ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်ရှိ ဇာမဏီ ဖယောင်းဂိုဒေါင် မီးလောင်မှုနှင့် ပတ်သက်ပြီး မည်သို့ စတင် လောင်ကျွမ်းသည်၊ မည်သူ့တွင် တာဝန်ရှိသည်များကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ရန်ကုန်တိုင်း မီးသတ်တပ်ဖွဲ့မှ ညွှန်ကြားရေးမှူး ဦးမျိုးဝင်းက ပြောသည်။
မီးလောင်သည့်အချိန်တွင် ဂိုဒေါင်ပိုင်ရှင်၊ အလုပ်သမားများ မရှိဘဲ လုံခြုံရေးတချို့သာ ရှိနေသည်ကို တွေ့ရကြောင်း၊ အခုချိန်ထိ ပိုင်ရှင်ဖြစ်သူကို စုံစမ်း ဆက်သွယ်နေဆဲဖြစ်ကြောင်း သူက ဆက်ပြော သည်။
ဦးမျိုးဝင်းက “ဖြစ်ရတဲ့ အကြောင်းရင်းက လူရဲ့ပေါ့ဆမှုကြောင့်လည်း ဖြစ်နိုင်သလို အမျိုးမျိုး ဖြစ်နိုင် တယ်။ အခုက ယတိပြတ် ဆုံးဖြတ်လို့ မရသေးဘူး။ မှားယွင်းမှုတွေ ဖြစ်သွားနိုင် တယ်။ ဒါကြောင့် အဖွဲ့နဲ့ စစ်နေပါတယ်။ အမြန်ဆုံး အဖြစ်မှန်သိအောင် ဆောင်ရွက်နေပါတယ်။ အခုချိန်ထိ ကျနော်တို့ ပိုင်ရှင်ဖြစ်သူနဲ့ မတွေ့ရသေးဘူး။ ဆက်သွယ်နေတုန်း ပဲ။ သူနဲ့တွေ့မှ အထဲမှာ ပစ္စည်းပမာဏ ဘယ် လောက် သိုလှောင်ထားသလဲကို သိရမှာ” ဟု ဆိုသည်။
ထို့အပြင် စိစစ်တွေ့ရှိချက်အရ လူပေါ့ဆမှုကြောင့် မီးလောင်မှု ဖြစ်သည်ဆိုလျှင် ရာဇသတ်ကြီး ပုဒ်မ ၂၈၅ ဖြင့် အရေးယူ သွားမည်ဖြစ်ကြောင်း၊ မီးလောင်ရသည့် အခြေအနေ၊ အကြောင်းအရင်းပေါ် မူတည်ပြီး တရားရုံးမှ ပြစ်မှု ပြစ်ဒဏ်များကို သတ်မှတ်သွားမှာ ဖြစ်ကြောင်း သူက ဆက်ဆိုသည်။
အဆိုပါ မီးလောင်မှုတွင် သန္ဓေဝင် မီးသတ်တပ်ဖွဲ့ဝင် ၁၀ ဦး၊ အရန်မီးသတ် ၂ ဦးနှင့် အရပ်သား ၅ ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ယနေ့မနက်ပိုင်းတွင် ဒဏ်ရာသက်သာသွားသဖြင့် ၆ ဦးမှာ ဆေးရုံမှ ပြန်လည်ဆင်းသွားပြီဟု သိရသည်။
ဒဏ်ရာရရှိမှုသည် ဖယောင်းများ ပျော်ကျသည့်အတွက် ချော်လဲခြင်း၊ ခြေထောက်နှင့် လက်တို့ မီးဟပ် ခြင်းများအပြင် ဖယောင်းများက ရေနှုတ်မြောင်းများအပေါ် ဖုံးလွှမ်းနေသည်ကို မသိနိုင်သဖြင့် ရေမြောင်းထဲသို့ ကျွံကျခြင်းများမှ ရရှိခဲ့သည့် ဒဏ်ရာများဖြစ်ကြောင်း သိရသည်။
