ရခိုင်ပြည်နယ်တွင် လူသတ်ခံရသည့် ဖြစ်စဉ်များသည် မင်းမဲ့စရိုက်ဆန်ဆန် ဖြစ်ပေါ်လာနေပြီး ယခင်က ယင်းဒေသတွင် ယခုလို ဖြစ်စဉ်မျိုး မရှိခဲ့ကြောင်း တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “ရခိုင်ပြည်နယ် အခြေအနေက အခုလို ပုံစံမျိုးဆိုရင် မင်းမဲ့စရိုက်ဆန်ဆန်တွေ ဖြစ်နေတဲ့ သဘောတွေ ဖြစ်နေပြီ။ AA သောင်းကျန်း သူတွေ ရခိုင်ပြည်နယ်မှာ မရှိခင်တုန်းက ဒီလိုမျိုးတွေ ဖြစ်ခဲ့တာ မရှိဘူး။ ဒီလို အဖြစ်အပျက်မျိုးက ဘူးသီးတောင်၊ မောင်တော ဒေသ မောင်တောဘက်မှာပဲ ရှိခဲ့တာ” ဟု ပြောသည်။
မောင်တောဒေသတွင် ARSA အကြမ်းဖက် သောင်းကျန်းသူနှင့် ၎င်းတို့၏ အပေါင်းအပါများက ယခုလို သတ်ဖြတ်ခြင်းများ ရှိသော် လည်း ယခု လူသတ်မှုများ ဖြစ်ပွားနေသည့် မြောက်ဦး၊ မင်းပြား၊ အမ်း၊ ပုဏ္ဍားကျွန်းမြို့နယ်များသည် ယခင်က တရား ဥပဒေ စိုးမိုး ရေး ရှိပြီးသား နယ်မြေများ ဖြစ်ကြောင်း ၎င်းက ပြောသည်။
“ပြည်သူတွေရဲ့ လူမှုစီးပွားဘဝ အခြေအနေတခု ပျက်ယွင်းသွားတာပေါ့။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ဆောင်ရွက်ဖို့ တရားဥပဒေ စိုးမိုးမယ်ဆိုရင် အားလုံးဝိုင်းဝန်း ဆောင်ရွက်မှ ရရှိမယ်။ အကြမ်းဖက် သောင်းကျန်းသူ နှိမ်နင်းရေးကို သက်ဆိုင်ရာ လုံခြုံရေး အဖွဲ့ တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး နယ်မြေအေးချမ်းရေး ပြန်လည် ရရှိအောင် ဆောင်ရွက်ဖို့ လိုတယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ရခိုင်ပြည်နယ်တွင် လူသတ်တရားခံ ဖော်ထုတ်နိုင်ခြင်း မရှိဘဲ အသတ်ခံရသည့်သူပေါင်း အနည်းဆုံး ဆယ်ဂဏ္ဍန်းကျော်လာပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများမှ လုပ်ကြံသတ်ဖြတ်ခံရသည့် အကြောင်းရင်းများနှင့် အတူ လုပ်ကြံသတ်ဖြတ်သွားသည့် တရားခံ များကို လက်ရှိအချိန်ထိ ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိသေးပေ။
ယခုကိစ္စများနှင့် ပတ်သက်၍ ရက္ခိုင်စစ်တပ် (AA) ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခထံ ဆက်သွယ်သော်လည်း မရရှိခဲ့ပါ။
မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ၎င်း၏ မြို့နယ် တခုတည်းတွင် လက်သည်မပေါ်ဘဲ အသတ်ခံရသူ ၇ ဦး ရှိကြောင်း၊ ရခိုင်တပြည်နယ်လုံးတွင် လူသတ်မှုများ ဖြစ်ပွားနေပြီး အဖွဲ့ အစည်းတချို့က တဖက်နှင့်တဖက် စွပ်စွဲလျက် ရှိကြောင်း၊ လူသတ်မှု တခု ဖြစ်ပါက အမှုကို ခိုင်မာအောင် တည်ဆောင်နိုင်ခြင်း မရှိဘဲ သေမှုသေခင်းဖွင့် အမှုပိတ်လိုက်သည်က များကြောင်း ပြောသည်။
