ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့၌ ယနေ့ မနက်ပိုင်းတွင် သတ်ဖြတ်ခံထားရသော အလောင်း ၂ လောင်း အား ဈေးလမ်းဆုံလမ်းခွ၌ ချထားမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ အသတ်ခံရသူမှာ ရခိုင်တိုင်းရင်းသား ၂ ဦးဖြစ်ပြီး ကမ်းထောင်းကြီးမြို့ တောင်ပိုင်းရပ်ကွက် နေ အသက် ၄၀ အရွယ် ဦးညီညီထွေးနှင့် အမ်းမြို့နယ် သဲကမ်းထောင်းကျေးရွာနေ ဦးမောင်လုံးတို့ ဖြစ်ကြကြောင်း ကမ်းထောင်းကြီး ရဲစခန်းမှ တပ်ကြပ်ကြီး ကျော်မြသန်းက ပြောသည်။
ရဲတပ်ကြပ်ကြီး ကျော်မြသန်းက “ဒီနေ့ မနက်ပိုင်း ၆ နာရီကျော်လောက်မှာ ဈေးလယ် ခွဆုံမှာ အလောင်းတွေကို တွေ့ရပါ တယ်။ လောလောတယ် အဲဒီလောက်ပဲ ပြောလို့ရမယ်။ ကျန်တာ ကျနော် တို့လည်း ဘာမှ မသိသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။
သတ်ဖြတ်ခံရသူ၂ ဦး၏ ဦးခေါင်းများကို ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်တွင် တင်ထားလျက် ၁ ဦး၏ ရင်ဝပေါ်တွင် ဓား ၁ ချောင်း ကိုလည်း ထိုးစိုက်ထားကာ နားရွက်များကိုလည်း လှီးဖြတ်ထားကြောင်း၊ အလောင်းများ တွေ့ရှိသည့်နေရာတွင် သွေးအိုင် များကိုလည်း မတွေ့ရှိရသည့်အတွက် တခြားနေရာ၌ သတ်ဖြတ်ကာ လူအများမြင်စေရန် ပြသထားခြင်း ဖြစ်ကြောင်းဟု ဒေသခံများက ပြောဆိုကြသည်။
ကမ်းထောင်းကြီး မြို့ခံတဦးက “ကျနော်တို့ သွားကြည့်တဲ့အခါ ဈေးလယ်မှာ အလောင်းတွေ ချထား တာ တွေ့တယ်။ အဲဒီ နေရာမှာ သတ်တာတော့ မဖြစ်နိုင်ဘူး။ အလောင်းရှိတဲ့နေရာမှာ ဓာတ်မီး တိုင်တွေလည်း ရှိတယ်။ မြို့လယ်ခေါင်မှာ လည် လှီးသတ်တာတော့ မဖြစ်နိုင်ဘူး။ တခြားနေရာမှာ သတ်ပြီးတော့ လူတွေမြင်အောင် လာထားတာ ဖြစ်မယ်” ဟု ဧရာဝတီ သို့ ပြောသည်။
ထိုသို့ သတ်ဖြတ်ခံရသည့် ကိစ္စနှင့် ပတ်သက်၍ ကမ်းထောင်းကြီး ရဲစခန်းမှ လူသတ်မှုဖြင့် အမှုဖွင့်ကာ ကျူးလွန်သူကို စုံစမ်း ရှာဖွေနေကြောင်း သိရသည်။
ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းကတော့ “ဒါက လူမဆန်တဲ့ ဖြစ်စဉ် ဖြစ်ရပ်တွေပေါ့။ ဒီလို ရက်ရက်စက် စက်သတ်ဖြတ်တာတွေက တရားဥပဒေကို ဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေပဲ ဖြစ်မှာ ပေါ့။ လောလောဆယ်ကတော့ အတိ အကျ ပြောလို့ မရသေးဘူး။ ကျနော်တို့ စုံစမ်းနေတုန်းပဲ ” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိအချိန်တွင် သတ်ဖြတ်ခံရသူ၂ ဦး၏ ရုပ်အလောင်းများကို တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထား ကြောင်း ကမ်းထောင်း ကြီး ရဲစခန်းမှ တာဝန်ရှိသူများက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁ ရက်ကလည်း ကျောက်တော်မြို့နယ် ကန်စောက်ရဲကင်းစခန်း အနီးတွင် ကုန်စုံဆိုင်ရောင်းချ သူ ဦးရဲလွင် နှင့် ဇနီး ဒေါ်တင်တင်ထွေးတို့မှာ ဈေးဆိုင်အတွင်း၌ ဓားထိုးခံရကာ သေဆုံးနေလျက် ရှိကြောင်း သိရသည်။
