ရှမ်းပြည်နယ် မြောက်ပိုင်းတွင် လုံခြုံရေး အခြေအနေ ပြန်လည် တည်ငြိမ်လာသော်လည်း သယ်ယူပို့ဆောင်မည့် ကုန်တင် ယာဉ် နည်းပါးသဖြင့် ကုန်ပစ္စည်း သယ်ယူစရိတ်မှာ မြင့်တက်လျက် ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကုန်စည် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးဝင်းအောင်ခန့်က “သြဂုတ်လ ၁၅ ရက် ဖြစ်စဉ်မှာ ဂုတ်တွင်းတံတား ဖျက်ဆီးခံလိုက်ရတယ်။ ဒါကို ပြန်ပြင်တာ ၅၊ ၆ ရက်ကြာသွားတယ်။ ၂၀ ရက်လောက်မှ ပြန် ဖွင့်တယ်။ ဒါပေမယ့် ကွတ်ခိုင်နဲ့ မူဆယ်ကြားထဲမှာ လမ်းကြောင်း ပြတ်တောက်မှုတွေ ဖြစ်တယ်။ ဒါကြောင့် အခုလ ၅ ရက် နောက်ပိုင်းလောက်မှ ကျနော်တို့ သွားလာလို့ ရတယ်။ အခု လမ်းကြောင်းပြန်ဖွင့်ပြီ၊ တံတားကလည်း ကုန်ကား ၄၈ တန် ပေးဖြတ်ပြီဆိုတော့ အကုန်လုံးက အလုအယက် ကားခေါ်တင်ကြတယ်။ အဲဒီမှာ ဈေးတွေက မြင့်တက်ကုန်တာ” ဟု ဧရာ ဝတီသို့ ပြောသည်။
သယ်ယူပို့ဆောင်ရေး ဝန်ဆောင်ခ အနေနှင့် ယခင်က မူဆယ်မှ မန္တလေးသို့ (အဆင်း) ကုန်ပစ္စည်း ၁ တန်လျှင် ကျပ် ၆ သောင်းရှိရာမှ ယခု ကျပ် ၈ သောင်း ပေးဆောင်ရပြီး မူဆယ်မှ ရန်ကုန်သို့ တင်ဆောင်ရာတွင် ယခင် ကျပ် ၈ သောင်း ၅ ထောင်မှ ကျပ် ၁ သိန်း ၅ သောင်း အထိ မြင့်တက်လာကြောင်း ၎င်းက ဆိုသည်။
“ဒါကတော့ တိုက်ပွဲမဖြစ်ခင်နဲ့ အခု အခြေအနေပေါ့။ ကြားကာလထဲမှာ အခုထက် မြင့်တက်သွားတာလည်း ရှိတယ်” ဦးဝင်းအောင်ခန့် က ပြောသည်။
နယ်မြေတည်ငြိမ်အေးချမ်းလာ၍ ကုန်တင်ကားများ အားလုံး သွားလာမှု ပြန်လည်ပြုလုပ်ပါက ကုန်စည်ပို့ဆောင်ခ ဈေးနှုန်း မှာလည်း ပုံမှန်အခြေအနေသို့ ဈေးပြန်ကျနိုင်ကြောင်း ၎င်းက ဆိုသည်။
ရန်ကုန်မှ မူဆယ်ဘက်သို့ ရေထွက်ကုန်ပစ္စည်းများ တင်ဆောင်သည့် ကုန်ကား တန်ဆာခများအနေဖြင့် ယခင်က ကုန် ၁ တန်လျှင် ငွေကျပ် ၁၈၀၀၀ ခန့် ရှိရာမှ ယခုအချိန်တွင် ကျပ် ၃၉၀၀၀ မှ ကျပ် ၄၀၀၀၀ အထိ ဈေးမြင့်လာကြောင်းလည်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒု ဥက္ကဋ္ဌ ဒေါ်တိုးနန္ဒာတင် ပြောသည်။
လက်ရှိ အချိန်တွင် နယ်မြေတည်ငြိမ်သော်လည်း ကုန်ကားသမားများ အနေနှင့် အချိန်မရွေး တိုက်ပွဲ ဖြစ်ပွားနိုင်သော နေ ရာများ ရှိသည့်အတွက် သတိထား၍ လမ်းကြောင်း အခြေအနေကြည့်ကာ သွားလာ လှုပ်ရှားနေကြောင်း ကုန်တင်ယာဉ် လုပ်ငန်းရှင်များထံက သိရသည်။
ကုန်သွယ်မှုတွင် တရုတ်နိုင်ငံသို့ တင်ပို့သည့် ကုန်တင်ယာဉ်မှာ နည်းပါးနေပြီး တရုတ်ဘက်မှ မြန်မာနိုင်ငံသို့ တင်သွင်း သည့် ကုန်စည်က များပြားကြောင်း ဦးဝင်းအောင်ခန့် ကပြောသည်။
