ကချင်ပြည်နယ်ထွက် ကျောက်စိမ်းကြောင့် တရုတ်နိုင်ငံတွင် ကမ္ဘာ့အဆင့်မီ မြို့ ကြီး ၅ မြို့ ပေါ်ထွန်းခဲ့ သော်လည်း ဖားကန့်တွင် လမ်းကောင်းကောင်းပင် မရှိသေးကြောင်း အာဏာရပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်တဦးက မနေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် တွင် ပြောသည်။
ယမန်နေ့ လွှတ်တော်တွင် ပြည်ထောင်စု အခွန်အကောက် ဥပဒေကို ဝင်ရောက် ဆွေးနွေးသည့် ကချင်ပြည်နယ်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့်က ထိုသို့ ပြောဆိုခြင်း ဖြစ်ပြီး လက်ရှိ ကျောက်စိမ်း အရိုင်း ထည်များကို ၁၅ ရာခိုင် နှုန်း အခွန်ကောက်နေခြင်းကို ၁၀ ရာခိုင်နှုန်းသာ ကောက်ခံရန်လည်း တိုက်တွန်းခဲ့ သည်။
မြန်မာနိုင်ငံတွင် ကျောက်စိမ်း ထွက်သော်လည်း ဈေးကွက်သည် တရုတ်နိုင်ငံ၌ ဖြစ်နေခြင်းက မြန်မာအနေဖြင့် ကျောက်စိမ်းအပေါ် အခွန်များသည့်အတွက် ဖြစ်ကြောင်း၊ အခွန်သက်သာသည့် တရုတ်တွင် ကမ္ဘာ့ကျောက်စိမ်း ဈေးကွက်ကြီး ဖြစ်ပေါ်နေကြောင်းလည်း ၎င်းက ထောက်ပြသည်။
ယင်းကျောက်စိမ်းဈေးကွက်ကို အကြောင်းပြုပြီး ကွမ်ကျိုး၊ ဖျင်ကျိုး၊ စင့်ဝှေ့၊ ကြယ်ရာ၊ ရွှေလီတို့ ကဲ့သို့ ကမ္ဘာ့အဆင်မီ မြို့ကြီးများ ပေါ်ပေါက်လာသော်လည်း မြန်မာပြည်ကျောက်စိမ်း ထွက်ရှိရာ ဖားကန့်၊ လုံခင်းတို့တွင် ကတ္တရာလမ်းပင် ကောင်းကောင်း မရှိကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်က ပြောသည်။
“ဖားကန့်အတက်လမ်းလည်း ချိုင့်ခွက်များနဲ့ပါ ကတ္တရာလမ်းတောင် မရှိသေးပါ။ လျှပ်စစ်မီးတောင် မနေ့တနေ့ကမှ ရရှိပါတယ်။ ကျောက်စိမ်းဈေးလည်း မရှိသေးပါဘူး။ အားပေးဖို့ လိုပါတယ်”ဟု ဦးခင်မောင်မြင့်က ပြောသည်။
ယင်းတရုတ်မြို့များသို့ ကျောက်စိမ်း လုပ်ငန်း သွားရောက် လေ့လာဖူုးသည့် ဖားကန့်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးတင်စိုးက ယခင် တံငါရွာလေး များသည် ယခုအခါ တကယ့် မြို့ ကြီး များ ဖြစ်နေသည်ကို တွေ့ရကြောင်း၊ ယင်းမြို့များတွင် ကျောက်စိမ်း ဈေးရောင်းပွဲများမှာ လ တိုင်း ရှိကြောင်း ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ နိုင်ငံမှာက တနှစ်မှာ ၂ ခေါက် ၃ ခေါက် လုပ်နိုင်တာ။ ဟိုမှာက လတိုင်းလုပ်နေတာ။ အရင်တုန်းက ရွာ သေးသေးလေးတွေ အခုတကယ့် မြို့ကြီး ဖြစ်နေပြီ။ စင့်ဝှေ့တို့ ကွမ်းကျိုးတို့ဆိုတာ တကယ့် တံငါရွာလေးကနေ အဲ့သလို ဖြစ်သွားတာ။ ကျနော်တို့ဆီက ကျောက်စိမ်းထွက်နေတာ ကုန်တော့မယ်”ဟု ၎င်းက ပြောသည်။
