ရွှေမှောင်ခိုလုပ်ဆောင်သည့် ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းများကို အရေးယူပေးရန်အတွက် တင်ပြတောင်းဆိုသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များ အသင်း (UMTA) က သိရသည်။
ဘုရားဖူး ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်း အယောင်ဆောင်၍ အိန္ဒိယသို့ ရွှေမှောင်ခိုတင်ပို့သော ခရီးသွားကုမ္ပဏီများ ရှိလာကြောင်း UMTA အသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။
“ကျနော်တို့ ဒီကိစ္စက လွန်ခဲ့တဲ့ ၂ နှစ်လောက်ထဲက စတာ။ အရင်တုန်းကတော့ သာမန် ဘုရားဖူး ကုမ္ပဏီတွေပဲ ဆိုပြီး ထင် တာ။ ဈေးကွက်မှာ အပြိုင်အဆိုင် ရောင်းချရင်းနဲ့ တချို့ကုမ္ပဏီတွေက အဲဒီ လိုမျိုး သယ်ခိုင်း၊ ဝတ်ခိုင်းရင်းနဲ့ ရွှေ ၅ ကျပ် သား၊ ၁၀ သားလောက်စီ ဝတ်ခိုင်းပြီးတော့ ရှိပါ တယ်။ ဟိုဘက်ရောက်မှ ပြန်ပြီးတော့ ရောင်းချတယ်။ အဲဒီလိုမျိုး ညိုနှိုင်း လုပ်တဲ့ ကုမ္ပဏီတွေ ပေါ်ပေါက်လာ ပါတယ်” ဟု ၎င်းက ဧရာဝတီသို့ ပြောဆိုသည်။
ယင်းကုမ္ပဏီများကို ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ပေးရန်အတွက် သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများသို့ တင်ပြတောင်းဆိုသွားမည် ဖြစ်ကြောင်း ဦးနောင်းနောင်းဟန်က ဆိုသည်။
ဗုဒ္ဓဂါယာခရီးစဉ်သည် ပုံမှန်အားဖြင့် ၁၅ ရက်ခန့်ကြာမြင့်ပြီး ငွေကျပ် ၁၂ သိန်းခွဲခန့် ကုန်ကျသော် လည်း ခရီးသွား ဝန် ဆောင်မှု ကုမ္ပဏီအချို့သည် ငွေကျပ် ၁၀ သိန်း ဝန်းကျင်နှုန်းဖြင့် ဈေးနှုန်းလျှော့ ပေးပြီး လိုက်ပါမည့် ခရီးသည်ကို ကုန်ကူး မည့် ရွှေများ ဝတ်ဆင်သယ်ဆောင်စေ၍ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။
“မနှစ်က စပြီး အိန္ဒိယလေဆိပ်မှာ တင်းတင်းကျပ်ကျပ် စစ်ဆေးတဲ့အခါ တချို့က အများကြီး မြင်မ ကောင်းလောက်အောင် ဝတ်ပြီး လာတာမျိုးတွေ ရှိတယ်။ ထိုင်းတို့ ဗီယမ်နမ်နိုင်ငံတို့က ခရီးသည်တွေ ဆိုရင် ဒီလောက်ကြီး ရှာဖွေတာ စစ်ဆေးတာ မလုပ်ဘူး။ မြန်မာခရီးသည်ဆိုရင် ကိုယ်ခန္ဓာမှာ ပါလာ တဲ့ ရွှေကို ချိန်တွယ်တဲ့ အဆင့်ထိ ရောက်လာပါတယ်” ဟု ဦးနောင်း နောင်းဟန်က ပြောသည်။
မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များ အသင်းက ယခုနှစ် ဘုရားဖူးရာသီတွင် ယင်းကိစ္စကို အလေး ထားပြီး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ အကယ်၍ ဘုရားဖူးကုမ္ပဏီများဘက်မှ တစုံတရာ ပြစ်မှု ကျူးလွန်ကြောင်းထင်ရှားလျှင်လည်း ဘုရားဖူး လိုင်စင် ထုတ်ပေးသည့် သက်ဆိုင်ရာ ဌာနများသို့ အရေးယူပေးရန် တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။