ရခိုင်အမျိုးသား ပါတီ (ANP) မှ ဦးဖေသန်း က “ရဲတွေကိုယ်တိုင် လူသတ်မှု ဖြစ်ပြီဆိုရင် အဲဒီလို နေရာကို သိပ်ပြီး မသွားရဲဘူး။ သွားပြီး စုံစမ်းတာတို့၊ တိတိကျကျ တရားခံကို ဖော် ထုတ်တာတို့ အဲလို အချိန်မီ မလုပ်ဘူး။ ဘယ်သူတွေ မြင်လိုက်ပါတယ်။ ဘယ်သူတွေ ဖြစ်ပါတယ်ဆိုတဲ့ ပတ်ဝန်းကျင် ကိုတောင်မှ တိတိကျကျ စုံစမ်းဖော်ထုတ်တာတွေ မရှိဘူး” ဟု ပြောသည်။
ရခိုင်ပြည်နယ် အခြေအနေသည် တရား ဥပဒေ စိုးမိုးရေး မရှိတော့ဘဲ ကျေးရွာ အုပ်ချုပ်ရေးမှူးများသည်ပင် ခြိမ်းခြောက်မှုများ ကြောင့် နုတ်ထွက်လျက်ရှိကြောင်း၊ ကန်ထောင်းကြီး ဖြစ်စဉ်တွင်လည်း ခေါင်းဖြတ်သတ်ပြီး လူမြင်ကွင်းသို့ ပို့ထားခြင်းသည် ပြည်သူများကို အကြောက်တရား လွှမ်းမိုးအောင် ခြောက်လန့်သည့် သဘော ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ဦးဖေသန်း က “ပြည်သူတွေကလည်း ဘာကို ကြောက်လန့်ရမှန်း မသိဖြစ်နေတယ်။ ကိုယ့်စီးပွားရှာဖို့တောင် အပြင်ကို သိပ်မသွားရဲသလို ဖြစ်နေတယ်။ ဒါကို တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ အစိုးရတရပ် အနေနဲ့ ဒါတွေကို ဖော်ထုတ်ဖို့ တာဝန်ရှိတယ်။ အထောက်အထား တိတိကျကျနဲ့ ဖော်ထုတ်ပေးဖို့ တာဝန်ရှိတယ်။ AA က သတ်သွားပါတယ်။ တပ်မတော်က သတ်သွားပါတယ် ဆိုတာလောက်နဲ့ မပြီးပါဘူး” ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသည့် တိုက်ခိုက်မှုများနှင့် ပတ်သက်၍ “ရခိုင်မှာ မေတ္တာတရား ခေါင်းပါးနေပြီ”ဟု အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ပါတီ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ ဇော်မြင့်မောင်က ၂၀၁၉ ခုနှစ် မတ်လ အတွင်းက နေပြည်တော်တွင် သတင်းထောက်များကို ပြောဆိုခဲ့ဖူးသည်။
၂၀၁၉ ခုနှစ်၊ မတ်လ ၉ ရက်နေ့က ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ် ရဲစခန်းကို AA က ဝင်ရောက် တိုက်ခိုက်သည့် အတွက် ရဲတပ်ဖွဲ့ဝင် ၉ ဦးကျဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ရာ အသတ်ခံရသူ အများစုမှာ ရခိုင်တိုင်းရင်းသားများ ဖြစ်နေသည်ကို ရည်ရွယ်၍ ဒေါက်တာ ဇော်မြင့်မောင်က အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။
ကန်ထောင်းကြီးတွင် လူ ၂ ဦး ခေါင်းဖြတ် သတ်ဖြတ်ခံရသည့် ဖြစ်စဉ် မဖြစ်မီ စက်တင်ဘာလ ၁၀ ရက်နေ့က ည ၁၂ နာရီခန့်တွင် အမ်းမြို့နယ် မဲလက်မောင်းကျေးရွာတွင် နေထိုင်သူ အသက် ၃၉ နှစ်အရွယ် ဦးခိုင်ကို ရှု့ ထောင့်အမှန်တရား မှုခင်းစုံနဲ့ သတင်းစုံ ဂျာနယ်၏ သတင်းပေးဟု စွပ်စွဲကာ အမည်မသိ လူ ၃ ဦးက ဓားဖြင့်ခုတ်သတ်ခဲ့ သည်ဟု သိရသည်။