သြဂုတ်လ ၅ ရက်ကလည်း ကျောက်တော်မြို့နယ် အတွင်း ဆင်အိုးချိုင်ကျေးရွာအုပ်စု ခေတ္တအုပ်ချုပ် ရေးမှူး အသက် ၅၀ အရွယ် ဦးဦးသန်းမောင်နှင့် ကျေးအုပ်စု သာဒါဆိပ်ကျေးရွာ ရာအိမ်မှူး အသက် ၃၄ နှစ်အရွယ် ဦးမောင်ဝင်းနိုင်မှာ ဆင်အိုး ဘင်္ဂါလီကျေးရွာက အပြန်လမ်းတွင် အမည်အသိ အဖွဲ့ အစည်းတခု၏ ဖမ်းဆီးခြင်းကိုခံရပြီး နောက်တနေ့တွင် သတ်ဖြတ် ခံထားရသည့် အလောင်းများကို တွေ့ရှိခဲ့သည်။
မြေပုံမြို့နယ် ပေါက်တူးတောင်ကျေးရွာတွင်လည်း ဇူလိုင်လ ၅ ရက် ညနေ ၈ နာရီ အချိန်ခန့်က အသက် ၆၀ အရွယ် ဦးမောင်ဘကျန်နှင့် သားမက်ဖြစ်သူ အသက် ၂၆ နှစ်အရွယ်ကို ဆန်းဝင်းထွန်း တို့ကို အမည်မသိလက်နက် ကိုင် ၃ ဦးမှ နေ အိမ်ထဲသို့ ဝင်ရောက်ကာ ပစ်သတ်သွားခဲ့သည်။
ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်ကလည်း မြေပုံမြို့နယ် ကမ်းထောင်းကြီးကျေးရွာနေ အလယ်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူး တဦး ဖြစ်သူ ဦးသန်းမောင်ချေမှာ နေအိမ်အတွင်း၌ အမည်မသိ သေနတ်သမား တဦး၏ ဝင်ရောက်ပစ်ခတ်မှုကြောင့် သေဆုံး သွားခဲ့သည်။
ပြီးခဲ့သော မတ်လ ၅ ရက်နေ့ကလည်း ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာတွင် ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင် ဖြစ် သူ အသက် ၄၇ နှစ် အရွယ် ဦးဘစောမှာ ရွာအနီး ကားလမ်းမဘေးတွင် ဆောက်လုပ်ထားသော ၎င်း၏ ဆိုင်ခန်းထဲရှိနေ စဉ် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်ကို တွေ့ရှိရသည်။
မင်းပြားမြို့နယ် သာယာကုန်းကျေးရွာ အုပ်စုအတွင်း ရာအိမ်မှူး အဖွဲ့ဝင်တဦး ဖြစ်သူ အသက် ၅၀ ကျော်အရွယ် ဦးမောင် ကျော်မှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေပိုင်းက အမည်မသိ သေနတ်သမား ၏ ပစ်သတ်ခြင်း ခံရပြီး သေဆုံးသွားခဲ့ သည်။
ဇန်နဝါရီလ၂၂ ရက် ည ၉ နာရီကျော် အချိန်ကလည်း မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာသား ဦးမောင်အေးသိန်း (၅၆) နှစ်မှာ အမည်မသိ သေနတ်သမား၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံလိုက်ရ သည်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်ကလည်း မြေပုံမြို့နယ် ကြာအင်းတောင်ကျေးရွာတွင် နေထိုင်သည့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ပါတီမှ ဗဟိုကော်မတီဝင်တဦး ဖြစ်သည့် ဦးခင်သန်းမောင်မှာ နေအိမ်တွင်း၌ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ ရ သည်။
ရခိုင်ပြည်နယ်အတွင်း ကျေးရွာတချို့၌ယခုကဲ့သို့သော သတ်ဖြတ်ခံရသည့် ဖြစ်စဉ်များ ခပ်စိတ်စိတ် ဖြစ်ပွားနေပြီး သက် ဆိုင်ရာ အဖွဲ့အစည်းများမှ လုပ်ကြံသတ်ဖြတ်ခံရသည့် အကြောင်းရင်းများနှင့် အတူ လုပ်ကြံသတ်ဖြတ်သွားသည့် တရားခံ များကို လက်ရှိအချိန်ထိ ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိသေးပေ။
ဆက်စပ်ဖတ်ရှုရန် –
မြေပုံမြို့နယ်တွင် အုပ်ချုပ်ရေးမှူး ၁ ဦး နေအိမ်အတွင်း ဝင်ရောက် ပစ်သတ်ခံရ
မြေပုံမြို့နယ်၌ ရွာသား ၂ ဦး နေအိမ်အတွင်း ပစ်သတ်ခံရပြန်
ကျောက်တော်က ကုန်စုံဆိုင်ပိုင်ရှင်များ အသတ်ခံရ
ကျောက်တော်တွင် ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင် တဦး အသတ်ခံရ