မြန်မာပြည်သည် ကျောက်စိမ်းများ တရားမဝင် ထွက်ရှိမှုကို မထိန်းချုပ်နိုင်ခြင်း၊ ကုန်ချော မထုတ် လုပ်နိုင်ခြင်း၊ ဈေးကွက် မဖော်ဆောင်နိုင်ခြင်း၊ လုပ်ငန်းရှင်များသည် ဈေးကွက်ရှိသည့် တရုတ်နိုင်ငံ သို့သာ သွားရောက် လုပ်ကိုင် နေခြင်း၊ ပြည်တွင်း၌ အခွန်ကောက်ခံမှု များခြင်း စသည့်တို့ကြောင့် ဖားကန့်ဒေသဖြင့် တရုတ်ကို လုပ်ကျွေးနေသလို ဖြစ်နေကြောင်း အထက်ပါ ကိုယ်စားလှယ်များက ပြောသည်။
“လုပ်ငန်းရှင်တွေဘက်က ကြည့်ရင်လည်း နိုင်ငံတော်ကနေ တော်တော်များများလေး ဖွင့်ထားပေးရင် သူတို့လည်း ကိုယ့်နိုင်ငံမှာပဲ ဝယ်ချင်ရောင်းချင်ကြမှာပဲလေ။ ဒါပေမယ့် အနေအထားအရ ဈေးကွက်က ဟိုမှာပဲ ဈေးရတယ်။ ဈေးကွက်က ဟိုမှာပဲ ဖြစ်နေတဲ့ အခါကျတော့ ကျနော်တို့မှာ နိုင်ငံတော်အတွက် အများကြီး နစ်နာတယ်”ဟု ဖားကန့် ကိုယ်စားလှယ် ဦးတင်စိုးက ပြောပြသည်။
၎င်းက ဆက်၍ “ဟိုမှာ အကြီးအကျယ် တိုးတက်နေတယ်။ ဒီမှာ တသိန်းရောင်းရင် ဟိုမှာ သိန်းတထောင် ရတယ်။ သူတို့က ကုန်ချော လုပ်တာ၊ ကျနော်တို့က ကုန်ကြမ်းရောင်းစားရတာ။ တန်ဖိုးချင်းလည်း ကွာသွားတာပေါ့။ ကျနော် တို့က သူတို့ ကြီးပွားဖို့ အတွက် သွားပြီး ပို့ပေးနေသလို ဖြစ်နေတယ်”ဟု ပြောသည်။
ပြည်တွင်း၌ ကျောက်စိမ်း၊ကျောက်မျက် ရောင်းဝယ်ရေးကို အစိုးရက တိုက်ရိုက်မထိန်းချုပ်ဘဲ သက်ဆိုင်ရာ ကျောက် မျက် အသင်းများကို လွတ်လပ်စွာ ရောင်းချခွင့်ပေးရန်၊ ကျောက်မျက်ပြပွဲများ လုပ်ပိုင်ခွင့်ပေးရန် လိုကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့်က မနေ့က လွှတ်တော်တွင် ပြောသည်။
“ရောင်းချရတဲ့ ကျောက်စိမ်းတွေကို အဂတိ ကင်းရှင်းတဲ့ One-stop Service ဖြင့်သာ အခွန်အကောက် လုပ် ကိုင်ဆောင်ရွက်စေပြီး လိုရာနိုင်ငံကို လွတ်လပ်စွာ သယ်ယူခွင့်ပြုမယ်ဆိုရင် လွယ်ကူသွားပါလိမ့်မယ်”ဟု ဦးခင်မောင်မြင့်က ပြောသည်။
