ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိမ်းသိမ်းရေး ဝန်ကြီး ဦးတင်အောင်ဝင်းသည် ရေလုပ်သားများ၏ တင်ပြတိုင်ကြားစာများကို စုံစမ်းစစ်ဆေးခြင်းမရှိဘဲ အလေးမထားမှုများ လုပ်ဆောင်သည်ဟု ဆိုကာ ဧရာဝတီတိုင်း ကျုံပျော်နှင့်လေးမျက်နှာမြို့နယ်တို့မှ ရေလုပ်သားများက ပုသိမ်မြို့တွင် ယမန်နေ့က ဆန္ဒဖော်ထုတ် ခဲ့ကြကြောင်း သတင်းရရှိသည်။
“ရှားခဲအင်းကိစ္စနဲ့ပတ်သက်ပြီး ၂၀၁၈ ခုနှစ်ရော၊ လက်ရှိ ၂၀၁၉ မှာရော တင်ပြစာတွေအကြိမ်ကြိမ် တင်ပြခဲ့တယ်။ ဒါပေမယ့် တိုင်းအစိုးရအနေနဲ့ ကျနော်တို့ဒေသကို တကြိမ်တခါမှ ကွင်းဆင်းစစ်ဆေး တာ မရှိဘဲ အောက်ခြေက လူတွေ လိမ်ပြီးတင်ပြတာတွေကိုယုံပြီး အဲဒါတွေနဲ့ပဲ ပြီးနေတယ်။ ဒါကြောင့် ဝန်ကြီးအနေနဲ့ ကျနော်တို့ ဆင်ရဲသား ရေလုပ်သား တွေအပေါ် ကာကွယ်မှု၊ စောင့်ရှောက်မှု အရည်အချင်းမရှိတဲ့အတွက် အခုလို ဆန္ဒဖော်ထုတ်ခြင်း ဖြစ်ပါတယ်”ဟု ရေလုပ်သားဆန္ဒပြ ခေါင်း ဆောင် ကျုံပျော်မြို့နယ်၊ ရှားခဲကျေးရွာအုပ်စုမှ ကိုဆန်းညွန့်က ဧရာဝတီကို ပြောသည်။
ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်ရှိ ရှားခဲအင်းနှင့် လေးမျက်နှာမြို့နယ်ရှိ ကင်ပွန်းချောင်းအင်းတို့ကို ဒေသခံ ရေလုပ်သား အစုအဖွဲ့များအား ချထားပေးရန် တောင်းဆိုချိန်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ယခင်နှစ်က လေလံအောင်ခဲ့သည့်အင်းသားကြီးများကို ကြေးတိုင် အင်းများအဖြစ် ဆက်လက်လုပ်ကိုင်ခွင့် ချပေးလိုက်သည့်အတွက် ရေလုပ်သားများ ဆန္ဒဖော်ထုတ်ကြ ခြင်း ဖြစ်သည်။
လေလံအင်းမှာ လုပ်ကိုင်ခွင့်ရ အင်းတရာသီအချိန်ကာလအတွင်း အင်းအတွင်းရှိ ငါးများကို အစိုးရမှ သတ်မှတ်ထားသော ငါးဖမ်းကိရိယာများဖြင့် ဖမ်းဆီးခွင့်ရှိပြီး ကြေးတိုင်အင်းမှာ ငါးမျိုးစိတ်များ အင်းအတွင်း စိုက်ထည့်ကာ အချိန်ကာလ ၁ နှစ်၊ ၂ နှစ်၊ ၃ နှစ်စသဖြင့် အချိန်ယူ၍ အင်းကို ပြုပြင်ထိန်းသိမ်းပြီး ငါးဖမ်းရသည့် အင်းဖြစ်သည်။
လက်ရှိတွင် ဧရာဝတီတိုင်းအစိုးရက အင်းတချို့ကို ကြေးတိုင်အင်းအဖြစ် သတ်မှတ်ချထား ပေးခဲ့ သည့်အတွက် ယမန် နှစ်က လေလံအောင်ခဲ့သည့်အင်းသားကြီးများမှာ အင်းကို ကြေးတိုင်ကာလ ၂ နှစ်၊ ၃ နှစ်အချိန်အထိ ဆက်လက် လုပ် ကိုင်ခွင့် ရရှိခဲ့ကြသည်။
