ကရင့်အာဇာနည်နေ့ အခမ်းအနား ဦးဆောင် ကျင်းပခဲ့မှုကြောင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ဆိုင်ရာ (ငြိမ်းစုစီ)ပုဒ်မ ဖြင့် တရားစွဲဆိုခံရသည့် ဒေါ်နော်အုန်းလှသည် အာမခံ မယူသဖြင့် အင်းစိန် ထောင်သို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဒေါ်နော်အုန်းလှအား ငြိမ်းစုစီ ပုဒ်မ ၂၀ ဖြင့် ယနေ့ တရားရုံးတွင် ရုံးထုတ်ခဲ့ကြောင်း သွား ရောက်ဝန်းရံခဲ့သည့် အဓမ္မဝါဒီ တိုက်ဖျက်ရေး အဖွဲ့မှ ကိုမြတ်ကျော်က ဆိုသည်။
ဒေါ်နော်အုန်းလှကို သြဂုတ်လ ၁၂ ရက်က မဟာဗန္ဓုလပန်းခြံရှေ့တွင် ကရင့်အာဇာနည်နေ့ အခမ်းအနားကျင်းပခဲ့ခြင်း ဖြစ်ပြီး၊ ထိုအမှုနှင့် ပတ်သက်ပြီး စက်တင်ဘာ ၉ ရက် ညပိုင်းက ကျောက်တံတားမြို့နယ် ရဲစခန်းမှ ဖမ်းဆီးခဲ့ပြီး ရဲစခန်းတွင် အာမခံ မပေးခဲ့သည့် အတွက် ယနေ့ တရားရုံးတွင်လည်း အာမခံ မလျှောက်ထားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ကိုမြတ်ကျော်က “သူ့ကို မနေ့ထဲက စခန်းမှာ ချုပ်ထားတယ်။ ရဲ အာမခံမပေးခဲ့ဘူး။ တရားရုံးကျမှ အာမခံလျှောက်ဆိုပြီး ဖမ်းထားတယ်။ အဲဒီအတွက် သူက တရားရုံးမှာ အာမခံ မလျှောက်ဘူး။ ရှေ့နေလည်း မငှားဘူး။ သူ့ကို အင်းစိန် ပို့လိုက် တယ်” ဟု ဆိုသည်။
၆၉ နှစ်မြောက် ကရင့်အာဇာနည်နေ့ကို ယခင်က ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်ရှိ မကွေးစာသင်တိုက်၌ ကျင်းပရန် စီစဉ် ရာတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ခွင့်မပြုခဲ့သဖြင့် သြဂုတ်လ ၉ ရက်တွင် မဟာဗန္ဓုလပန်းခြံရှေ့၌ ကျင်းပရန် ကျောက်တံတား ရဲစခန်းသို့ ငြိမ်းစုစီ ဥပဒေ အရ အကြောင်း ကြားခဲ့သည်။
သို့သော် ကျောက်တံတား ရဲစခန်းမှ သြဂုတ်လ ၁၁ ရက်တွင် ကရင့်အာဇာနည်နေ့ ဆိုသည့် စကားရပ် အစား တခြား စကားရပ်ကို ပြောင်းသုံးရန် ပြန်လည် အကြောင်းကြားခဲ့သော်လည်း မလိုက်နာခဲ့သဖြင့် ငြိမ်းစုစီ ပုဒ်မ ၂၀ ဖြင့် ဒေါ်နော် အုန်းလှ အပါ အဝင် ကရင်လူငယ်၂ ဦးကို တရားစွဲဆိုခြင်း ဖြစ်သည်။
လက်ရှိတွင် တရားစွဲခံထားရသည့် ကရင်လူငယ် ၂ ဦးကိုတော့ ဖမ်းဆီးနိုင်ခြင်း မရှိသေးပေ။
ငြိမ်းစုစီ ပုဒ်မ ၂၀ သည် ရဲစခန်းတွင်ပင် ရဲတပ်ဖွဲ့မှ အာမခံပေးနိုင်သည့် ပုဒ်မဖြစ်ပြီး ဒေါ်နော်အုန်းလှ ကို မည်သည့်အတွက် ဖမ်းဆီးစဉ်ကတည်းက အာမခံ မပေးခဲ့သည်ကို နားမလည်ကြောင်း တရား လွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က ပြော သည်။
ဦးသန်းဇော်အောင်က “ဒါက ရဲကဖမ်းမယ်။ ပြီးရင် စခန်းမှာတင် အာမခံ ပေးမယ်။ နောက်တနေ့မနက် တရားရုံးမှာ အမှု လာရင်ဆိုင်ဖို့ ပြန်ခေါ်ရမယ်။ တရားရုံးရောက်တဲ့ အခါမှာလည်း တရားရုံးမှာ အာမခံ လုပ်ရမယ်။ ဒီလိုပဲ နားလည်ထား တယ်။ အခုက ဘာလို့ ဖမ်းကတည်းက အာမခံမပေးတာလဲတော့ နားမလည်တော့ဘူး။ တခြားကိစ္စတွေ ရှိရအောင်လည်း သူ့ကို အခု တရားရုံးတင်တော့ ငြိမ်းစုစီ ပုဒ်မ၂၀ နဲ့ပဲ တင်တယ်ဆိုတော့” ဟု ဆိုသည်။
ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၂၀ သည် အပြစ်ကျူးလွန်ကြောင်း ထင်ရှားပါက ၆ လထက် မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ကျပ် ၁ သောင်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။
သို့ရာတွင် တရားရုံးမှ ဖမ်းဝရမ်းထုတ်ခဲ့သူ ဖြစ်နိုင်သဖြင့် ထိုကဲ့သို့ ရဲစခန်းမှ အာမခံ မပေးခဲ့ခြင်း လည်း ဖြစ်နိုင်ကြောင်း၊ ကရင့်အာဇာနည်နေ့ ကျင်းပခဲ့သည့် အချိန်ကတည်းက ရဲစခန်းမှ ငြိမ်းစုစီ ပုဒ်မ ၂၀ ဖြင့် အမှုဖွင့်ထားသည်ကို ဒေါ်နော်အုန်း လှမှ သွားရောက် ရင်မဆိုင်ခဲ့ကြောင်း၊ ထို့အတွက် တရားရုံးသို့ အမှုတွဲ စွဲတင်ကာ တရားရုံး ဖမ်းဝရမ်း ထုတ်ခဲ့ခြင်း ဖြစ် ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကလည်း သုံးသပ်သည်။
ဒေါ်နော်အုန်းလှကို ကရင့်အာဇာနည်နေ့ ကျင်းပသည့် ကိစ္စဖြင့် ယခုလို ဖမ်းဆီးလိုက်ခြင်းကို ရှုတ်ချကြောင်း၊ ကရင် တမျိုး သားလုံးအပေါ် ထိပါးစိန်ခေါ်ခြင်းဖြစ်ကြောင်း၊ ထိုကိစ္စကို ဆန့်ကျင်ကန့်ကွက်ရန် တပ်လှန့် နှိုးဆော်ကြောင်း၊ ကရင် လူမျိုး များ၏ အမှန်တရား မြတ်နိုးမှု၊ တရားမျှတမှု၊ သတ္တိရှိမှု၊ စည်းလုံးညီညွတ်မှုကို ပြသရန် လိုအပ်ကြောင်း KNU Concerned Group အဖွဲ့မှ သဘောထား ထုတ်ပြန်ခဲ့သည်။
ဒေါ်နော်အုန်းလှသည် ၁၉၈၈ ခုနှစ်ကတည်းက နိုင်ငံရေး စတင် လှုပ်ရှားခဲ့သူဖြစ်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) စတင်ဖွဲ့စည်းသည့်အခါ မှော်ဘီမြို့နယ်တွင် ရပ်ကျေး အဆင့် စည်းရုံးရေးမှူးဖြစ်ခဲ့သည်။
ထို့နောက် ၁၉၉ဝ ရွေးကောက်ပွဲတွင် မှော်ဘီမြို့နယ်ရှိ ကရင်ကျေးရွာများကို NLD ပါတီ အောင်နိုင်ရေးအတွက် စည်းရုံးရေး တွင် ထိရောက်အောင် စည်းရုံးနိုင်ခဲ့သည်။
ထို့ပြင် တနိုင်ငံလုံး အတိုင်းအတာဖြင့် NlD ပါတီက ဖွဲ့စည်းခဲ့သည့် ဗဟိုအမျိုးသမီးရေးရာအဖွဲ့တွင် ပါဝင်ခဲ့သည်။
၂ဝဝ၆ ခုနှစ်တွင် NLD ပါတီ တည်ထောင်ခြင်း ၁၆ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနား အပြီး ဒေါ်နော်အုန်းလှနှင့်အတူ ပါတီဝင်တချို့က ကုလသမဂ္ဂ အဖွဲ့ချုပ်ရုံးသို့ သွားရောက် တောင်းဆိုမှုများ ပြုလုပ်ခဲ့သည့်အတွက် ဒေါ်နော်အုန်းလှကို ပါတီ မှ ထုတ်ပယ်ခဲ့သလို ကျန်သည့် ပါတီဝင်၂၁ ဦးကိုလည်း ပါတီမှ ပါတီဝင် အဖြစ်မှ ထုတ်ပယ်ခြင်း၊ အလုပ်ရပ်စဲခြင်း ပြုလုပ် ခဲ့သည်။
သူသည် နိုင်ငံရေး လှုပ်ရှားမှု တလျှောက်လုံး အကြိမ်ကြိမ် ထောင်ကျခြင်း၊ အချုပ်ခံရခြင်းများ ခံခဲ့ရသူဖြစ်ပြီး NLD ပါတီမှ ထုတ်ပယ်ခံလိုက်ရသော်လည်း တောင်သူလယ်သမားများ အရေး၊ မြေယာအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ ကို အစဉ်တစိုက် ဆောင်ရွက်နေခဲ့သူတဦးလည်း ဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန် –
ကရင့်အာဇာနည်နေ့ ကျင်းပသူ ၅ ဦးကို တရားစွဲရန် ပြင်ဆင်နေ
ကရင့်အာဇာနည် အသုံးအနှုန်း မသုံးရန် အစိုးရ တားမြစ်