာဂျီသည် သဘာ၀ ပျားရည် လိုက်လံ စုဆောင်းနေသောကြောင့် ဖမ်းဆီးခြင်းဖြစ်ကြောင်းနှင့် သတိပေးပြီး ပြန်လွှတ် ခဲ့ကြောင်း ချိုင်ဝပ်က ပြောသည်။
ပေါ်လာဂျီ ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး ချိုင်ဝပ်နှင့်အဖွဲ့ကို လူသတ်မှုဖြင့် တရားစွဲခဲ့သော်လည်း အထောက်အထား မရှိသောကြောင့် နောက်ဆုံးတွင် ပြန်လွှတ်ပေးခဲ့ရသည်။
လွန်ခဲ့သောနှစ် ဇွန်လက အထူး စုံစမ်းစစ်ဆေးရေးဌာနသည် ထိုအမှုကို အထူး စုံစမ်းစစ်ဆေးမှုအဖြစ် လက်ခံခဲ့သည်။
သို့သော် ပြည်နယ် အရာရှိအချို့သည် အမှုတွင် တရားစွဲဆို ခံရသောကြောင့် စုံစမ်းစစ်ဆေးမှု အစီရင်ခံ စာကို အမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံ ပေးပို့ပြီး ထပ်မံ စုံစမ်းစစ်ဆေး စေခဲ့ရသည်။
လွန်ခဲ့သောနှစ် ဒီဇင်ဘာက စုံစမ်းစစ်ဆေးမှုများ ပြီးစီးသောအခါ အမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် သည် အမှုကို အထူးစုံစမ်း စစ်ဆေးရေးဌာနသို့ ပြန်လည် လွှဲပြောင်းပေးခဲ့ သည်ဟု အထူး စုံစမ်း စစ်ဆေးရေးဌာန ညွှန်ကြားရေးမှူးချုပ် ပိုင်စစ်ဝမ်မူအန်၏ အဆိုအရ သိရသည်။
စုံစမ်းစစ်ဆေး သူများသည် ပြဿနာနှစ်ခု တွေ့ရှိခဲ့သည်။ ပထမပြဿနာတွင် ကန်ကရာချန် အမျိုး သား ဥယျာဉ်မှ အရာရှိများ ပါဝင်ပတ်သက်နေပြီး ၎င်းတို့သည် သဘာဝပျားရည် ရှာဖွေခြင်းနှင့် ပတ်သက်သော စုံစမ်းစစ်ဆေးမှုလုပ်ရန် ပေါ်လာဂျီကို ရဲတပ်ဖွဲ့ထံ လွှဲပေးရန် ပျက်ကွက်ခြင်း အတွက် တာဝန်ပျက်ကွက်မှု စွပ်စွဲချက်များ ရင်ဆိုင်နေရပြီး၊ ဒုတိယ ပြဿနာမှာ ပေါ်လာဂျီ ပျောက်ဆုံးခြင်းနှင့် ပတ်သက်သည်ဟု ရဲမှူးကြီး ပိုင်စစ်က ပြောသည်။
ပေါ်လာဂျီ၏ ဇနီးနှင့် မိခင်ကို သက်သေ အကာအကွယ်ပေးရေး အစီအစဉ်အရ စောင့်ရှောက်ထား ကြောင်းနှင့် အမှုကို လူပျောက်မှုမှ လူသတ် အလောင်းဖျောက်မှု စုံစမ်းစစ်ဆေးရေးအဖြစ် ပြောင်းလဲ သတ်မှတ် လိုက်ကြောင်း အထူး စုံစမ်းစစ်ဆေးရေးဌာန အကြီးအကဲကပြောသည်။
အထူး စုံစမ်းစစ်ဆေးရေးဌာန သတင်းစာ ရှင်းလင်းပွဲအပြီးတွင် ပေါ်လာဂျီ၏ ဇနီး ပင်နာပါ ပရပ်စာ ပန်က “ဘီလီရဲ့ အရိုးဓာတ်ပုံကို တွေ့လိုက်ရတော့ လည်ချောင်းထဲမှာ ဆို့နင့်သွားတယ်။ သူ့ကိုဘာလို့ သတ်ကြတာလဲ။ သူဘယ်သူ့ကိုမှ ဒုက္ခမပေးဘူး” ဟု ပြောသည်။
ခင်ပွန်းသည် ကာလကြာမြင့်စွာ ပျောက်ဆုံး နေသောကြောင့် သူ၏ ကံကြမ္မာကို သိပြီးဖြစ်ကြောင်း သူက ပြောသည်။
