တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ နှုတ်မိန့်ကြောင့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဌ သိက္ခာတော်ရဆရာ ဒေါက်တာခလမ်ဆမ်ဆွန်ကို တရားစွဲဆိုရန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က တိုင်ကြားထားသည့် အမှုကို ယနေ့ စက်တင်ဘာလ ၉ ရက်တွင် ပြန်လည် ရုတ်သိမ်းလိုက်ပြီဟု သတင်းရရှိသည်။
ဒေါက်တာခလမ်ဆမ်ဆွန်ကို အမေရိကန်ပြည်ထောင်စု၊ အိမ်ဖြူတော်၌ သမ္မတ ဒေါ်နယ်ထရန့်နှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့သည်များ အပေါ် အရေးယူပေးပါရန် သြဂုတ် ၈ ရက်က မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီးသန်းထိုက်မှ တရားရုံးသို့ဦးတိုက်လျှောက် တိုင်ကြားထားခြင်းကို ရာဇဝတ်ကျင့်ထုံးပုဒ်မ ၂၀၀ အရ စစ်ဆေးရန် မြစ်ကြီးနားရှိ ပြည်နယ် တရားလွှတ်တော်က ဆုံးဖြတ်ထားသည့် အမှု တခု ဖြစ်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ နှုတ်မိန့်ဖြင့် အမှုရုတ်သိမ်းသွားခြင်း ဟုတ်မဟုတ် မေးမြန်းရာ ဒေါက်တာခလမ်ဆမ်ဆွန်က “ဟုတ်တယ်။ PCG (ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့) ကတဆင့် ကျနော်တို့ ကြားသိရပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ဒေါက်တာခလမ်ဆမ်ဆွန်က “ကျနော်တို့ ဘာမှ တရားဝင်ညှိနှိုင်းမှုတွေတော့ မရှိခဲ့ပါဘူး။ PCG နဲ့ NRPC (အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန )တို့ကတော့ ဆက်သွယ်မှု ရှိတယ်။ ဒါပေမယ့် သတ်သတ်မှတ်မှတ်ကြီး ညှိနှိုင်းတာတော့ တရားဝင် မရှိခဲ့ပါဘူး”ဟု ပြောသည်။
အမှုရုတ်သိမ်းပေးသည့် အပေါ်တွင် KBC ဘက်မှ ကြိုဆိုပြီး ထုတ်ပြန်ချက်တစောင် ထုတ်ရန်လည်း ရှိသည်ဟု သိရသည်။
ဒေါက်တာခလမ်ဆမ်ဆွန်ကို တရားရုံးတွင် အမှုဖွင့်ပေးရန် တိုင်ကြားထားသည့် ဒုတိယဗိုလ်မှူးကြီး သန်းထိုက်ကလည်း ယနေ့မနက်ပိုင်းတွင် မြစ်ကြီးနားမြို့နယ် တရားရုံး၌ အမှုရုတ်သိမ်းလွှာ လာတင်သွားပြီဖြစ်သည်။
တပ်မတော်မှ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက“တပ်မတော်က အမှုရုတ်သိမ်းပေးလိုက်ပါတယ်။ အဓိကကတော့ မည်သည့်တိုက်တွန်းချက် မည်သည့်ဖိအားမှ မပါဘဲနဲ့ ရုတ်သိမ်း သင့်တယ်လို့ ယူဆတဲ့အတွက် မိမိသဘောဆန္ဒအလျောက် ရုတ်သိမ်းပေးလိုက်တာ ဖြစ်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
KBC ဥက္ကဌသည် တိုင်းပြည် ငြိမ်းချမ်းစေချင်သည့် စိတ်၊ တိုင်းပြည်ကို တိုးတက်စေချင်သည့်စိတ်၊ ဖွံ့ ဖြိုးစေချင်သည့် စိတ်ဖြင့် အပြု သဘော ပြောဆိုခဲ့ခြင်းသာ ဖြစ်ကြောင်း၊ လက်ရှိတွင် ဒေါက်တာ ခလမ်ဆမ်ဆွန်သည် မြစ်ကြီးနားမြို့တွင် နေထိုင်လျက်ရှိကြောင်း KBC ၏ အတွင်းရေးမှူး ဦးဖော်ရော်တူးခိုင်က ပြောသည်။
