ရွှေတြိဂံဒေသ၊ တာချီလိတ်မြို့နယ်နှင့် ထိုင်းနိုင်ငံဘက်အခြမ်းတို့တွင် စိတ်ကြွမူးယစ်ဆေးပြား ၁၁ သိန်းနှင့် ဟိုက်ဒရို ကလိုရစ်အက်စစ် ၈၂၈၀ လီတာတို့အား စက်တင်ဘာ ၉ ရက်နှင့် ၁၀ ရက်နေ့တို့တွင် ဖမ်းမိကြောင်း ရှမ်းပြည်နယ်၊ မူး ယစ်ရဲတပ်ဖွဲ့ထံက သိရသည်။
မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး ထိန်းချုပ်ဓာတုဆေးဝါးဖြစ်သည့် ဟိုက်ဒရိုကလိုရစ် အက်ဆစ်များအား တာချီလိတ်မြို့၊ အမှတ်(၁) ချစ်ကြည်ရေးတံတားပေါ်တွင် မယ်ဆိုင်ဘက်မှ အိုက်ဆင်းနှင့် မျိုးမင်းသူဆိုသူတို့ မောင်းနှင်လာသည့် သုံးဘီးဆိုင်ကယ်များပေါ်တွင် ဖမ်းမိရာက ကွင်းဆက်အနေဖြင့် ဆန်ဆိုင်း (ခ) ရပ်ကွက် ကံ့ကော်လမ်း အိမ်အမှတ် (၁၀/၅၀) တွင် ထပ်မံဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ရှမ်းပြည်နယ်၊ မူးယစ်ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီးလင်းထွန်းမြင့် က “ဟိုက်ဒရိုကလိုရစ်အက်ဆစ်က မူးယစ်ဆေးနဲ့ ပတ်သက် တဲ့ ထိန်းချုပ်ဓာတု ဆေးထဲမှာပါတယ်၊ တရားဝင် တခြားလုပ်ငန်းတွေမှာ အသုံးပြုမယ်ဆိုရင်လဲ ကြိုတင်ခွင့်ပြုချက် တွေနဲ့ပဲ သယ်ယူလို့ရတယ်၊ ခွင့်ပြုချက်မပါရင်တော့ အရေးယူခံရမှာပါပဲ” ဟု ပြောသည်။
အမှုနှင့် ပတ်သက်ပြီး စိုင်းလှမောင်၊ အောင်သူ၊ အိုက်လူ၊ အိုက်ဆင်း၊ မျိုးမင်းသူနှင့် နန်းဝင်းတို့အား တာချီလိတ်မြို့မ ရဲစခန်းတွင် မူးယစ်ဆေးဝါးဆိုင်ရာဥပဒေ ပုဒ်မ ၁၆-ခ/၂၁ ဖြင့် အမှုဖွင့်ထားပြီး မင်းမင်းဆိုသူအား ဖမ်းမိရေး ဆောင် ရွက်လျှက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးလှဦး က “မင်းမင်း ဆိုတဲ့သူကိုတော့ မမိသေးဘူး၊ ကျနော်တို့ မြန်မာဘက်ခြမ်း မှာမိတော့ ထိုင်းက သူ့ဘက်ခြမ်းလဲ စစ်ဆေးတာတွေတော့ ရှိမှာပဲ၊ ထပ်မိတယ်လို့တော့ ကြားပေမယ့် အတိအကျ မသိသေးဘူး၊ သူတို့ဘက်ကလဲ အကြောင်းကြားတာ မရှိပါဘူး” ဟု ပြောသည်။
စက်တင်ဘာ ၁၀ ရက်နေ့ နံနက်ပိုင်းကလည်း ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ ချင်းဒေါင်း (Chaing Dao) ဒေသ နယ်စပ်တောအုပ် အတွင်း မူးယစ်ဆေးသယ်ဆောင်လာသူများနှင့် ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များအကြား ပစ်ခတ်မှု အနည်းငယ်ဖြစ်ပွားပြီး စိတ်ကြွမူးယစ်ဆေးပြား ၁၁ သိန်းဖမ်းမိခဲ့ကြောင်း ဘန်ကောက်ပို့စ်က ရေးသားထားသည်။
အိမ်နီးချင်းနိုင်ငံရှိ စက်ရုံတရုံမှ မူးယစ်ဆေးဝါးများအား သယ်ယူပို့ဆောင်မည့် သတင်းရထားသည့်အတွက် ယင်းနေ ရာတွင် တပ်ဖွဲ့များချထားခဲ့ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံမြောက်ပိုင်းရှိ မူးယစ်ဆေးဝါး တားဆီးတိုက်ဖျက်ရေးဌာန တပ်မှူး ဗိုလ်ချုပ် ဘန်နာဝပ် မရွမ်မာချန်က ပြောထားသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၅ ရက်နေ့ကလည်း