ထို့ပြင် နေပြည်တော် ကျောက်စိမ်းပွဲများမှာ ယခုအခါ တပွဲလျှင် ယူရိုသန်း ၄၀၀၊ ၅၀၀ ခန့်သာ ရရှိသော်လည်း ယခင် က သန်း ၁၀၀၀ အထိ ရရှိခဲ့ဖူးကြောင်း၊ နေပြည်တော်ပွဲများတွင် ကျောက်စိမ်းတွဲကို ၇၀၀၀၊ ၈၀၀၀ အတွဲအထိ သာ ကန့်သတ်ပြသောကြောင့် ပြပွဲတင်ခွင့်မရသည့် ကျောက်စိမ်းတွဲကို နောက်ပွဲအထိ မစောင့်တော့ဘဲ တရုတ်နိုင်ငံ တရားမဝင်နည်းဖြင့် ပို့ဆောင် ရောင်းချလျက်ရှိကြောင်းလည်း ၎င်းက ဆွေးနွေးသည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလလယ်က နေပြည်တော်တွင် ကျင်းပခဲ့သည့် ကျောက်မျက်ပြပွဲတွင် ကျောက်စိမ်း ကျောက်မျက် ရတနာများ ရောင်းရငွေ စုစုပေါင်း ကျပ်သန်းပေါင်း ၄၉,၀၀၀ ကျော် ရရှိခဲ့ကြောင်း မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်း၏ ထုတ်ပြန်ချက်များအရ သိရသည်။
နိုင်ငံတကာ ကျောက်မျက် ရတနာ ပြပွဲများကို ပြည်ထောင်စု သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ဦးစီး၍ နေပြည်တော်တွင် နှစ်စဉ် ကျင်းပခဲ့သော်လည်း ယခု အစိုးရလက်ထက်တွင် ရန်ကုန်၊ မန္တလေး မြို့များတွင်လည်း ကျင်းပခွင့်ပြုခဲ့ သည်။
ကချင်ပြည်နယ် ဖားကန့် ဒေသအတွင်း ကျောက်စိမ်း တူးဖော်ရေး လုပ်ကွက်များကို ယခု မိုးတွင်းကာလ၌ သုံးလ ရပ်နားရမည် ကြောင်း အစိုးရက ကြေညာလိုက်ပြီး အကြီးစား သတ္တုတွင်း လုပ်ကွက်များ လုပ်ကိုင်ခွင့် လိုင်စင်များ ကိုလည်း ထပ်မံ သက်တမ်းတိုး ပေးခြင်း မရှိတော့ပေ။
သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်ကလည်း နှစ်စဉ် မေလမှ စက်တင်ဘာလ အထိ လုပ်ကွက်များ ပိတ်သိမ်းရန် အမိန့်ထုတ်ပြန်ခဲ့ပြီး နောက်ပိုင်းတွင် ကုမ္ပဏီများက လုပ်ကွက်သက်တမ်း ကုန်ဆုံးခါနီး ဖြစ်၍ ကျန်ရှိ အချိန်အတွင်း၌ မိုးတွင်း ကာလတွင်ပါ တူးဖော်ခြင်းများ ရှိကြကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။
ကချင်ပြည်နယ် လုံးခင်း၊ ဖားကန့် ရတနာ နယ်မြေတွင် ၂၀၁၉ ခုနှစ် မေလ အထိ တူးဖော် လုပ်ကိုင်ခွင့် သက်တမ်း ကျန်ရှိ သေး သော ကုမ္ပဏီပေါင်း၂၁၃ ခုက ကျောက်စိမ်းနှင့် ကျောက်မျက် လုပ်ကွက်ပေါင်း ၁၀၀၀ ကျော်တွင် တူးဖော် လုပ်ကိုင်နေကြောင်း သတ္တုတွင်း ဦးစီးဌာနစာရင်းများ အရ သိရသည်။
ဆက်စပ်ဖတ်ရှု့ရန်
ဘာကြောင့် ကျောက်စိမ်းအချောထည်ဈေးကွက် ခရီးမတွင်သေးတာလဲ
ဖားကန့်တွင် တောင်ကမ်းပါးယံ ပြိုကျမှုကြောင့် လူ ၁၉ ဦး သေဆုံး
ကျောက်မျက်ကျောက်စိမ်း မှောင်ခိုမှုကြောင့် ဘီလျံချီ ဆုံးရှုံးနေ
တရုတ် ရိုးရာပွဲများ လွတ်သည့် အချိန်တွင် ကျောက်မျက် ပွဲများ ပြုလုပ်ရန် သတ်မှတ်
မန္တလေး-တရုတ် တိုက်ရိုက် လေကြောင်းလိုင်း ၅ ခု ရှိလာ