နိုင်ငံသား အခွင့်အရေးများကို ကာကွယ်ပေးပြီး နိုင်ငံရေးဆိုင်ရာ ရပိုင်ခွင့်များနှင့် သက်ဆိုင်သော နိုင်ငံတကာ သဘောတူ စာချုပ် (ICCPR)ကို လက်မှတ်ရေးထိုးရန် အဆိုပြုချက်တခုကို အတိုက်အခံ ကြံ့ခိုင်ရေးပါတီနှင့် တပ်မတော်တို့က ယနေ့ ပြည်သူ့လွှတ်တော်တွင် ကန့်ကွက်သည်။
အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်သန္တာ၏ အဆိုကို ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် လက်ခံဆွေးနွေးခဲ့ရာ အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ တပ်မတော်တို့က ယခု စာချုပ်ကို လက်မှတ် ရေးထိုးရန် မလိုကြောင်း အကြောင်းပြချက် အမျိုးမျိုးဖြင့် ကန့်ကွက် ဆွေးနွေးကြသည်။
တပ်မတော်မှ ဒု ဗိုလ်မှူးကြီး မျိုးထက်ဝင်း က “ICCPR စာချုပ်မှာ လက်မှတ်ထိုးရေး ကိစ္စကို အခုလို လွှတ်တော်ကနေ အဆိုအဖြစ် တင်သွင်းပြီး ဆွေးနွေး အတည် ပြုခြင်း၊ မှတ်တမ်းတင်ခြင်း၊ မှတ်တမ်းတင် စောင့်ကြည့်ခြင်းစတဲ့ လွှတ် တော်က တာဝန်ခံ ဆောင်ရွက်ရတဲ့ ကိစ္စမျိုး မဟုတ်တဲ့အတွက် ယခုလို မဆောင်ရွက်သင့်ကြောင်းနဲ့ လမ်းကြောင်းလွဲ နေကြောင်း ထောက်ပြလိုပါတယ်”ဟု လွှတ်တော်တွင် ပြောသည်။
ယခုအဆိုကို လွှတ်တော်က ဆက်လက် ဆောင်ရွက်ပါက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၂၀၉ အရ နိုင်ငံတော် သမ္မတ၏ တာဝန်နှင့် လုပ်ပိုင်ခွင့် ဖြစ်နေခြင်း၊ နိုင်ငံတော် သမ္မတကို စွပ်စွဲပြစ်တင်ခြင်း ဆိုင်ရာ ပြဋ္ဌာန်းချက် ဖြစ်သော ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၆၆၊ ၇၁ (က)၊ (၅) တို့နှင့်လည်း ဆက်စပ်နေသဖြင့် အဆိုကို ကန့်ကွက်ကြောင်း၊ ယခုအဆိုကို ပြန်လည် ရုပ်သိမ်းပြီး မေးခွန်းအဖြစ်သာ မေးသင့်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
နိုင်ငံတကာ စာချုပ်များကို နိုင်ငံတော်အနေဖြင့် လက်မှတ်ရေး ထိုးရေး၊ ပါဝင်ရေး ကိစ္စရပ်များတွင် နိုင်ငံတော် သမ္မတ၏ သဝဏ်လွှာနှင့်အတူ စာချုပ်၊ ရှင်းလင်းချက်၊ အားသာချက်၊ အားနည်းချက် စသည့် အချက်အလက်များ ပြည့်ပြည့်စုံစုံနှင့် လွှတ်တော်သို့ တင်ပြလာမှသာ လွှတ်တော် ကိုယ်စားလှယ်များက ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးအတည်ပြုသင့်ကြောင်း တပ်မတော်သား ကိုယ်စားလှယ်များက ပြောသည်။
ICCPR (International Covenant on Civil Political Rights) ဆိုသည်မှာ ဒီမိုကရေစီ နိုင်ငံများ တည်ဆောက်ရာတွင် အလွန် အရေးပါသည့် အရပ်ဘက် ရပိုင်ခွင့်နှင့် နိုင်ငံရေးဆိုင်ရာ ရပိုင်ခွင့်များကို လေးစားလိုက်နာရန်နှင့် တရား ဥပဒေ စိုးမိုးမှု ရှိစေရန် အတွက် အရပ်ဘက် လူထုဆိုင်ရာနှင့် နိုင်ငံရေးဆိုင်ရာ ရပိုင်ခွင့်များနှင့် သက်ဆိုင်သော နိုင်ငံတကာ သဘောတူစာချုပ် တခု ဖြစ်သည်။
