ရှေ့ဆက်ရမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၌ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA)မှ သွေဖည်လွဲချော်သွား၍ မဖြစ်ကြောင်း အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)ဒုဥက္ကဌ ဦးထွန်းထွန်းဦးက ပြောသည်။
အစိုးရ၏ NRPC မှ ဒုဥက္ကဌ ဦးထွန်းထွန်းဦး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ကရင်အမျိုးသား အစည်းအရုံး(KUN) မှ ဒုဥက္ကဌ ပဒိုစောကွယ်ထူးဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ ယနေ့ ရန်ကုန်မြို့ NRPC တွင် အလွတ်သဘော တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရှေ့ဆက်နိုင်ရေး ဆွေးနွေးစဉ် အထက်ပါ အတိုင်း ပြောခြင်း ဖြစ်သည်။
NRPC ဒုဥက္ကဌ ဦးထွန်းထွန်းဦးက“ကျနော်တို့ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ NCA ကို အခြေပြုပြီး ပေါ်ပေါက်ခဲ့တာ ဖြစ်တဲ့ အတွက် ကျနော်တို့ ရှေ့ဆက်သွားမယ် လုပ်ငန်းစဉ်တွေမှာလည်း NCA ကနေ သွေဖည်လွဲချော်လို့တော့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်လည်း နိုင်ငံတော်အစိုးရအနေနဲ့ NCA ကို ဗဟိုပြု တဲ့ လုပ်ငန်းစဉ် လေးရပ်ကို ဖော်ထုတ်ကမ်းလှမ်းခဲ့တာ ဖြစ် ကြောင်းလည်း သတိပြုစေချင်ပါတယ်”ဟု ပြောသည်။
ထို့နောက် NCA သည် မိမိတို့ အားလုံး ပူးတွဲ တာဝန်ယူ တာဝန်ခံရမည့် ပဋိညာဉ်ဖြစ်သည်နှင့် အညီ NCA ၏ အပြင်သို့ ထွက်ပြီး သီးခြားလမ်းကြောင်း အသစ်များကို ဖော်ဆောင်ခြင်းသည် မိမိတို့ အားလုံးအတွက် ကိုယ့် ပဋိညာဉ်ကို ကိုယ်ပြန် ဖျက်ရမည့် အခြေအနေရောက်နိုင်ပါကြောင်း ၎င်းက ဆိုသည်။
KNU ဒုဥက္ကဌ ပဒိုစောကွယ်ထူးဝင်းကတော့ NCA အကောင်အထည်ဖော်ရာတွင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို ခိုင်မာ အောင် ဆောင်ရွက်ရန် လိုအပ်နေသလို နိုင်ငံရေးဆွေးနွေးပွဲများ အားကောင်းရန် လည်း လိုအပ်နေကြောင်း ဆိုသည်။
“NCA ဟာ ကျနော်တို့ နိုင်ငံသားအားလုံးအတွက်၊ နိုင်ငံငြိမ်းချမ်းရေးအတွက်၊ တိုင်းရင်းသားများ ပြန်လည်သင့်မြတ်ရေး အတွက်၊ ကျနော်တို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည် ဖော် ထားတဲ့ စာချုပ်ဖြစ်တယ်။ ဒီစာချုပ်ကို ဆောင် ရွက်ရာမှာ ကျနော်တို့ အပစ်အခတ်ရပ်စဲရေး ခိုင်မာဖို့ အတွက် နိုင်ငံရေးဆွေးနွေးမှု အောင်မြင်တိုးတက်ဖို့ လိုတယ်၊ ဒီလိုပဲ နိုင်ငံရေးဆွေးနွေးမှု တိုးတက် ရေးကလည်း အပစ်အခတ်ရပ်စဲရေး ခိုင်မာအောင်လုပ်တာဖြစ်တယ်။ ဒီတိုးတက်မှု နှစ်ခုက အပြန်အလှန် အကျိုးပြု တာဖြစ်တယ်”ဟု သူက ပြောသည်။
ယနေ့ တွေ့ဆုံဆွေးနွေးပွဲတွင် အစိုးရဘက်မှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေး လမ်းကြောင်း ၄ ရပ် အဆိုပြုထား ခြင်းအပေါ် အပြန်အလှန် ဆွေးနွေးကြမည် ဖြစ်သလို ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစု ပင်လုံ အစည်းအဝေး ဆက်လက် ကျင်းပနိုင်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေးနှင့် နှစ်ဖက်ကွဲပြားမှုများကို ဘုံသဘောတူညီမှု ရရှိ နိုင်ရေး စသည့် ကိစ္စများကို ဆွေးနွေး ကြမည် ဖြစ်ကြောင်း NRPC ဒုဥက္ကဌ ဦးထွန်းထွန်းဦးက ပြောသည်။
