ရက္ခိုင်စစ်တပ် (AA) အဖွဲ့ဝင် အမျိုးသား ၄ ဦးကို ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ စက်တင်ဘာလ ၁၀ ရက်နေ့က မန္တလေးမြို့တွင် ဖမ်းဆီးရမိခဲ့သဖြင့် အကြမ်းဖက်မှု ဥပဒေဖြင့် အမှုဖွင့်ထားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါအမျိုးသား ၄ ဦးကို မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၁၁) ရဲစခန်းအ ပိုင်နယ်မြေအတွင်းရှိ နေအိမ်တလုံးတွင် ဒီတိုနေတာ ၁၀၀၀၊ ယမ်းများနှင့် ရုရှားနို င်ငံလုပ် မှန်ဘီလူးများ၊ ဆက်သွယ်ရေးဖုန်းများ စသည့် ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တိုင်းရဲတပ်ဖွဲ့မှုး ရဲမှုးချုပ်စိန်လွင်က “ဖမ်းမိတဲ့သူတွေရဲ့ ဝန်ခံချက်အရ သူတို့ဟာ AA အဖွဲ့ကလို့ သိရတယ်၊ လူလေးယောက် ဖမ်းမိထားတယ်၊ ယမ်းတွေ၊ ဒီတိုနေတာတွေ၊ မှန်ဘီလူးတွေပါတယ်၊ သူတို့ စစ်ဆေးနေဆဲပါပဲ၊ အကြမ်းဖက်ဥပဒေနဲ့ အမှု ဆောင်ရွက်နေပါတယ်”ဟု ပြောသည်။
ဖြစ်စဉ်မှာ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၅) ရပ်ကွက်၊ လမ်း ၇၀၊ ဒဿနလမ်း၊ အမှတ်(က-၅/၇၇) နေအိမ်တွင် AA လက်နက်ကိုင်အဖွဲ့ဝင်များ ရောက်ရှိနေကြောင်း သတင်းအရ ရဲတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေရာ ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်နယ်၊ ပြည်လမ်း၊ အမှတ် ၆၇၈ နေ အောင်လင်း၊ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ စပါးဆိပ်ရပ်နေ ဦးမြတ်ခိုင်နှင့် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ပင်ရောက်ကျေးရွာနေ ချမ်းငြိမ်းတို့ ၃ ဦးအား တွေ့ရှိသည့်အတွက် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
ထိုသို့ စစ်ဆေးမှုများ ပြုလုပ်နေစဉ် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ချင်းစိပ်ကျေးရွာနေ ဖိုးကျော်ဆိုသူ ရောက်ရှိလာသဖြင့် ၄ ဦးမြောက်အဖြစ် ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။
အဆိုပါနေအိမ် အပေါ်ထပ်အခန်း အတွင်းအား ဆက်လက်ရှာဖွေရာ ယမ်းတုံးဟုယူဆရသော အထုပ်(၂၈)ထုပ်၊ ဒီတိုနီတာ ၁၀၀ထုပ်ပါ(၁၀)ခု၊ ဖယောင်းချောင်း ၃၅ ချောင်း၊စက္ကူဖြူ ၁၅ လိပ်ပါ (၃)ထုပ်၊ ယမ်းဖြူဟု ယူဆရသော ဆာလာအိတ်ဖြင့်ထည့်လျက် အိတ် ၅ အိတ်နှင့် စက္ကူညို (၁) ထုပ်နှင့်အတူ THLIRAYA XT-ITTE. Satellite Phone (အသစ်) လုံးရေ(၄၀)၊ မှန်ပြောင်း (BAIGISH) made in RUSSIA(၃၀)ခု၊ GARMIN (GPS+GLONASS) (၂၅) လုံးတို့ကို ရှာဖွေသိမ်းဆည်းရမိခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဖမ်းဆီးရမိခဲ့သော ပစ္စည်းများနှင့်အတူ တရားခံ ၄ ဦးကို ထပ်မံစစ်ဆေးလျက်ရှိပြီး စစ်ဆေးပြီးပါက အရေးယူမှုများ လုပ်ဆောင်သွားမည်ဟု သိရသည်။
AA လက်နက်ကိုင်အဖွဲ့ဝင်များ ဖမ်းဆီးရမိမှုအနေဖြင့် AA အဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့သူ မခိုင်ခိုင်ဆိုသူ အမျိုးသမီး ၁ ဦးကိုလည်း သြဂုတ်လကုန်ပိုင်းက မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သေးကြောင်း၊ မခိုင်ခိုင်ဆိုသူမှာ AA အဖွဲ့အတွက် စည်းရုံးလူသစ်စုဆောင်းခြင်း၊ ရန်ပုံငွေရရှိရေးအတွက် မူးယစ်ဆေးဝါး တရားမဝင် သယ်ဆောင် ရောင်းဝယ် ဖြန့်ဖြူးခြင်းများ လုပ်ကိုင်ပေးနေရသူ ဖြစ်ကြောင်း ထွက်ဆိုခဲ့သည်ဟု ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
You may also like these stories:
လုံခြုံရေးအရ ရခိုင်အစိုးရအဖွဲ့ စစ်ရှောင်စခန်းများသို့ သွားရောက်နိုင်ခြင်းမရှိ ဟုဆို
သရက်တပင်ရွာ ပစ်ခတ်ခံရမှု အရပ်သား ၆ ဦး ဒဏ်ရာရ
လင်းမြွေတောင် တိုက်ပွဲတွင် AA တပ်ဖွဲ့ဝင်များကျ ဟု တပ်မတော်ပြော
AA နေထိုင်သည်ဟုဆိုကာ ဥယျာဉ်သာ ကျေးရွာကို တပ်မတော်က သိမ်းပိုက်