ဇူလိုင် ၁၈ ရက်က အမေရိကန်ပြည်ထောင်စု၊ အိမ်ဖြူတော်၌ သမ္မတ ဒေါ်နယ်ထရန့်က ဘာသာရေးအရ ဖိနှိပ်ခံရမှုများရှိသည့် အီရတ်၊ အီရန်၊ လစ်ဗျူး စသည့် နိုင်ငံများမှ ဘာသာရေး ခေါင်းဆောင်များနှင့် တွေ့ဆုံရာ ထိုထဲတွင် ဒေါက်တာခလမ်ဆမ်ဆွန်သည်လည်း မြန်မာနိုင်ငံမှ ဘာသာရေးခေါင်းဆောင် ကိုယ်စားလှယ်တဦးအနေဖြင့် ပါဝင်ပြီး စကားပြောဆို တင်ပြခွင့် ရခဲ့သည်။
ဒေါက်တာခလမ်ဆမ်ဆွန်က မြန်မာနိုင်ငံတွင် ဘာသာရေးဖိနှိပ်မှုများ ရှိပြီး ခရစ်ယာန်များအပေါ် တပ်မတော်က နှိပ်ကွပ်ကြောင်း၊ လွတ်လပ်စွာ ကိုးကွယ်ခွင့် မရရှိကြောင်းနှင့် ဒီမိုကရေစီ၊ ဖက်ဒရယ် လမ်းကြောင်းအတွက် တိုင်းရင်းသားလက်နက်ကိုင်များကလည်း တပ်မတော်ကို ခုခံတိုက်ခိုက်နေကြောင်း၊ ဖက်ဒရယ်နှင့် ဒီမိုကရေစီ လမ်းကြောင်း အောင်အောင်မြင်မြင် သွားနိုင်ရန် အမေရိကန် အစိုးရက လူနည်းစု တိုင်းရင်းသားခေါင်းဆောင်များကို အကူအညီပေးပါဟု တောင်းဆိုခဲ့သည်။
ထို့ပြင် တပ်မတော်ထိပ်ပိုင်း တာဝန်ရှိသူများကို အမေရိကန် အစိုးရက ဒဏ်ခတ်ပိတ်ဆို့မှု ပြုလုပ်သည့် အပေါ်တွင်လည်း အလွန် ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့သေးသည်။
ဒေါက်တာခလမ်ဆမ်ဆွန်နှင့် သမ္မတ ဒေါ်နယ်ထရန့် မတွေ့ဆုံခင် ဇူလိုင် ၁၆ ရက်က အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနသည် ရခိုင်ပြည်နယ်တွင်း လူအခွင့်အရေးချိုးဖောက်မှုများ ကြောင့်ဟု ဆိုကာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်ချုပ်သန်းဦး၊ ဗိုလ်ချုပ် အောင်အောင်နှင့် ၎င်းတို့၏ မိသားစုဝင်များကို အမေရိကန်နိုင်ငံတွင်း ဝင်ရောက်ခွင့် ပိတ်ပင်လိုက်ပြီဟု ကြေငြာခဲ့သည်။
တရားရုံးသို့ ဦးတိုက်လျှောက်ပြီးနောက်တွင် တပ်မတော်ဘက်မှ ဒေါက်တာခလမ်ဆမ်ဆွန်ကို တောင်းပန်ပါက အမှုကို ပြန်ရုတ်သိမ်းပေးမည်ဖြစ်ကြောင်း ကမ်းလှမ်းသော်လည်း ဒေါက်တာခလမ်ဆမ်ဆွန်က တောင်းပန်မည်မဟုတ်ကြောင်း ငြင်းဆိုကြောင်း သိရသည်။
KBC သည် မြန်မာနိုင်ငံတွင်း ဇုံနယ်အသင်းတော်များ အဖွဲ့ ၁၅ ဖွဲ့ ၊ အသင်းတော်ပေါင်း ၄၂၉ ၊ အသင်းသူ အသင်းသားပေါင်း ၄ သိန်းကျော်ဖြင့် ဖွဲ့စည်းထားပြီး ကချင်လူထု၏ လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ အခန်းကဏ္ဍများတွင် ဦးဆောင်ပါဝင်နေသည့် ဘာသာရေးအဖွဲ့အစည်း တခုဖြစ်သည်။
KBC ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆမ်ဆွန်သည် ကချင်လူမှုအသိုင်းအဝိုင်းတွင် သြဇာရှိသည့် ဘာသာရေး ခေါင်းဆောင် တဦးဖြစ်ပြီး စစ်ဘေးရှောင်ဒုက္ခသည်များကို ကူညီသည့် အရေး ကိစ္စများ၊ ဒုက္ခသည်များ ပြန်လည်နေရာချထားရေးဆိုင်ရာ ကိစ္စများတွင်လည်း ဦးဆောင် တာဝန်ယူပြီး အစိုးရ၊ တပ်မတော်၊ ကချင်လွတ်လပ်ရေးတပ်မတော် ( KIA) တို့နှင့် ဆွေးနွေးနေသူလည်း ဖြစ်သည်။
(နေပြည်တော်ရှိ အကြီးတန်း သတင်းထောက် ထက်နိုင်ဇော် ပူးပေါင်း ရေးသားသည်။)
KBC ဥက္ကဋ္ဌ ကို အမှုဖွင့်ရန် တပ်မတော်က တိုင်ကြား
ကချင် စစ်ရှောင်များ နေရပ်ရင်း ပြန်နေနိုင်ရန် တပ်မတော် မိုင်းရှင်းပေး
ကချင် လွတ်လပ်ရေး တပ်မတော်ကို NCA အမြန် ထိုးရန် ယူနန် အစိုးရ ပြော