“မမျှော်လင့်ပဲ ဖြစ်ပေါ်လာခဲ့တဲ့ မကျေလည်မှုတွေ၊ အကြောင်းအမျိုးမျိုးကြောင့် ပေါ်ပေါက်ခဲ့တဲ့ မကျေ လည်မှု တွေကို ခြုံငုံ သုံးသပ်ပြီးတော့ အစိုးရအနေနဲ့ တပြိုင်တည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်သွားမယ့် လမ်းစဉ်လေးရပ်ကို ဖော်ထုတ် ပြီးတော့ ကမ်းလှမ်းခဲ့တာ ရှိပါတယ်”ဟု ၎င်းက ဆိုသည်။
ထိုကမ်းလှမ်းမှုများမှာ ရှေ့ဆက်ရမည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ NCA အရ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ၌ ဖက်ဒရယ် အခြေခံမူတွေ ရရှိနိုင်မှု ကိစ္စ၊ ၂၀၂၀ အလွန်နဲ့ ၂၀၂၀ မတိုင်ခင်မှာ အစိုးရနဲ့ တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းများကြား အဆင့်အလိုက် လုပ်ဆောင်ရမည့်ကိစ္စ၊ တိုင်းရင်းသားဒေသများတွင် ငြိမ်းချမ်းရေး ရလဒ်များ ရရှိစံစားနိုင်ရန် စီမံကိန်းများ ချမှတ်ဆောင်ရွက်ဖို့ ဖြစ်ကြောင်း သိရသည်။
KNU ဒုဥက္ကဌ ပဒိုစောကွယ်ထူးဝင်းကတော့ အမြင်များ တထပ်တည်း တူညီနိုင်ခြေမရှိကြောင်း၊ မတူကွဲပြား နေသော အမြင်များကို နှစ်ဖက်လက်ခံနိုင်မည့် အခြေအနေသို့ ရောက်ရှိအောင် အဖြေရှာနိုင်မည်ဟု ယုံကြည်ကြောင်း ဆိုသည်။
ယနေ့ တွေ့ဆုံမှုသည် အစိုးရနှင့် KNU ကိုယ်စားလှယ်များကြား ၁၁ ကြိမ်မြောက် တွေ့ဆုံမှုဖြစ်ပြီး၊ ပြီးခဲ့သည့် သြဂုတ် ၂၀ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံ ဆွေးနွေးပွဲ၏ အဆက်ဖြစ်ကြောင်း သိရသည်။
KNU သည် NCA စာချုပ်ကို လက်မှတ်ထိုးထားသည့် လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၁၅၊၁၆ ရက်များက ၁၀+၁၀ ထိပ်သီး အစည်းအဝေး၌ အစိုးရနှင့် တပ်မတော်၏ ခွဲမထွက်ရေး ကတိပြုပေးရန်နှင့် တခုတည်းသော တပ်မတော် လက်ခံပေးရေး အဆိုပြုချက်အပေါ် သဘောထား အမြင်များ ကွဲလွဲခဲ့ကြပြီး နောက် နိုဝင်ဘာ၌ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တရားဝင် အစည်းအဝေးများ တက်ရောက်နေခြင်းကို ယာယီ ရပ်ဆိုင်းကြောင်း ထုတ်ပြန်ခဲ့သည်။
ထို့နောက် စတုတ္ထအကြိမ် ကျင်းပရန် သဘောတူထားသော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစု ပင်လုံ အစည်း အဝေး အပါအဝင် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ၊ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC)၊ NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (JICM)၊ နိုင်ငံရေး မူဘောင်သုံးသပ် အစည်းအဝေး စသည့် တရားဝင် အစည်းအဝေး များ ကျင်းပနိုင်ခြင်း မရှိဘဲ ဖြစ်နေသည်။
You may also like these stories:
NCA တွင် UWSA ပါလာရေး ဆွေးနွေးနေဟု အစိုးရပြော
NCA ထိုးရန် အဆင်သင့် မဖြစ်သေးဟု KNPP ပြော
ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပျက်ပြယ်ရန် လုပ်ဆောင်နေသူများ ရှိဟု NRPC ပြော
တိုက်ပွဲများ ရပ်တန့်ရေး တပ်မတော်နှင့် ဆွေးနွေးရန် မြောက်ပိုင်းအဖွဲ့ သဘောတူ