လျှပ်စစ်ဓာတ်အား ဓာတ်အားဆုံးရှုံးမှုတွင် နည်းပညာအရ ဆုံးရှုံးမှု အပြင် မီတာခိုးယူသုံးစွဲမှုများ၊ လျှပ်စစ်ဝန်ထမ်းအချို့၏ မသမာမှုများကြောင့် ဇူလိုင်လ အတွင်း ငွေကျပ် ၁၁ ဘီလီယံခန့် ဆုံးရှုံးခဲ့ရကြောင်း ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) ဥက္ကဋ္ဌ ဦးမောင်မောင်လတ်က ပြောသည်။
YESC ဥက္ကဋ္ဌ ဦးမောင်မောင်လတ် က “Losses က ကျနော်တို့ ရန်ကုန်တိုင်းဒေသကြီး ဓာတ်အား ပျောက်ဆုံးမှုဟာ ၁၄ ရာခိုင်နှုန်း ပျောက်ဆုံးနေတာ ရှိပါတယ်။ ဒါကိုလည်း ကျနော်တို့ လျှော့ချဖို့ လုပ်နေပါတယ်။ non-technical ပေါ့။ လူတွေကြောင့်ပေါ့။ တချို့ မီတာတွေကို နည်းအမျိုးမျိုးနဲ့ မသမာမှု လုပ်တယ်။ မီတာ မတက်အောင် လုပ်တဲ့နည်းကတော့ မျိုးစုံရှိပါတယ်။ နောက်တခုက မီးခိုးပြီးတော့ ချိတ်တာ ရှိပါတယ်။ အရင်တုန်းကဆိုရင် ပိုဆိုးပါတယ်။ မီတာခ စာရေး တွေမှာလည်း မသမာတဲ့ ဝန်ထမ်းတွေ ရှိပါတယ်။ သွားပြီး ဖတ်ရမှာကို မဖတ်ဘဲနဲ့ မှန်းရေးတာ တွေကလည်း losses ကျတာပဲ” ဟု ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်ပြီး စက်တင်ဘာလ ၉ ရက်နေ့ တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
၎င်းကဆက်၍ “Technical Losses နဲ့ Non-Technical Losses ဆိုပြီး ရှိတယ်။ Technical Losses ကတော့ ဓာတ်အားလိုင်းတွေ ရှည်လျားတယ် ခွဲရုံတွေနဲ့ ဝေးကွာတဲ့ အခါမှာ Technical Losses ဖြစ်ပါတယ်။ voltage ကျတဲ့ အခါမှာလည်း losses က ဖြစ်ပါတယ်” ဟု ရှင်းပြသည်။
သို့ဖြစ်ရာ ရန်ကုန်မြို့တွင် ဒစ်ဂျစ်တယ် မီတာများကို နည်းပညာ အသုံးပြုကာ အလိုအလျောက် မီတာဖတ်သည့် စနစ်ကို ကျင့်သုံးပြီး လျှပ်စစ် ဓာတ်အား ပျောက်ဆုံးမှုကို လျှော့ချရန်နှင့် မသမာမှုများ လျှော့ချရန် ဆောင်ရွက်နေကြောင်း ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းထံမှ သိရသည်။
ထို့ပြင် နည်းပညာအရ ဆုံးရှုံးမှု မဖြစ်ပေါ်ရန်အတွက် ထရန်စဖော်မာများအား Multi Transformer များဖြင့် တိုးချဲ့ တည်ဆောက်ခြင်း၊ ဓာတ်အားလိုင်းများ ပြောင်းလဲ တပ်ဆင်ခြင်း နှင့် ရှုပ်ထွေး ဆားဗစ်များ ရှင်းလင်းခြင်းတို့ကိုလည်း ပြုလုပ်လျက်ရှိကြောင်း YESC မှသိရသည်။
ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့(WWF-Myanmar)မှ စွမ်းအင်ကဏ္ဍဆိုင်ရာ မန်နေဂျာ ဦးရွှန်းစိုဦး က “အခုလောလောဆယ်မှာ ဘယ်လောက်ရာခိုင်နှုန်းက system lose ဖြစ်တာလဲပေါ့။ ဒါဆို အစိုးရက ပြင်လို့ရပြီ။ နောက်တချက်က မီးခိုးသုံးတာပေါ့ ဓာတ်အားခ မပေးဘဲ သုံးတာက ဘယ်လောက်လဲ။ နောက်တခုက ရန်ကုန် တမြို့လုံးမှာ ဆိုရင် မီတာ တော်တော်များများက ခေတ်ဟောင်းမီတာတွေ ဆိုတော့ စပြီးတော့ လဲလာတော့ ရှိတယ်။ ခေတ်ဟောင်းမီတာတွေ အကုန်လုံးက အလုပ် လုပ်သေးရဲ့လား။ မီတာဟောင်းတွေက သုံးသလောက် မလည်တာတွေ ဘာတွေ ရှိတယ်။ ပစ္စည်းတွေ ပုံမှန်အလုပ် မလုပ်လေ အစိုးရက ပိုက်ဆံတွေ ဆုံးရှုံးလေပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
၎င်းကဆက်၍ “ဒီလိုပိုက်ဆံတွေကတော့ နှမြောဖို့ ကောင်းတယ်။ ဒါက တခါတည်း ရှုံးသွားတာ မဟုတ်ဘူးလေ နှစ်တိုင်း နှစ်တိုင်းရှုံးတာ။ အစိုးရကလည်း ပြောနေတာ အမြဲတမ်း ဘတ်ဂျက် မလောက်တာ ရှိတယ်။ ပိုပြီးတော့ ရင်းနှီးမြှုပ်နှံချင်တဲ့ နေရာတွေ ရှိတယ်။ ဒီလို lose ဖြစ်လေ အစိုးရအတွက်က ပိုပြီးတော့ ခက်ခဲလာလေပေါ့” ဟု သုံးသပ်သည်။
ဝန်ထမ်း မသမာမှုများကြောင့်လည်းကောင်း၊ မီးခိုးသုံးခြင်း များကို စစ်ဆေးတွေ့ရှိပါက စုံစမ်းစစ်ဆေးရေး အဖွဲ့များ ဖွဲ့ကာ ယင်းအဖွဲ့၏ အစီရင်ခံစာပေါ် မူတည်ကာ ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေး အဖွဲ့ စီမံခန့်ခွဲရေး ကော် မတီ သို့ တင်ပြကြောင်း သိရသည်။
ထို ထင်မြင်ယူဆချက်များနှင့် အတူ ဝန်ကြီးဌာန၏ စီမံခန့်ခွဲမှု ကော်မတီကို တင်ပြကာ ထိုကော်မတီမှ ဆုံးဖြတ်ချက် ချမှတ် သည့်အတိုင်း အရေးယူကြောင်း YESC မှ တာဝန်ရှိသူ တဦးက ပြောသည်။
ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) မှ အချက်အလက်များအရ ဇူလိုင်လအတွင်း လျှပ်စစ် ဓာတ် အား ပျောက်ဆုံးမှု ယူနစ် ၁၀၆ ဒသမ ၇ သန်းရှိပြီး ငွေကြေးအားဖြင့် ၁၁ ဘီလီယံ တန်ဖိုးရှိကာ ဇွန်လအတွင်းက ၈၈ ဒသမ ၇ သန်း သာ ပျောက်ဆုံးခဲ့သည်။
ဇွန်လတွင် လျှပ်စစ်မီတာ သုံးစွဲခ ငွေကျပ် ၅၅ ဘီလီယံရရှိခဲ့ပြီး ဇူလိုင်လတွင် ၉၁ ဘီလီယံ ရရှိခဲ့ခြင်းဖြစ်ကာ ၃၆ ဘီလီယံ ပိုမို ကောက်ခံ ရရှိခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း မှ သိရသည်။
ဆက်စပ်ဖတ်ရှုရန်
လျှပ်စစ်သုံးစွဲမှု ယူနစ်သန်းချီ လျော့သွားပြီး၊ မီတာခငွေကျပ် ၃၆ ဘီလီယံ ပိုမို ရရှိဟုဆို