ဗစ်တိုးရီးယားကို စစ်ဆေးရာ၌ တရားခွင်နှင့် ရင်းနှီးကျွမ်းဝင်မှု ရှိစေရန် ကစားကွင်းကဲ့သို့ ဖန်တီးပေး ထားခြင်းကို မြင် တွေ့ခဲ့ရသဖြင့် ကျေနပ်မှုရှိကြောင်း ကလေး၏ ဖခင်ဖြစ်သူက ဧရာဝတီသို့ ပြော သည်။
ယမန်နေ့က ဒက္ခိဏခရိုင် တရားရုံးသို့ ကြိုတင်သွားရောက်ပြီး ကလေးကို အခြား ကစားဖော်တချို့နှင့် အတူ လိုက်ပြခဲ့ရာ ကလေးငယ်က ယင်းနေရာတွင် ၄ နာရီ ခန့်ကြာအောင် ဆော့ကစားခဲ့ကြောင်း မိသားစုထံက သိရသည်။
ဗစ်တိုးရီးယားလေး၏ ဖခင်ဖြစ်သူက “ဒီနေ့ အခြေအနေက ကလေးကို စစ်မယ့် အခန်းနဲ့ ရင်းနှီး အောင် သွားဆော့တာပေါ့။့ ဗီဒီယိုကွန်ဖရင့် ပြင်ထားတာတော့ တွေ့တယ်။ တနေကုန် သွားဆော့ပြီး ပြန်လာတာပဲ။ အခန်းအပြင်အဆင်က ကျေနပ်ပါ တယ်” ဟု ဆိုသည်။
လာမည့် စက်တင်ဘာ ၁၁ ရက်တွင် ၆ ကြိမ်မြောက် ရုံးချိန်း၌ ကလေးငယ်ကို ဗီဒီယိုကွန်ဖရင့်ဖြင့် စစ်ဆေးသည့် အခါတွင် စစ်ဆေးမည့် သီးသန့် အခန်းအတွင်းသို့ ကလေး၏ မိဘနှင့် တရားရုံးမှ ဦးစီးမှူး အဆင့်ရှိသည့် အမျိုးသမီးတဦးသာ ဝင်ရ မည် ဖြစ်သည်ဟု သိရသည်။
ကလေးကို စစ်ဆေးသည့် အခါတွင် အဆိုပါ ဦးစီးမှူးအဆင့်ရှိသူ အမျိုးသမီးက နားကြပ်တပ်ဆင် ထား ပြီး တရားခွင် အတွင်းမှ တရား သူကြီး၏ မေးမြန်းမှုကို ကလေးငယ်အား တဆင့် မေးမြန်းသွားမည် ဖြစ်သည်။
“နားကြပ်နဲ့ တဆင့် တရားခွင်ကနေ ညွှန်ကြားပေးနေမှာ ဖြစ်ပါတယ်။ တရားခွင်ထဲက ပြောတာကို စစ်မယ့်သူက နားကြပ် နဲ့ နားထောင်ပြီး ကလေး နားလည်အောင် ပြန်မေးမှာ ဖြစ်ပါတယ်။ တရားခွင် ထဲမှာတော့ အဲဒီအသံတွေ ကြားနေရမှာ ဖြစ်ပါ တယ်” ဟု ဖခင်ဖြစ်သူက သမီးငယ်အား စစ်ဆေးမည့် အခြေအနေကို ရှင်းပြသည်။
ဗစ်တိုးရီးယားကို စစ်ဆေးမည့်သူမှာ တရားခွင်စစ်ဆေးမှုတွင် ပါဝင်ခြင်း မရှိသော်လည်း တရားခွင် ထဲ၌ အမြဲရှိနေသူဖြစ် ကြောင်း၊ ဗစ်တိုးရီးယား၏အမေနှင့် အဘွားတို့ ရုံးချိန်းလာသည့်အခါတွင် လုံလုံခြုံခြုံ နေနိုင်ရန်အတွက် အစစအရာရာ စီစဉ်ပေးသည့် ဦးစီးအရာရှိ အဆင့်ရှိသူ တဦး ဖြစ်ကြောင်းလည်း ကလေးငယ်ဘက်မှ လိုက်ပါ ဆောင်ရွက်ပေးနေသည့် တရားလွှတ်တော် ရှေ့နေ ဒေါ်ရွက်နုအောင်က ဧရာဝတီသို့ ပြောသည်။