ဖယောင်း ဂိုဒေါင် မီးလောင်မှုတွင် ပတ်ဝန်းကျင် အနီးအနား တဝိုက် ကတ္တရာပေပါများ ရှိနေသည်ကို တွေ့ခဲ့ရသည်။ ထိုအရာများကို မီးမကူးစေရေးအတွက် မီးသတ်တပ်ဖွဲ့ဝင်များက ကြိုးစားခဲ့သည်ကို လည်း တွေ့ခဲ့ရသည်။
ဖယောင်းများ မီးလောင်သည်ထက် ထိုကတ္တရာပေပါများကိုပါ မီးကူးခဲ့မည်ဆိုလျှင် ယခုထက်ပိုပြီး ငြိမ်းသက်ရန် ခက်ခဲသွားမည်ဟု တိုင်းမီးသတ်တပ်ဖွဲ့မှ ဦးမျိုးဝင်းက သုံးသပ်သည်။
ဦးမျိုးဝင်းက “စက်ရုံရဲ့ အနောက်ဘက်မှာလည်း ကတ္တရာပုံးတွေရှိတယ်။ အဆင့် ၃ ဆင့်လောက် အထိ ကို ဆင့်ထားတာ။ ဖယောင်းဂိုဒေါင်နဲ့ အုတ်တံတိုင်းကြားမှာလည်း ကတ္တရာပုံးတွေက ရှိနေတယ်။ ကူးသွားလို့ရှိရင်တော့ ရာနဲ့ချီရှိနေတဲ့ အတွက် မီးပြင်းထန်မှု ပိုဆိုးတယ်။ အခု ဖယောင်းလောင်ကမှ တော်သေးတယ်” ဟု ဆိုသည်။
မီးလောင်နေသည့် အချိန် ဂိုဒေါင်အတွင်း၌ အလုပ်သမားများမရှိပဲ တာဝန်ကျသူ လုံခြုံရေး ၄ ဦးသာ ရှိနေကြောင်း၊ ထိုအတွက် အလုပ်သမားများ ထိခိုက်ဒဏ်ရာ ရရှိခဲ့မှု လုံးဝမရှိခဲ့ဟု အဆိုပါ ဇာမဏီ ဖယောင်းဂိုဒေါင်၏ လုံခြုံရေးနှင့် လုပ်ငန်းတာဝန်ခံ ကိုနေဝင်းက ပြောသည်။
ကိုနေဝင်းက “ဒီမှာက ဂိုဒေါင်သဘောမျိုးပဲရှိတာ။ ကျနော်တို့ သူဌေးရဲ့ ဝန်ထမ်းတွေ ဝင်ထွက်တာ တော့ရှိပေမယ့် ဝန် ထမ်း အင်အား ဘယ်လောက်ဆိုတာ သတ်မှတ်လို့မရဘူး။ မနေ့ညက လုံခြုံရေး သဘောမျိုးနဲ့ လူ ၄ ဦးလောက်ပဲရှိတာ။ အဲဒါကြောင့် ဘယ်သူမှ ထိခိုက်မှု မရှိခဲ့ပါဘူး။ အခုက မှုခင်း ရေးရာတွေက မပြီးဆုံးသေးလို့ပါ။ ကျနော်တို့ဘက်က ထုတ်ပြန်လို့ရတဲ့ အချိန်ကြရင် ပွင့်လင်းမြင်သာ စွာနဲ့ပဲ ကျနော်တို့ လုပ်မှာပါ။ အခုက ကျနော်တို့ တခြား ဘာမှပြောလို့ မရသေးဘူး” ဟုဆိုသည်။
အဆိုပါ မီးလောင်မှုကို မီးသတ်ယာဉ် ၉၂ စီး၊ Foam အမြုပ်ဆေးရည် ၆၉၇ ဂါလံ၊ ရေဂါလံ ၂ သိန်းခွဲခန့်နှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များတို့ စုပေါင်း ငြိမ်းသက်ခဲ့ရကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။