ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ထန်းတပင်ကျေးရွာအနီးရှိ မြစ်တစ်ရာကြိုးဝိုင်းအတွင်း၌ သတ်ဖြတ်၍ အရေခွံ နွှာထားသော တောဆင်ရိုင်းတကောင်ကို ဒေသအုပ်ချုပ်ရေးတာဝန်ရှိသူများက စက်တင်ဘာလ ၁၀ ရက်နေ့က တွေ့ရှိခဲ့ ကြောင်း သတင်းရရှိသည်။
“တောဆင်ရိုင်းက လွန်ခဲ့တဲ့ ၂ ရက်လောက်ကတည်းက သေနေပြီလို့ ခန့်မှန်းရတယ်။ ဆင်ရဲ့ လည်ပင်း နဲ့ နားရွက်မှာ ဒဏ်ရာတွေ တွေ့ရပြီးတော့ ခန္ဓာကိုယ်တခြမ်းက အရေခွံတွေကိုလည်း ခွာယူထားတာ တွေ့ရပါတယ်”ဟု ဧရာဝတီတိုင်း ဒေသကြီး၊ ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက ဧရာဝတီကို ပြောသည်။
တောဆင်ရိုင်းအသေတကောင် တွေ့ရှိကြောင်း ဒေသခံများ၏ သတင်းပေးချက်အရ သစ်တောရဲတပ်ဖွဲ့၊ နယ်မြေခံ ရဲတပ်ဖွဲ့နှင့် တင်းချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ထွန်းတို့ ပါဝင်သော ပူပေါင်းအဖွဲ့နှင့် မြစ်တစ်ရာ ကြိုးဝိုင်း အတွင်း ရှာဖွေရာ ထန်းတပင်ကျေးရွာ၏အနောက်ဘက် ၅ မိုင် ခန့်အကွာ မြစ်တစ်ရာ ကြိုးဝိုင်း၊ အကွက် အမှတ် ၂၁၂ အတွင်း သေဆုံးနေသည့် တောဆင်ရိုင်းကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ယင်းတောဆင်ရိုင်းမှာ အမြင့် ၇ ပေ၊ အလျား ၆ ပေ ၇ လက္မ၊ အသက် ၂၃ နှစ် အရွယ်ခန့်ရှိသည့် အမည်း ရောင် တောဆင်ရိုင်းအမ ဖြစ်ပြီး လည်ပင်းနှင့် နားရွက်တို့တွင် ပြတ်ရှဒဏ်ရာများဖြင့် ဝဲဘက်သို့ စောင်းလျှက် လဲကျ သေဆုံးနေကာ အရေပြားများအား ခွာယူထားကြောင်း ဆင်သေကို သွားရောက်စစ်ဆေးခဲ့သည့် ပူးပေါင်းအဖွဲ့ထံမှ သိရ သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း ငပုတောမြို့နယ် ငါးရံ့ချောင်းကျေးရွာ အနီးရှိ ဆင်မကြိုး ဝိုင်း အတွင်း တောဆင်ရိုင်း တကောင် သတ်ဖြတ်ခံခဲ့ရသလို ယမန်နေ့က တွေ့ရှိသည့် တောဆင်ရိုင်း မှာ ငပုတောမြို့နယ်တွင် ၂၀၁၉ ခုနှစ်အတွင်း ဒုတိယမြောက် အသတ်ခံရသည့် တောဆင်ရိုင်းဖြစ် ကြောင်း သိရသည်။
“ကျနော်တို့ဒေသမှာလည်း တောဆင်ရိုင်းတွေကို တတ်နိုင်သရွေ့ အန္တရာယ်မဖြစ်အောင် စောင့်ရှောက် နေပါတယ်။ အဲဒီ ကြားထဲကမှ အခုလို ဆင်အသတ်ခံရတော့ စိတ်မကောင်းဘူးဗျာ။ တောဆင်ရိုင်း ထိန်းသိမ်းစောင့်ရှောက်ရေးမှာ အဆင် ပြေသလို လုပ်နေရတဲ့ ပုံစံမျိုးထက် စီမံချက်ရေးဆွဲပြီး စနစ် တကျ လှုပ်ရှားဆောင်ရွက်တာမျိုးတွေကို တာဝန်ရှိသူများ စီစဉ် ဆောင်ရွက်သင့်တယ်လို့ ထင်ပါ တယ်”ဟု တောဆင်ရိုင်းထိမ်းသိမ်းကာကွယ်ရေး သူရဲကောင်းဆုရှင် ဦးကျော်မြင့်ထွန်းက ပြောသည်။
ဆင်အရေပြားကို ဆေးဖော်စပ်ထုတ်လုပ်ရန် တရုတ်နိုင်ငံသို့ အဓိကတင်ပို့ ရောင်းချကြပြီး အဆိုပါ ဈေးကွက် ဝယ်လိုအားရှိနေရာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်အတွင်းရှိ ပုသိမ်၊ ငပုတောနှင့် သာပေါင်းမြို့နယ်များမှ တောဆင်ရိုင်း များကို ဆင်သတ်မုဆိုးများက အသတ်ဖြတ်နေကြခြင်း ဖြစ်သည်။
ဆင်သတ်မုဆိုးများ၏ သတ်ဖြတ်မှုကြောင့် မြန်မာနိုင်ငံတွင် တောဆင်ရိုင်းအကောင်ရေ တဖြည်းဖြည်း လျော့နည်း လာကာ မျိုးသုဉ်းပျောက်ကွယ်မည့်အန္တရာယ်နှင့် ရင်ဆိုင်နေရပြီး လက်ရှိတွင် မြန်မာ တနိုင်ငံလုံး၌ တောဆင်ရိုင်း အကောင်ရေ ၁၆၀၀ မှ ၂၀၀၀ ကြားသာ ကျန်ရှိတော့ကြောင်း သစ်တော နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနစာရင်းများ အရ သိရသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၁၇ ခုနှစ်အတွင်း တောဆင်ရိုင်း ၁၆ ကောင် သတ်ဖြတ်ခံခဲ့ရပြီး ၂၀၁၈ ခုနှစ် အတွင်း၌ တောဆင်ရိုင်း ၈ ကောင် သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ ဒေသအုပ်ချုပ်ရေး တာဝန်ရှိသူ များ၊ ရဲတပ်ဖွဲ့နှင့် တောရိုင်းတိရိစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး အရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်း ကြိုးပမ်းမှုကြောင့် ဧရာဝတီတိုင်း၌ ဆင်သတ်ခံရမှုများ တဖြည်းဖြည်း လျော့ကျလာနေသော်လည်း လုံးဝရပ်တန့်သွားခြင်းမရှိဘဲ ဆက်လက်ဖြစ်ပွား နေဆဲဖြစ်သည်။
You may also like these stories:
ငပုတောမြို့နယ်၌ တောဆင်ရိုင်း တကောင် သတ်ဖြတ်ခံရပြန်
မြန်မာနိုင်ငံတွင် မျိုးတုံးအန္တရာယ် ကျရောက်နေသည့် သတ္တဝါ မျိုးစိတ်ပေါင်း ၃၀၀ ကျော်ရှိ
ဧရာဝတီတိုင်း တောဆင်ရိုင်း သတ်ဖြတ်ခံရမှု ထက်ဝက်ခန့် လျော့ကျဟု ဆို