ထို့ပြင် ၂၀၁၉ ခုနှစ် မတ်လ ၁၉ ရက်နေ့က ကျောက်တော်မြို့နယ် ချမ်းမြေ့နဒီ ပန်းခြံတွင် ဒေသခံတဦး အသတ်ခံရကြောင်း၊ မတ်လ ၂၀ ရက်နေ့တွင် မြေပုံမြို့နယ် ဆိုင်မင်းကျေးရွာတွင် လူတဦး အသတ်ခံရကြောင်း၊ မတ်လ ၂၃ ရက်နေ့တွင် ရဲအရာရှိတဦး အသတ် ခံရကြောင်း၊ သြဂုတ်လ ၁ ရက်နေ့တွင် ကျောက်တော်မြို့နယ်တွင် တပ်မတော်မှ အငြိမ်းစား ယူထားသူ တပ်ကြပ်ကြီး ၂ ဦး အသတ် ခံခဲ့ရသည်။
သြဂုတ်လ ၃ ရက်နေ့တွင် ကျောက်တော်မြို့နယ် ဆင်အိုးချိုင်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် သာဒါစိပ် ကျေးရွာ ရာအိမ်မှူးတို့ အသတ် ခံရကြောင်း၊ စက်တင်ဘာလ ၁ ရက်နေ့က ဝါးတောင့် ကျေးရွာ နေအိမ်မှာ ဈေးရောင်းနေသည့် အရပ်သား ၂ ဦး၊ ယိုးတရုတ် ကျေး ရွာတွင် ဈေးဝယ်နေသည့် ဒုရဲအုပ်တဦးလည်း အသတ်ခံရပြီး ၎င်း၏ ဇနီးမှာ ထွက်ပြေးလွတ်မြောက်သွားသည်ဟု သိရသည်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်ကလည်း မြေပုံမြို့နယ် ကြာအင်းတောင်ကျေးရွာတွင် နေထိုင်သည့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ပါတီမှ ဗဟိုကော်မတီဝင်တဦး ဖြစ်သည့် ဦးခင်သန်းမောင်မှာ နေအိမ်တွင်း၌ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်။
ရခိုင်ပြည်နယ် အတွင်း AA နှင့် တပ်မတော်တို့သည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်မှ စတင်ကာ ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး စသည့် မြို့နယ်များတွင် တိုက်ပွဲများ ဖြစ်ပွားလျက် ရှိရာ စစ်ဘေးရှောင် ၅ သောင်းအထိ များလာပြီ ဖြစ်သည်။
လတ်တလော AA အဖွဲ့ ခေါင်းဆောင် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၊ ဒုတိယ စစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်၊ ဗိုလ်မှူးကြီး ကျော်ဟန်နှင့် ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခတို့ကို အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေဖြင့် အစိုးရက အမှုဖွင့်ထားသည်။
AA ပါဝင်သော မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင် ၄ ဖွဲ့နှင့် အစိုးရတို့ကြား တရုတ်နိုင်ငံ၏ ကြားဝင်ညှိနှိုင်းမှုကြောင့် ကျိုင်းတုံတွင် တွေ့ ဆုံနိုင်ခဲ့သော်လည်း ဆွေးနွေးပွဲများမှာ မအောင်မြင်သေးပါ။ တပ်မတော်က AA ကို သောင်းကျန်းသူ အဖွဲ့ အဖြစ်သာ သတ်မှတ် ကြောင်း ထုတ်ဖော် ပြောဆိုထားပြီး AA ကို ရခိုင်ပြည်နယ် အခြေ စိုက်ခွင့်ပြုမည် မဟုတ်ကြောင်းလည်း ပြောဆိုထားသည်။
ဆက်စပ်ဖတ်ရှုရန်- ကျယ်ပြန့် လာနေသော ရခိုင်စစ်မီး
ကမ်းထောင်းကြီးတွင် ခေါင်းပြတ် အလောင်း၂ လောင်း လူမြင်ကွင်း၌ ချထားမှုဖြစ်ပွား
မြေပုံမြို့နယ်တွင် အုပ်ချုပ်ရေးမှူး ၁ ဦး နေအိမ်အတွင်း ဝင်ရောက် ပစ်သတ်ခံရ
မြေပုံမြို့နယ်၌ ရွာသား ၂ ဦး နေအိမ်အတွင်း ပစ်သတ်ခံရပြန်