အငြင်းပွားဖွယ်ရာ ရန်ကုန်မြို့သစ် စီမံကိန်း လုပ်ငန်းတွင် ခေါင်းဆောင်မှု အပြောင်းအလဲများ ဖြစ်ပေါ်ပြီး ဒါရိုက်တာ ၅ ဦးအနက်မှ နှစ်ဦးကို အစားထိုးလိုက်သည်။
ဒုတိယ မြို့တော်ဝန် ဦးစိုးလွင်သည် ဒေါ်နီလာကျော်၏ နေရာတွင် အစားထိုးပြီး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်ဟု ရန်ကုန်မြို့သစ် တည်ဆောက်ရေး ကုမ္ပဏီ (NYDC) က ဗုဒ္ဓဟူးနေ့တွင် ကြေညာသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးသည် ဦးဟန်ထွန်း၏ နေရာကို အစားထိုးပြီး ဒါရိုက်တာအဖွဲ့ဝင် ဖြစ်လာသည်။
ဒေါ်နီလာကျော်နှင့် ဦးဟန်ထွန်းတို့ နှစ်ဦးစလုံးသည် ရန်ကုန်တိုင်း အစိုးရအဖွဲ့ အဖွဲ့ဝင်များ ဖြစ်သည်။ ထိုကုမ္ပဏီ၏ ဒုတိယ ဥက္ကဋ္ဌနှင့် အမှုဆောင် အရာရှိချုပ်သည် အိမ်ခြံမြေ လုပ်ငန်းရှင်ကြီးနှင့် စင်ကာပူ စတော့အိတ်ချိန်း စာရင်းဝင် Yoma Strategic Holdings ၏ ဥက္ကဋ္ဌ ဦးသိမ်းဝေခေါ် ဆာ့ဂျ်ပန်းဖြစ်သည်။
ထိုနေရာတွင် မြို့သစ်ထူထောင်ရန် NYDC ကို ရန်ကုန်တိုင်းအစိုးရက ဖွဲ့စည်းပြီး ၁၇ လ အကြာတွင် ဒါရိုက်တာ ဘုတ်အဖွဲ့ဝင် အပြောင်းအလဲ ဖြစ်ခဲ့သည်။ ထိုသို့ ပြန်လည်ဖွဲ့စည်းခြင်းကို တိုင်းအစိုးရက လုပ်ဆောင်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသော်လည်း ထိုသို့ လုပ်ရခြင်း အကြောင်းရင်းကို ဖော်ပြခြင်းမရှိပေ။
ရန်ကုန်မြစ် အနောက်ဖက်ကမ်းတွင် ရန်ကုန်မြို့သစ် စီမံကိန်းသည် စီမံကိန်း အဆင့်တွင်သာ ရှိနေသေးသည်။ ထိုမြို့သစ်စီမံကိန်းမှ အလုပ်အကိုင် ၂ သန်း ဖန်တီးပေးမည်ဟု ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဂုဏ်ယူဝံ့ကြွားစွာ ပြောခဲ့သည်။
လက်ရှိအချိန်တွင်မူ NYDC သည် လွန်ခဲ့သော ဧပြီလက တရုတ် ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ကုမ္ပဏီ (CCCC) နှင့် ဒေါ်လာ ၁.၅ ဘီလျံတန် အခြေခံ အဆောက်အအုံ လုပ်ငန်းများအတွက် စီမံကိန်း အဆင့် တစ် ဆိုင်ရာ မူဘောင်သဘောတူ စာချုပ် ချုပ်ဆိုထားသည်။ ထိုလုပ်ငန်းများတွင် တံတားနှစ်ခု၊ လမ်းများ၊ ဓာတ်အားပေး စက်ရုံများ၊ ရေဆိုးပြုပြင် စက်ရုံများနှင့် စက်မှုဇုန်တခု ပါဝင်သည်။