ခင်ပွန်းသည် ပျောက်သွားပြီးနောက် သူ၊ ကလေး ၅ ယောက်နှင့် ပေါ်လာဂျီ၏ မိခင်တို့ကိုပါ အစဖျောက်မည်ဟု လူ အများအပြားက ခြိမ်းခြောက်သောကြောင့် သူတို့အားလုံး လုံခြုံရေးအတွက် စိုးရိမ် နေရကြောင်း ပင်နာပါ ပြောသည်။
“ကျမတို့မိသားစုက ဘီလီကို ဒီလိုလုပ်တဲ့သူတွေဆီက လျော်ကြေး လိုချင်တာ မဟုတ်ဘူး။ ဒါပေမယ့် အမျိုးသားဥယျာဉ်၊ သားရိုင်းတိရစ္ဆာန်နဲ့ အပင် ထိန်းသိမ်း စောင့်ရှောက်ရေး ဌာနအနေနဲ့ ရွာသားတွေကို မောင်းထုတ်လိုက်တဲ့ နေရာတွေမှာ ပြန်ပြီး နေခွင့်ပေးစေချင်တယ်” ဟုလည်း သူက ပြောသည်။
အထူးစုံစမ်းစစ်ဆေးရေး ဌာန၏ စုံစမ်းစစ်ဆေးမှုများတွင် ပူးပေါင်းပါဝင်ရန် သူ၏ဌာနအနေဖြင့် အသင့်ရှိကြောင်း အမျိုးသားဥယျာဉ်၊ သားရိုင်းတိရစ္ဆာန်နှင့် အပင် ထိန်းသိမ်းစောင့်ရှောက်ရေး ဌာန ညွှန်ကြားရေးမှူးချုပ် သန်ညာ နက်တီသန်မာကူက ပြောသည်။
ထိုင်းနိုင်ငံသည် ကန်ကရာချန် သစ်တောကြိုးဝိုင်းကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရေး ၂၀၁၃ ခုနှစ်ကတည်းက ကြိုးစားနေ ခြင်းဖြစ်သည်။
ယင်းသစ်တောမှာ မြန်မာပိုင်နက်ဖြစ်သည့် တနင်္သာရီ သစ်တောကြိုးဝိုင်းနှင့် ဆက်စပ်နေပြီး၊ ထိုင်း နိုင်ငံမှ ပေးပို့ လာသည့် ကိုအောဒိနိတ် ဆုံမှတ်ကို မြန်မာနိုင်ငံ မြေစာရင်းဌာနက ပြန်လည် စိစစ်ရာ မြန်မာပိုင်နက် နယ်မြေအတွင်း ၃၄ ရာခိုင်နှုန်း (၁၇၇၂.၆၅ စတုရန်းမိုင်)ခန့် ထည့်သွင်းထားသည်ကို တွေ့ရ၍ မြန်မာမှ ၂၀၁၆ ခုနှစ်တွင် ကန့်ကွက်ခဲ့သည်။
ထို့အတွက် ယူနက်စကိုက နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှု (Transboundary Cooperation) ကို မြန်မာနှင့် အတူ ဆောင်ရွက်ရန် အကြံပြုခဲ့သည်။
ထို့အတွက် မြန်မာနိုင်ငံဘက်မှ စိုးရိမ်မှုကို တုံ့ပြန်သည့် အနေဖြင့် သစ်တောနယ်နိမိတ် သတ်မှတ်မှုကို ထိုင်းအစိုးရက လျော့ချပေးခဲ့ကြောင်း ၄၃ကြိမ်မြောက် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် ကော်မတီက မှတ်ချက်ချခဲ့သော်လည်း မြန်မာပိုင် နက်အတွင်း ရာခိုင်နှုန်းတော်တော်များများ ပါဝင်နေသေးကြောင်း ဧရာဝတီက စုံစမ်းသိရသည်။
ဆက်စပ်ဖတ်ရှု့ရန်
ထိုင်းနိုင်ငံ ကန်ကရာချန် သစ်တောကို ယူနက်စကို အသိအမှတ်ပြုရေး မအောင်မြင်
ကရင်တိုင်းရင်းသားများ အရေး ဖြေရှင်းပေးမည်ဟု ကန်ကရာချန် အုပ်ချုပ်ရေးမှူး ကတိပြု