အင်းတချို့ကို ကြေးတိုင်အင်းအဖြစ် ချထားပေးခြင်းမှာ မိမိတယောက်တည်း ဆုံးဖြတ်ခြင်းမဟုတ်ဘဲ ဧရာဝတီတိုင်း အစိုးရအဖွဲ့ ကက်ဘိနက်(ဝန်ကြီးစုံညီ အစည်းအဝေး)ဖြင့် ဥပဒေအရ အဆင့်ဆင်စိစစ် ပြီး ဆုံးဖြတ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ဆန္ဒဖော်ထုတ်ခြင်းခံရသည့်ဝန်ကြီးဦးတင်အောင်ဝင်းက ပြောသည်။
“အစိုးရအဖွဲ့မှာ ကျနော် တယောက်ထဲ ဆုံးဖြတ်တာ မဟုတ်ပါဘူး။ ကက်ဘိနက်မှာ ဝန်ကြီးချုပ်က ဥက္ကဋ္ဌပဲလေ။ အားလုံးတိုင်ပင်ဆွေးနွေးပြီးတော့ ကြေးတိုင်စိစစ်ရေးကော်မတီကနေ ဥပဒေအရ အဆင့် ဆင့် စိစစ်ပြီး တင်ပြ ထာလည်း မှန်နေတယ်။ ကြေးတိုင်ချထားပေးတဲ့အင်းတွေကို အင်းသားကြီးတွေ က သူတို့ ပြုပြင်ပါ့မယ်။ အင်းတွေရဲ့ငါးသယံဇာတ၊ ရေသယံဇာတတွေကို ပြုပြင်ပါ့မယ်ဆိုတဲ့ ခံဝန် ချက်တွေလည်း ရှိတယ်။ အဲ့လို စိစစ်ချက်တွေနဲ့ တင်လာတဲ့အခါမှာ ကျနော်တို့ မပေးလို့ မရတဲ့အနေ အထားရှိပါတယ်”ဟု သူက ပြောသည်။
တိုင်းအစိုးရအဖွဲ့ဆုံးဖြတ်ချက်ဖြင့် အင်းများကို ကြေးတိုင်ချထားပေးပြီးဖြစ်သည့်အတွက် အင်းသား ကြီးများ အနေဖြင့် တရားမဝင်ငါးဖမ်းနည်းများဖြစ်သည့် အဆိပ်ချခြင်း၊ ဘက်ထရီရှော့ခ်တိုက် ငါးဖမ်းခြင်း၊ အင်းကိုတဆင့်ရာင်းစားခြင်း စသည့် စည်းကမ်းဖောက်ဖျက်မှုများ ပြုလုပ်ပါက ဒေသခံ ရေလုပ်သားများ တိုင်ကြားကြရန်နှင့် အင်းသားကြီးများကို ထိရောက်စွာ အရေးယူသွားမည် ဖြစ် ကြောင်း ဝန်ကြီးဦးတင်အောင်ဝင်းက ပြောဆိုသည်။
ဆန္ဒပြပွဲတွင် ရပ်ရွာအခြေပြု ရေလုပ်သားအဖွဲ့အစည်းများ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ခွင့် ရရှိရန်၊ ရေလုပ်သား အစုအဖွဲ့များ တည်ရှိရာဒေသ၌ အင်းများကိုကြေးတိုင် ချထားခြင်းမှ ပြန်လည်ရုပ်သိမ်း ပေးရန်၊ ရှာစားဖွေစား ဒေသခံရေလုပ်သား အစစ်အမှန်များကိုသာ ထောက်ခံပေးရန်နှင့် ရေလုပ်သားအတုအယောင်များကို ထောက်ခံ ပေးသော တာဝန်ရှိသူများကို ဖော်ထုတ် အရေးယူပေးရန် တောင်းဆိုခဲ့ကြသည်။
