ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် ရင်းမ်ကော့မြို့နယ်ရှိ မက်ဆာရက် နစ်တီဆတ်ယိုထင် ဆိုသည့် အမျိုးသမီး၏ နေအိမ်မှ ဘတ် ၁၆သန်းတန်ဖိုးရှိ အမေရိကန် ဒေါ်လာ ၁၀၀တန် အတုများကို ရဲက မနေ့က သိမ်းဆည်းရခဲ့သည်။
အဆိုပါ ရင်းမ်ကော့ရပ်ကွက်တွင် အမေရိကန်ဒေါ်လာအတုများ ရောင်းချနေကြောင်း သတင်းရ၍ ရဲက ဝင်ရောက်ဖမ်းဆီး ခြင်းဖြစ်ပြီး၊ ဖမ်းဆီးရာတွင် အမှတ် ၃၂ ရဲတပ်ဖွဲ့မှ ရဲမှူးကြီး ဝါချီရာ ဖရနွိုင်က အမေရိကန် ဒေါ်လာအတုဝယ်သူ အသွင်ယူ ပြီး ဆက်သွယ်ခဲ့သည်ဟု ထိုင်း မီဒီယာများက ဖေါ်ပြကြသည်။
ပိုင်ရှင် မက်ဆာရက်စ် က ဒေါ်လာအတုဝယ်ယူမည့်သူကို ဓါတ်ဆီဆိုင်တခုအနီးတွင် ချိန်းဆိုပြီး၊ အိမ်သို့ခေါ်သွားပြီး ဒေါ်လာ အတုများနှင့် ငွေစက္ကူအတုလုပ်ရာတွင် သုံးသည့် ဓါတုပစ္စည်းများ အားပြသခဲ့သည်။

ထို့နောက် ရဲမှူးကြီး ဝါချီရာသည် သူမ၏နေအိမ်ကို ရှာဖွေရန် ဝရမ်းယူရေးအတွက် နယ်ခြားစောင့် ရဲများအား လျို့ဝှက် အမိန့်ပေးပြီးနောက် သူသည်ရဲဖြစ်ကြောင်းထုတ်ဖေါ်လိုက်သည်။
အိမ်၏ ဒုတိယထပ်တွင် ဒေါ်လာ ၁၀၀ တန်အတုများထည့်ထားသည့် သတ္တုသေတ္တာနှစ်လုံးကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့ ခြင်းဖြစ်ပြီး၊ ပထမသေတ္တာတွင် အမေရိကန် ဒေါ်လာငွေစက္ကူအတု ၄၉၄၉ ရွက်ပါဝင်ပြီး ဘတ် ၁၅သန်းဖိုး ရှိကြောင်း၊ ဒုတိယသေတ္တာတွင် ဒေါ်လာငွေစက္ကူ ၅၂၄ ရွက်ပါဝင်ပြီး တန်ဖိုး ဘတ် ၁.၆ သန်းတန်ဖိုးရှိကြောင်း ရဲတပ်ဖွဲ့ Facebook Page တွင် ဖော်ပြထားသည်။
ထို့အပြင် ရဲတပ်ဖွဲ့သည် ဒေါ်လာ ၁၀၀ တန်နှင့် အရွယ်အစားတူ စက္ကူမဲ အများအပြားကိုလည်း တွေ့ရ ပြီး ထိုစက္ကူမဲများ သည် ဒေါ်လာအတုပြုလုပ်ရန် ဓါတုပစ္စည်းများနှင့် ဆေးကြောရမည့် စက္ကူများ ဖြစ်သည်ဟု ယူဆရသည်။

ယခုအခါ မက်ဆာရက် နစ်တီဆတ်ယိုထင် ဆိုသည့် အမျိုးသမီးကို နိုင်ငံခြားငွေစက္ကူအတုများ ပိုင်ဆိုင်မှုဖြင့် ကနဦးတရားစွဲ ဆိုပြီး မြို့နယ်ရဲစခန်းသို့ ပို့ဆောင်ထားသည်။
You may also like these stories:
ခြေလွန်လက်လွန် ဖြစ်သွားတဲ့ မြဝတီက တရုတ်မြို့သစ် စီမံကိန်း ဘာဆက်ဖြစ်မလဲ
ဒေါ်လာ ၅၀ လုယက်မှုကြောင့် ထောင်ဒဏ် တသက်ကျရာက ပြန်လွတ်တော့မယ့် အမျိုးသား