NYDC သည် နည်းပညာဆိုင်ရာများ၊ ဘဏ္ဍာရေး အဆိုပြုချက်တခုနှင့် ပထမအဆင့်၏ စီးပွားရေး ပုံစံများကို ပြည်ထောင်စု အစိုးရထံမှ ခွင့်ပြုချက် တောင်းခံခဲ့သည်။
လွန်ခဲ့သောလကမူ ထိုဆောက်လုပ်ရေး လုပ်ငန်းက PTT, PTTEP နှင့် GPSC တို့ ပါဝင်သော ထိုင်းလုပ်ငန်းစု PTT အုပ်စုကို ဓာတ်အားပေးရေး လုပ်ငန်းအတွက် အိန္ဒိယမှ Indraprastha ဓာတ်ငွေ့လီမိတက်နှင့် Gail လုပ်ငန်းစု (IGL Consortium) တို့ကို သဘာ၀ ဓာတ်ငွေ့ ပေးသွင်းသူအဖြစ် ရွေးချယ်ခဲ့သည်။
NYDC က ထိုမြို့သစ် စီမံကိန်းအတွက် တွန်းအားပေးနေသော်လည်း ထိုစီမံကိန်းသည် စတင်သည့်အချိန်မှ စ၍ အငြင်းပွားဖွယ်ရာ ဖြစ်နေသည်။
မြို့ပြစီမံကိန်း ရေးဆွဲသူများက ရေလွှမ်းမိုးမှုဒဏ် ခံရနိုင်သော မြို့၏ တည်နေရာနှင့် ပတ်သက်ပြီး သတိပေးနေကာ ရန်ကုန်တိုင်းအစိုးရသည် တိုင်းလွှတ်တော်၏ ခွင့်ပြုချက်မရဘဲ၊ ကျပ်ငွေ ၁၀ ဘီလျံကို ထိုစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံကာ အာဏာ အလွဲသုံးသည်ဟု စွပ်စွဲခံနေရသည်။
ထို့အပြင် CCCC သည် ၎င်းတို့ စီမံကိန်းများ အကောင်အထည် ဖော်ခဲ့သော နိုင်ငံများတွင် လိမ်လည်မှု၊ အဂတိ လိုက်စားမှုနှင့် လာဘ်ပေးလာဘ်ယူမှုများတွင် ပါဝင် ပတ်သက်နေသည် ဟူသည့် အငြင်းပွားမှုများကြောင့် အခက်အခဲများ တွေ့နေသည်။
NYDC ကမူ ၎င်းတို့သည် ရေလွှမ်းမိုးမှု အန္တရာယ်ဆိုင်ရာ အကဲဖြတ်ချက်ကို ဒတ်ချ် အတိုင်ပင်ခံ လုပ်ငန်း ဖြစ်သော Royal Haskoning DHV နှင့် ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း ပြောသည်။
ထိုအငြင်းပွားဖွယ်ရာ တရုတ်လုပ်ငန်း၏ ပါဝင်ပတ်သက်မှုနှင့် ပတ်သက်ပြီး ထိုလုပ်ငန်းသည် NYDC နှင့် အလုပ်လုပ်သော အခါ မှန်ကန်သော လမ်းကြောင်းပေါ်တွင် လုပ်ကိုင်ရန် လိုကြောင်း ဆာ့ဂျ်ပန်းက အများပြည်သူ ညှိနှိုင်းပွဲတခုတွင် ပြောသည်။
ဆက်စပ်ဖတ်ရန်
ရန်ကုန်မြို့သစ် နယ်မြေသည် ရေဝပ်မြေဟု ပညာရှင်များ သတိပေး
ရန်ကုန်မြို့သစ် ဆောက်မည့် တရုတ်လုပ်ငန်း ပြည်ပတွင် အငြင်းပွားမှု များစွာရှိနေ
ရန်ကုန်မြို့သစ် တရုတ်ပိုးလမ်းမ စီမံကိန်းဝင် ဟုတ် မဟုတ် လူထုသိဖို့ လိုသည်