ပုဂ္ဂလိကဘဏ်များ အတိုးနှုန်းသတ်မှတ်ရာတွင် မိမိတို့ဘဏ်၏ မူဝါဒဖြင့် လွတ်လပ်စွာ သတ်မှတ်နိုင် သည့် အခြေအနေသို့ ရောက်သည်အထိ တဆင့်ပြီးတဆင့် ဖြေလျှော့မှုများ ပြုလုပ်ပေးသွားမည်ဟု ဗဟိုဘဏ် ဒု ဥက္ကဋ္ဌ ဦးစိုးမင်းက ပြောသည်။
စက်တင်ဘာ ၉ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင်၂၀၁၆-၂၀၁၇ ဘဏ္ဍာ နှစ်နှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်များအတွက် ငွေကြေးမူဝါဒ အကောင်အထည်ဖော် ဆောင်ရွက်ချက်နှင့် ငွေရေးကြေးရေး တည်ငြိမ်မှု အခြေအနေ အစီရင်ခံစာတို့နှင့် ပတ်သက်၍ ရှင်းလင်းရာတွင် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဒု ဥက္ကဋ္ဌ ဦးစိုးမင်းက “အနာဂတ်မှာ ဗဟိုဘဏ်က မူဝါဒ အတိုးနှုန်းတရပ်ကိုသာ သတ်မှတ်မှာ ဖြစ်ပြီး တော့ ဘဏ်များကတော့ မိမိမူဝါဒအရ အတိုးနှုန်းများကို လွတ်လပ်စွာ သတ်မှတ်နိုင်မယ့် အခြေအနေ အထိ ရောက်ရှိအောင် အတိုးနှုန်း ဖြေလျှော့မှုများကိုလည်း တဆင့်ပြီးတဆင့် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
ထိုသို့ ဆောင်ရွက်နိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့ (IMF)၏ အကူအညီ ရယူ၍လည်းကောင်း၊ အခြားနိုင်ငံများ၏ ဆောင်ရွက်ချက် အတွေ့အကြုံများကို လေ့လာခြင်းဖြင့် လည်းကောင်း ဆောင်ရွက်မှုများ ပြုလုပ်နေပြီဖြစ် ကြောင်းလည်း ဗဟိုဘဏ်က သိရသည်။
ဗဟိုဘဏ်အနေဖြင့် မြန်မာနိုင်ငံ၏ မိုက်ခရို စီးပွားရေး အခြေအနေအရ အတိုးနှုန်း ပြောင်းလဲမှုကို အထူးသတိထား ဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေရှိသော်လည်း ဘဏ်များအတွက် အထိုက် အလျှောက် လွတ်လပ်ခွင့်ရှိသည့် အတိုးနှုန်း ဖွဲ့စည်းမှုပုံစံကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်တွင် ထုတ်ပြန်ပြီး ဖြစ်ကြောင်း ဦးစိုးမင်းက ဆက်လက် ပြောသည်။
အတိုးနှုန်းကို ဘဏ်များ၏ မူဝါဒအတိုင်း လွတ်လပ်စွာ သတ်မှတ်နိုင်မည့် အချိန်ကာလသည် အချို့ နိုင်ငံများတွင် ၅ နှစ်မှ နှစ်၂၀ အထိ ကြာမြင့်သောကြောင့် အချိန်ယူ၍ ဆောင်ရွက်ရမည် ဖြစ်ကြောင်း လည်း ၎င်းက ဆိုသည်။
လက်ရှိတွင် ဗဟိုဘဏ် အနေဖြင့် အတိုးနှုန်းနှင့် ပတ်သက်၍ ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှ စ၍ ၁၀ ရာခိုင်နှုန်း သတ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
ပုဂ္ဂလိကဘဏ်များမှ ထုတ်ချေးထားသော ချေးငွေများ အပေါ် အာမခံပစ္စည်းပါ ရယူထားပါက တောင်း ခံနိုင်သည့် အမြင့်ဆုံး အတိုးနှုန်းများကို ဗဟိုဘဏ် အတိုးနှုန်း အထက် ၃ ရာခိုင်နှုန်း (၁၀+ ၃ ရာခိုင်နှုန်း= ၁၃ ရာခိုင်နှုန်း)ထက် ကျော်လွန်၍ ကောက်ခံခြင်း မပြုလုပ်ရန် ဗဟိုဘဏ်က ယခုနှစ် ဇန်နဝါရီလ ၁၅ ရက်တွင် ထုတ်ပြန် ညွှန်ကြားထားသည်။