ဒေါ်ရွက်နုအောင်က “၁၁ ရက်နေ့ကို အမှု စစ်မယ်။ ဒီတရားခွင်ကို မြင်ရင်ကြောက်မှာစိုးလို့ အဓိက တရားရေး အရာရှိဖြစ်တဲ့ ဆရာမနဲ့သမီး ရင်းနှီးမှု ရအောင်လို့ မေးတာ၊ မြန်းတာ၊ ဆော့ကစားတာ၊ အရောင်ရွေးချယ်ခိုင်းတာ ဒါမျိုးလေးတွေက အစ ကြိုတင် ဆောင်ရွက်တာပါ” ဟု ဆိုသည်။
အဆိုပါ အမှု၏ အဓိကကျသူမှာ ဗစ်တိုးရီးယား ကိုယ်တိုင်ဖြစ်ပြီး ကလေး၏ ထွက်ဆိုချက်များမှာ အလွန်အရေးကြီး ကြောင်း၊ မေးခွန်းမေးမြန်းရာတွင် သေချာမေးမြန်းရန် လိုအပ်ကြောင်းနှင့် ယခု ကဲ့သို့ ဗီဒီယို ကွန်းဖရင့်ဖြင့် စစ်ဆေးမှုမှာ မြန်မာနိုင်ငံတွင် ရှားပါးကြောင်းလည်း ၎င်းက ပြောဆို သည်။
အဆိုပါ အမှုမှာ နေပြည်တော် သပြေကုန်းတွင် ဖွင့်လှစ်ထားသည့် Wisdom Hill အမည်ရှိ ပုဂ္ဂလိက မူကြိုကျောင်းတွင် တက်နေသည့် ကလေးငယ်တဦးသည် မေလ ၁၇ ရက်က လိင်အကြမ်းဖက်ခံရမှုဖြင့် ကလေးငယ် ၏ မိခင်ကိုယ်တိုင် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။
ယင်းအမှုနှင့် ပတ်သက်၍ အဆိုပါကျောင်းမှ ကျောင်းကြီးကြပ်ရေးမှူး၏ ယာဉ်မောင်းဖြစ်သူကို သံသယ တရားခံဖြစ်သူ ကိုအောင်ကြီးကို ဇူလိုင် ၄ ရက်က တရားစွဲတင်ခဲ့ခြင်းဖြစ်သည်။
သံသယ တရားခံအောင်ကြီး၏ ရှေ့နေဖြစ်သူ ဦးခင်မောင်ဇော်က “ကလေးကို ကင်မရာတွေနဲ့ ထောင့်စုံ က ရိုက်လို့ ရအောင်ဆင်ထားမယ်။ ဆင်ထားပြီးတော့ အခန်းထဲမှာ ကလေးရဲ့မိဘ၊ ကလေးကို တာဝန် ယူမယ့် အမျိုးသမီး တယောက် ရှိမယ်။ မေးခွန်း တည်ဆောက်တာကလည်း တရားသူကြီးအမျိုးသမီး ကပဲ တည်ဆောက်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။
ထိုသို့ ကလေးကို တရားခွင်ထဲ၌ မစစ်ဆေးဘဲ သီးသန့်အခန်းထဲတွင် ဗီဒီယိုကွန်ဖရင့် စစ်ဆေးနိုင်ရန် အတွက် ကင်မရာ၊ ကလေးကစားစရာများနှင့် လိုအပ်သည့် ပစ္စည်းများ၏ ကုန်ကျစရိတ်ကို ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးသူငယ် များ ရန်ပုံငွေ အဖွဲ့ (Unicef Myanmar) မှ ကူညီခြင်း ဖြစ်ကြောင်း ဒက္ခိဏ ခရိုင်တရားရုံးက သိရသည်။