တရုတ်ဘက်မှ သွင်းကုန်များအနေဖြင့် ဓာတ်မြေသြဇာ၊ အဝတ်အထည်များ၊ သံ ဗီဒိုများ၊ အိမ်ဆောက်ပစ္စည်းများ၊ ကုန် ခြောက်ပစ္စည်းများ၊ သစ်သီးများမှာ မူဆယ် နယ်စပ်မှ တဆင့် မန္တလေး-ရန်ကုန်သို့ နေ့စဉ် ကုန်ကားအစီးရေ ၃၅၀ ခန့် အဆင်း ရှိနေကြောင်း ၎င်းက ဆိုသည်။
အွန်းလိုင်းရှော့ပင် လုပ်ကိုင်သူ မအေးချမ်း က “ကျမတို့ အွန်လိုင်းရှော့ပင်လုပ်တဲ့သူတွေ အတွက်ကတော့ ကုန်ပစ္စည်းက အရမ်း မကြီး၊ အရမ်းမများလို့လား မသိဘူး၊ သယ်ယူစရိတ်တော့ မတက်ဘူး။ ဒါပေမယ့် မှာထားတဲ့ပစ္စည်းတွေက အရမ်း ကြာတယ်။ ပုံမှန်ဆို ၂ ပတ်လောက်ဆို ရောက်တယ်။ အခုက ၁ လလောက် ကြာတယ်” ဟု ပြောသည်။
၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် တရုတ်ဘက်မှ တရားမဝင် ကုန်စည်များ ဝင်ရောက်မှုကို ထိထိမိမိ တားဆီးနိုင်သော ကြောင့်လည်း မြန်မာဘက်မှ တရုတ်သို့ ကုန်ပစ္စည်း တင်ပို့မှာ ဆန်၊ သကြား၊ ပြောင်း အပါအဝင် အခြားကုန်စည်များတင် ပို့မှု လျော့ကျခဲ့သည်။
သွင်းကုန် လုပ်ငန်းရှင်တဦး က “အရင်ရက် ကုန်ကားတွေက လမ်းလုံခြုံရေး အခြေအနေ မကောင်းတော့ ဒီဘက်ကို အတက် သိပ်မရှိဘူး။ အဲဒီတော့ ကုန်ပစ္စည်းတွေက မူဆယ်မှာ ပုံနေတာ ဒီရက်မှာ ပြန်တင်လို့ရပြီဆိုတော့ သူ့ထက် ငါ တင်ရင်း ဈေးက တက်သွားတယ်” ဟု ပြောသည်။
ယင်းသို့ ကုန်စည် သယ်ယူပို့ဆောင်စရိတ် ဈေးတက်နေခြင်းကြောင့် ပြည်တွင်း၌ အခြေခံစားသောက်ကုန်များ၊ လူသံုံးကုန် ပစ္စည်း ဈေးနှုန်းများသည်လည်း အနည်းငယ် ဈေးတက်သွားကြောင်း ဈေးကွက်အတွင်းက စုံစမ်းသိရသည်။
သြဂုတ်လနှင့် စက်တင်ဘာလအတွင်း၌ ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်-မူဆယ် လမ်းပိုင်းနေရာများ၌ ကုန်တင်ယာဉ်၊ ခရီးသည်တင်ယာဉ်အပါအဝင် ကားများ မီးရှို့ဖျက်စီးခံရမှု ဖြစ်ပွားခဲ့သည်။
ထို့ပြင် တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့မှု ဖြစ်ပွားခဲ့ကာ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်သို့ သွားသည့် ငါးရှဉ့်၊ ဂဏန်းများ ပျက်စီးခဲ့သဖြင့် တန်ဖိုး ကျပ်သိန်းပေါင်း ၉၀၀၀ ကျော် ဆုံးရှုံးခဲ့ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှုတွင် ပျမ်းမျှ ကျပ်သန်း ၄၀၀ နီးပါးခန့် ဆုံးရှုံးခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြောဆိုထားသည်။
You may also like these stories:
ရန်ကုန်- မန္တလေး အမြန်လမ်းတွင် ကုန်စည်ကားအချို့ ပိတ်မိနေ
တရုတ်-မြန်မာ နယ်စပ်ရှိ ကုန်စည်ဒိုင်များ နေရာပြောင်းရွှေ့ရန် စီးပွား ကူးသန်း စီစဉ်
မူဆယ် ကုန်သွယ်ရေး ဇုန်၌ ဆန်ကွဲအိတ် ၁ သိန်းကျော် ၄ လကြာ ပိတ်မိနေ
တိုက်ပွဲကြောင့် မူဆယ်နယ်စပ် ကုန်သွယ်ရေး တနေ့ ဒေါ်လာ ၄ သန်းကျော် ဆုံးရှုံးနေဟုဆို