ICCPR စာချုပ်မှာ နိုင်ငံသားများ၏ အခွင့်အရေး ဆိုင်ရာများ ဖြစ်သဖြင့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ကဏ္ဍအားလုံး ပါရှိနေ၍ ဥပဒေ ပြဋ္ဌာန်းချက်များအရ “ဥပဒေကို ဒီလိုပြင်ပါ၊ ဒီလို အုပ်ချုပ်ပါ၊ ဒီလို တရားစီရင်ပါ”ဟု အမိန့်ပေးနေသည့် စာချုပ်တခုလို ဖြစ်နေကြောင်း ကြံ့ခိုင်ရေး ပါတီမှ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးက ဆွေးနွေးသည်။
“ဒီအာဏာ ၃ ရပ်ကို လူ့အခွင့်အရေးကို အကြောင်းပြလို့ ICCPR လက်ထဲ ဝကွက်အပ်လိုက်သလို မဖြစ်ပေဘူးလား။ ဒီစာချုပ်ကို နိုင်ငံအများစု လက်မှတ်ရေးထိုးလို့ ကိုယ့်နိုင်ငံက လက်မှတ်ထိုး လိုက်တာနဲ့ နိုင်ငံရဲ့ ပုံရိပ်က မြင့်တက်လာ မယ်ဆိုတာ မှန်ပါ့မလား” ဟု ဒု ဗိုလ်ချုပ်ကြီးဟောင်းလည်း ဖြစ်သူ ဦးသောင်းအေးက မေးခွန်းထုတ်သည်။
၎င်းက ဆက်၍ “ကိုယ့်နိုင်ငံပုံရိပ်ကို ကိုယ်ကပဲ မြှင့်တင်ရမှာပါ။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုတဲ့ အာဏာ ၃ ရပ်ဟာ ကိုယ့်နိုင်ငံ ကိုယ့်ပြည်သူပိုင်တဲ့ အရာပါ။ နိုင်ငံတကာလက်ထဲ ထည့်သင့်တဲ့အရာ မဟုတ်ပါဘူး”ဟု ပြောသည်။
အာဆီယံနိုင်ငံများတွင် ICCPR စာချုပ်သို့ လက်မှတ်ရေးထိုး မဝင်ရောက်ရသည့် နိုင်ငံများမှာ ဘရူနိုင်း၊ မလေးရှား၊ စင်ကာ ပူနိုင်ငံတို့ ရှိသေးကြောင်း ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအရ သိရသည်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ ရပိုင်ခွင့်များကို မြန်မာနိုင်ငံသားများ အပြည့်အဝ ရရှိခံစားနိုင်ခွင့် ရရှိရေးအတွက် နိုင်ငံသားနှင့် နိုင်ငံရေးဆိုင်ရာ ရပိုင်ခွင့်များနှင့် သက်ဆိုင်သော နိုင်ငံတကာ သဘောတူ စာချုပ် (ICCPR) ကို လက်မှတ်ရေး ထိုးရန် အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ထောက်ခံကြောင်း NLD ပါတီမှ တောင်ကုတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်က ပြောသည်။
“ကျမတို့ နိုင်ငံသားတွေဟာ နိုင်ငံသားနဲ့ နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများကို အပြည့်အဝ ခံစားရရှိနေပြီလားဆိုရင် မခံစားရသေးဘူးလို့ပဲ ပြောရမှာ ဖြစ်ပါတယ်”ဟု ဒေါ်နီနီမေမြင့်က ဆိုသည်။
ထို့ပြင် နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများ ဖြစ်သည့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားခွင့်၊ ငြိမ်းချမ်းစွာ အဖွဲ့ အစည်းများ ဖွဲ့စည်းထူထောင်ခွင့်နှင့် မတရား ဖမ်းဆီး ထိန်းသိမ်းချုပ်နှောင်ခံရခြင်းမှ ကင်းလွတ်ပိုင်ခွင့်များမှာလည်း အပြည့်အဝ မခံစားရသေးကြောင်း ၎င်းက ထောက်ပြသည်။
ယင်းအဆိုပြုချက် အပေါ် အစိုးရကိုယ်စားလှယ် လွှတ်တော်သို့ လာရောက် ရှင်းလင်းသူ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီး ဦးကျော်တင်က ICCPR စာချုပ်ကို မြန်မာက လက်မှတ်ရေးထိုးရန် စီစဉ်နေပြီ ဖြစ်၍ ယခုအဆိုကို လွှတ်တော်က မှတ်တမ်းတင်ပေးရန် တင်ပြခဲ့ရာ လွှတ်တော်က သဘောတူ လက်ခံလိုက်ကြောင်း သိရသည်။
ယနေ့ အဆိုကို အာဏာရ NLD ပါတီမှ ကိုယ်စားလှယ် ၇ ဦးက ထောက်ခံ ဆွေးနွေးခဲ့ပြီး ကြံ့ခိုင်ရေးပါတီမှ ကိုယ်စားလှယ် တဦး၊ တပ်မတော်သား ကိုယ်စားလှယ် ၄ ဦးတို့က ကန့်ကွက်ဆွေးနွေးခဲ့ကြသည်။