ထိုညွှန်ကြားချက်တွင် အာမခံပစ္စည်းများ ရယူခြင်း မပြုလုပ်ဘဲ ထုတ်ချေးသည့် ချေးငွေများအပေါ် တောင်းခံနိုင်သည့် အမြင့်ဆုံး အတိုးနှုန်းကို ဗဟိုဘဏ် အတိုးနှုန်းထက် ၆ ရာခိုင်နှုန်း (၁၀+၆ ရာခိုင်နှုန်း=၁၆ ရာခိုင်နှုန်း) ထက် ကျော်လွန် ကောက်ခံခြင်း မပြုရန်အတွက်လည်း ဖော်ပြပါရှိသည်။
ပုဂ္ဂလိကဘဏ်များ၊ စီးပွားရေး လုပ်ငန်းများနှင့် စီးပွားရေး ပညာရှင်များမှ ဗဟိုဘဏ်က သတ်မှတ် ထားသည့် အတိုးနှုန်းကို ဖြေလျှော့ရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်မှာ အချိန် ၇ နှစ်ပါး ကြာခဲ့ပြီ ဖြစ်ကြောင်း၊ ယခုကဲ့ ဗဟိုဘဏ် အနေဖြင့် ဖြေ လျှော့မှုများ ပြုလုပ်ပေးမည် ဆိုပါက အလွန်ကောင်းမွန် ကြောင်း ကမ္ဘောဇဘဏ် (KBZ)၏ အကြီးတန်း အကြံပေး ဦးသန်းလွင်က ဧရာဝတီသို့ ပြောသည်။
၎င်းက “ဗဟိုဘဏ် အတိုးနှုန်း ပြောင်းရင်ပြောင်းသလို ပုဂ္ဂလိက ဘဏ်အတိုးနှုန်းလည်း လိုက်ပြောင်း မှာပဲ။ ဘယ်နိုင်ငံမဆို ဒီအတိုင်းပဲ။ ဗဟိုဘဏ် အတိုးနှုန်းကို လိုတိုး ပိုလျှော့ပေါ့။ စီးပွားရေး ကျနေချိန် မှာ အတိုးနှုန်းက လျှော့ရတာချည်းပဲ” ဟု ဆိုသည်။
မြန်မာနိုင်ငံ ဗဟိုဘဏ်မှ သတ်မှတ်ထားသည့် အတိုးနှုန်းမှာ ၁၀ ရာခိုင်နှုန်းထားရကြောင်း၊ အနောက် နိုင်ငံများနှင့် အိမ်နီး ချင်းနိုင်ငံများမှာ ဗဟိုဘဏ်၏ အတိုးနှုန်းမှာ ၂ ရာခိုင်နှုန်းခန့်သာ ရှိသဖြင့် မြန်မာ နိုင်ငံ၏ အတိုးနှုန်းမှာ မြင့်မားနေကြောင်း ကို ဘဏ်လုပ်ငန်းရှင်များက ထောက်ပြ ပြောဆိုမှုများလည်း ရှိသည်။
ရန်ကုန်မြို့စီးပွားရေး လုပ်ငန်းရှင် တဦးဖြစ်သူ ဒေါက်တာ စိုးထွန်းက “နိုင်ငံခြား ကုမ္ပဏီတွေနဲ့ ယှဉ် မယ်ဆိုရင် မြန်မာနိုင်ငံက အတိုးနှုန်းမှာကို ရှုံးနေပြီ။ အဓိက ဗဟိုဘဏ်က သတ်မှတ်ထားသည့် အတိုး နှုန်းကို ပြန်လည် သုံးသပ်ဖို့ လိုပါတယ်။ စီးပွားရေး တုံ့နှေးနေတဲ့အချိန်မှာ အတိုးနှုန်းကို ပြန်ညှိနှိုင်း ပေးဖို့ လိုတယ်လို့ မြင်ပါတယ်” ဟု သုံးသပ်ပြောဆိုသည်။
ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် ဘဏ်အတိုးနှုန်း ၁၃ ရာခိုင်နှုန်းကောက်ခံခြင်းမှာ အတိုးနှုန်း ကြီးမြင့်နေ သည်ဟု ဝေဖန်ပြောဆိုမှုများလည်း ရှိနေပြီး ပုဂ္ဂလိကဘဏ်များမှ ငွေချေးယူရာ တွင် လုပ်ထုံးလုပ်နည်းများပြားခြင်း၊ ကြန့်ကြာခြင်းတို့ကြောင့် ဘဏ်ချေးငွေရယူရန် အခက်အခဲများ စွာရှိကြောင်းလည်း ပြောဆိုကြသည်။
မြန်မာနိုင်ငံတွင် ပုဂ္ဂလိကဘဏ်များကို ဖွင့်လှစ်ရာ၌ ၂၀၁၇ ခုနှစ်တွင် ဘဏ်ခွဲ ၁၄၈၁ ခု၊ ၂၀၁၈ ခုနှစ် တွင် ၁၇၁၉ ခု၊ ၂၀၁၉ ခုနှစ် စက်တင်ဘာလအထိ ပုဂ္ဂလိကဘဏ်၂၁ ဘဏ်မှ ဘဏ်ခွဲ ၁၈၄၄ ခု ဖွင့်လှစ် ထားရှိပြီး ဖြစ်သဖြင့် တိုးတက်မှု ရှိလာကြောင်းလည်း ဗဟိုဘဏ်က သိရသည်။
ဆက်စပ်ဖတ်ရှုရန် –
အခွန်နှင့် ဘဏ်တိုး လျှော့ချရေး နိုင်ငံအဆင့်သို့ တင်ပြထား ဟုဆို