ကလေးငယ်ကို စစ်ဆေးမည့် ရက်တွင် နှစ်ဖက်ရှေ့နေများက အပြန်အလှန်စစ်ဆေး မေးမြန်းမည် မဟုတ်ဘဲ၊ သိချင်သည့် မေးခွန်းများကို တရားသူကြီးမှ တဆင့် စစ်ဆေးမေးမြန်းမည့်သူကို မေးသွား မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ အမှုနှင့် ပတ်သက်၍ စွပ်စွဲခံရသည့်ဘက်မှ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်၊ ဒေါ်စုဒါလီအောင်၊ ဦးနေ တူးနှင့် အထက်တန်းရှေ့နေ ဦးသဲမောင်မောင် တို့က လိုက်ပါဆောင်ရွက်မည် ဖြစ်ပြီး၊ တရားလိုဘက်မှ တရားလွှတ်တော် ရှေ့နေဒေါ်ရွက်နုအောင်၊ ဦးမျိုးဇော်အောင်နဲ့ ဒေါ်လှဝင်းသန်း တို့က လိုက်ပါ ဆောင်ရွက်လျက် ရှိသည်။
သမ္မတ တိုက်ရိုက်အုပ်ချုပ်ရာ နေပြည်တော်လို နေရာမျိုးတွင် ကလေးငယ်တဦး မဖွယ်မရာ ပြုလုပ်ခံ ရပြီး အမှုမှန်လည်း မြန်မြန်ဆန်ဆန် ပေါ်ပေါက်ခြင်း မရှိခဲ့သဖြင့် မိခင် အများစုတွင် စိုးရိမ်မှုများဖြစ် ပေါ်ခဲ့ပြီး ထိုဖြစ်ရပ် အပေါ်တွင် ကျေနပ်မှု မရှိကြောင်းလည်း လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့ကြ သည်။
ထို့ပြင် အများသူငှာ စိတ်ပါဝင်စားမှုနှင့် အတူ နာမည်ကြီး အနုပညာရှင်များပါ ဝန်းရံလာပြီးနောက် တရားခံ အစစ်ပေါ် ပေါက်ရန် အလိုရှိကြောင်း ဆန္ဒထုတ်ဖော်မှုများကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အစရှိသည့် မြို့ကြီးအပါအဝင် နိုင်ငံ အနှံ့အပြား၌ ပြုလုပ်နေကြသည်ကို တွေ့ရသည်။
တနိုင်ငံလုံးတွင် ၂၀၁၇ ခုနှစ်၌ မုဒိမ်းမှုပေါင်း ၁၄၀၅ မှု ဖြစ်ပွားခဲ့ကာ သက်ငယ် မုဒိမ်းမှု ၈၉၇ မှု ဖြစ်ပွားခဲ့ပြီး၊ ရာခိုင်နှုန်း အားဖြင့် ၆၄.၈၄ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ်တွင် မုဒိမ်းမှုပေါင်း ၁၅၈၃ မှုမှ သက်ငယ်မုဒိမ်းမှု ၁၀၂၈ မှုဖြစ်ပွားခဲ့ပြီး ရာခိုင်နှုန်း အားဖြင့် ၆၄.၉၃ ရာခိုင်နှုန်း ဖြစ်ပွားခဲ့သည်။
၂၀၁၉ ခုနှစ် ဇွန်လအထိ မုဒိမ်းမှုပေါင်း ၆၁၉ မှုတွင်သက်ငယ် မုဒိမ်းမှု ၄၁၉ မှု ဖြစ်ပွားခဲ့ပြီး ရာခိုင်နှုန်း အားဖြင့် ၆၇.၆၈ ရာ နှုန်းဖြစ်ပွားခဲ့သဖြင့် သက်ငယ်မုဒိမ်းမှု အရေအတွက်များ မြင့်လာသည်ကို အစိုးရမှ တရားဝင် ထုတ်ပြန်ချက်အရ သိရ သည်။
ဆက်စပ်ဖတ်ရှုရန်
ဗစ်တိုးရီးယားကို စစ်ဆေးရာတွင် Video ကွန်ဖရင့် ဖြင့် စစ်ဆေးသွားမည်ဟုဆို