ထို့အပြင် ဒေသခံရေလုပ်သား အဖွဲ့ အစည်းများကို အသိအမှတ်မပြုဘဲ လုပ်ငန်းရှင်အင်းသားကြီး များကိုသာ မျက်နှာသာ ပေး လုပ်ကိုင်ဆောင်ရွက် နေသော တိုင်း။ ခရိုင်၊ မြို့နယ်အဆင့်ဆင့်သော ငါးလုပ်ငန်းဌာနတာဝန်ရှိသူများကို အလိုမရှိ ကြောင်း ရေလုပ်သားများက ဆန္ဒဖော်ထုတ် ခဲ့ကြသည်။
“ကြေးတိုင်အင်းရဲ့စည်းကမ်းချက်မှာ အင်းကိုငါးမျိုးစိတ်ထည့်ရမယ်လို့ပါတယ်။ လေးမျက်နှာက ကင်ပွန်းချောင်း အင်းဟာ နွေရာသီမှာ ရေခန်းတဲ့အင်း ဖြစ်တယ်။ ရေခန်းတဲ့အင်းကို အင်းသားကြီးက ဘယ်လိုများ ငါးသားပေါက် ထည့်မလဲ။ ဒါကြောင့် တိုင်းအစိုးရအဖွဲ့ဟာ အောက်ခြေကို ကွင်းဆင်းမ ကြည့်ဘဲ အောက်ခြေက လိမ်ပြီးတင်ပြတဲ့ အရာတွေကိုပဲ ယုံပြီးဆုံးဖြတ်နေတယ်လို့ ကျနော်တို့ ပြောတာဖြစ်တယ်။ အခု ဒီအင်းတွေကို အင်းသားကြီးတွေ ရသွားတော့ ကျန်တဲ့ဆင်းရဲသား ရေလုပ် သားတွေက ဘာမှလုပ်စားခွင့် မရှိတော့ဘူး။ ငတ်ဖို့ပဲရှိတယ်”ဟု လေးမျက်နှာ မြို့နယ်၊ မြင်းကုန်း ကျေးရွာမှ ဒေသခံရေလုပ်သားခေါင်းဆောင် ကိုသက်ဇော်က ပြောသည်။
ဧရာဝတီတိုင်းရှိ မြို့နယ်အသီးသီးတွင် ကြေးတိုင်အင်း၊ လေလံအင်း၊ ဘုံစားအင်းစသည့် အင်းများနှင့် ပတ်သက်၍ မြို့နယ်အဆင့် အင်းတင်ဒါစိစစ်ရေးအဖွဲ့က ဆောင်ရွက်နေခြင်းဖြစ်ပြီး အဆိုပါအဖွဲ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးက ဥက္ကဋ္ဌ၊ ငါးလုပ်ငန်းဦးစီးဌာနမှူးက အတွင်းရေးမှူး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၂ ဦး၊ မြို့နယ် ရဲတပ်ဖွဲ့မှူး၊ မြေစာရင်းဌာန ဦးစီးမှူး၊ ဆည်မြောင်းဌာန ဦးစီးမှူးနှင့် အရပ်ဖက်ကိုယ်စားလှယ် ၅ ဦးတို့က အဖွဲ့ဝင်များအဖြစ် ပါဝင်ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိမ်းသိမ်းရေး ဝန်ကြီးဌာန ဝန်ကြီးအဖြစ် စိုက်ပျိုးရေးပညာရှင် ဦးဘဟိန်းက ၂၀၁၆ ခုနှစ်မှ ၂၀၁၇ ခုနှစ်၊ နှစ်ကုန်ပိုင်းအချိန်အထိ တာဝန်ယူခဲ့ပြီး ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဦးဘဟိန်းမှာ ဝန်ကြီးရာထူးမှ နှုတ်ထွက်သွားခဲ့သည်။
ဦးဘဟိန်း နှုတ်ထွက်သွားသဖြင့် လစ်လပ်နေသည့် ဝန်ကြီးဌာနအား စိုက်ပျိုးရေးဌာန ညွှန်ကြားရေးမှူးဟောင်း ဦးတင်အောင်ဝင်းက ဝန်ကြီးအဖြစ် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှစတင်ကာ တာဝန်ယူဆောင်ရွက်နေခြင်း ဖြစ်သည်။