တာချီလိတ်မြို့နယ်၊ ကျိုင်းလပ်-တာလေ ကားလမ်းပေါ်တွင် အားချီဆိုသူ မောင်းနှင်လာသည့် ယာဉ်ပေါ်တွင် ဘိလပ်မြေအိတ်များနှင့် ထည့်ထားသည့် ကဖင်း ၁၀၀၀ ကီလိုအား ဖမ်းမိစဉ် အခြား ယာဉ်တစီးမှာ မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ ယာဉ်ပေါ်မှ ကဖင်း ၉၅၀ ကီလို ထပ်မံဖမ်းမိခဲ့ ကြောင်း မူးယစ်ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
မောင်းနှင်ထွက်ပြေးသည့်ယာဉ်အား ပစ်ခတ်ဖမ်းဆီးမှုကြောင့်လည်း ယာဉ်မောင်းဖြစ်သူ အားရို ဆိုသူ၏ ဝဲဘက်ခြေ ကျင်းဝတ်တွင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
၎င်းကဖင်းများ၏ ကွင်းဆက်အနေဖြင့်လည်း ကျိုင်းလပ်မြို့၊ နမ့်ခင်းကျေးရွာအနီး ချောင်းအတွင်းတွေ့ရသည့် မော် တော်ယာဉ်ပေါ်နှင့် အနီးဝန်ကျင်တွင် ကဖင်း ၇၀၀ ကီလိုအား ထပ်မံဖမ်းမိခဲ့သည်။
ဟိုက်ဒရိုကလိုရစ် အက်ဆစ်နှင့် ကဖင်းတို့သည် ထိန်းချုပ်ဓာတုပစ္စည်း ၂၈ မျိုးတွင် ပါဝင်ပြီး မူးယစ်ဆေးဝါးချက်လုပ် ရာတွင် ထည့်သွင်းအသုံးပြုမှုများရှိသကဲ့သို့ အခြားသောလုပ်ငန်းများတွင်လည်း အသုံးပြုမှုများရှိသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်း ထိုင်း-မြန်မာနယ်စပ်၊ ရွှေတြိဂံဒေသရှိ တာချီလိတ်မြို့နယ်နှင့် ထိုင်းနိုင်ငံဘက်ခြမ်းတို့တွင် မူး ယစ်ဆေးဝါးများ မကြာခဏ ဖမ်းဆီးရမိလေ့ရှိပြီး သြဂုတ်လ ၁၁ ရက်နေ့ကလည်း မယ်ဆိုင်မြို့အတွင်း မူးယစ်ဆေး ပြား ၄ သန်းကျော်အား ပိုင်ရှင်မဲ့ဖမ်းမိခဲ့သေးသည်။
ထိုင်းနိုင်ငံသားနှင့် မြန်မာနိုင်ငံသားများ ပါဝင်သည့် မူးယစ်းဆေးဝါး ဂိုဏ်းတခုကိုလည်း သြဂုတ်လ ၂၆ ရက်နေ့က “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) မှ ဖမ်းမိခဲ့ပြီး ထိုင်းနိုင်ငံသား ၁၃ ဦးအား တပ်မတော်ထံသို့ လက်နက်များ၊ မူးယစ်ဆေးများနှင့်အတူ စက်တင်ဘာ ၃ ရက်နေ့က လွှဲပြောင်းပေးခဲ့ကြောင်း လားရှိှုးမြို့ ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက ဧရာဝတီသို့ ပြောထားသည်။
ဂိုဏ်းအဖွဲ့မှ မြန်မာ ၃၉ ဦးနှင့် ထိုင်းနိုင်ငံသား တဦးတို့အား ဆက်လက်စစ်ဆေးဆဲဖြစ်ကြောင်းလည်း ဦးညီရန်းက စက်တင်ဘာ ၄ ရက်နေ့က ပြောထားသည်။
၎င်းမူးယစ်ဆေးဝါးဂိုဏ်းသည် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ လွယ်လျန်းဒေသမှ တဖက်နိုင်ငံရှိ ချင်းမိုင်ခရိုင်၊ မယ့်အိုင် ဒေသသို့ တောလမ်းမှတဆင့် မူးယစ်ဆေးများသယ်ဆောင်စဉ် UWSA အဖွဲ့နှင့် တိုက်ပွဲဖြစ်ကာ ဖမ်းဆီးခံရခြင်း ဖြစ် ကြောင်း သိရသည်။
You may also like these stories:
ထိုင်းမြန်မာနယ်စပ်တွင် မူးယစ်ဆေးများနှင့် လက်နက်ကိုင် ၅၃ ဦးကို UWSA ဖမ်းဆီး
ရှမ်းပြည်နယ်၌ ၁၀ ရက်အတွင်း မူးယစ်ဆေး ကျပ် ၄၁ ဘီလီယံကျော်ဖိုး ဖမ်းမိ
မူးယစ်ဆေးများ တပ်မတော်မှ ဖမ်းဆီးမိပြန်