ဗုဒ္ဓဂါယာ ဘုရားဖူးလုပ်ငန်း ကြီးကြပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်မြင့်က “အိန္ဒိယဘက်မှာ အဖမ်းခံရတာတွေ ရှိလာတော့ ရွှေကုန် မကူးရအောင် ပိုမို သတိပေးတားမြစ်နေပါတယ်။ ဒီကိစ္စက လွန်ခဲ့တဲ့ ၇ နှစ် ၆ နှစ်လောက်က မရှိသလောက်ပါ။ အခုချိန်မှာ ဆက်တိုက် နီးပါး ဖြစ်နေတယ်”ဟု ဧရာဝတီသို့ ပြောသည်။
၂၀၁၉ -၂၀၂၀ ခုနှစ် ခရီးသွားရာသီ၌ ဘုရားဖူး ခရီးသွား ကုမ္ပဏီယောင်ဆောင်၍ ရွှေမှောင်ခို သယ် ခြင်းများ မဖြစ်ပွားစေရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားဝန်ကြီး ဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက်ခွန် ဦးစီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာနတို့နှင့် လည်း ဆက်လက် ညိုနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်း က ဆိုသည်။
ဆက်လက်၍ ဦးနောင်းနောင်းဟန်က “ဒီနှစ် ဒီရာသီမှာတော့ ဒီကိစ္စကို အလေးအနက် ထားပြီးတော့ ကျနော်တို့က အရေး ယူမယ် ဆိုတဲ့ ကိစ္စမျိုးတွေ လုပ်လာတာပါ။ ဒီနှစ်မှာသာ ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်သွားမယ်ဆိုရင် ရွှေမှောင်ခို ဈေးကွက်ကြီးက ဘုရားဖူး ဈေးကွက်ဖြစ်လာမယ် ဆိုရင် နိုင်ငံရဲ့ ဂုဏ်သိက္ခာက ကမ္ဘာ့အလယ်မှာ ကျဆင်းသွားမှာ ဖြစ် တယ်” ဟု သုံးသပ်ပြောဆိုသည်။
အိန္ဒိယနိုင်ငံ၏ ဥပဒေတွင် ခရီးသွားများကို ရွှေထည်အလေးချိန် ၃၀ ဂရမ် အထိသာ သယ်ယူဝတ် ဆင်ခွင့်ပြုပြီး၊ မြန်မာနိုင်ငံ လေဆိပ်၌ ခရီးသွားများကို ကျပ်သိန်း ၁၀၀ အောက် တန်ဖိုးရှိ လက်ဝတ် ရတနာများသာ သယ်ယူ ဝတ်ဆင်ခွင့်ပြုထား သည်။
မြန်မာနိုင်ငံ လေဆိပ်တွင် ကျပ်သိန်း ၁၀၀ နှင့် အထက် တန်ဖိုးရှိ လက်ဝတ်ရတနာများ သယ်ယူ ဝတ်ဆင်လိုလျှင် အ ကောက်ခွန်ဌာန၌ စာရင်းပြုစုရပြီး ပြန်လည် ဝင်ရောက်ချိန်တွင် တိုက်ဆိုင် စစ်ဆေးခံရသော်လည်း အများစုမှာ စာရင်း မသွင်းသောကြောင့် တဖက်နိုင်ငံသို့ ရောက်လျှင် ပြဿနာများ ကြုံရကြောင်း ဘုရားဖူး လုပ်ငန်းရှင်များထံက သိရသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာမှ တာဝန်ရှိသူများသို့ ဆက်သွယ်မေးမြန်း သော် လည်း ဖြေကြားပေးမည့် သူ မရှိပေ။
ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦမျိုးမြင့်က “နှစ်စဉ်ပဲ ဒီလိုသွားနေတာ။ ဒီက ဝတ်သွားတယ်၊ ဟိုမှာ ပြန်ရောင်းတယ်ပေါ့။ အိန္ဒိယဘက်က ရွှေဈေးတက်တော့လေ။ ရွှေ ၁ ကျပ် သားကို မြန်မာပေါက်ဈေးထက် အိန္ဒိယ ဈေးက ၁ သိန်းလောက် ကွာတယ်။ နယ်စပ်ဘက်က သွားတာ လည်း ရှိတယ်။ တမူး၊ မိုးရေးတို့ဘက်က တရားမဝင် ထွက် တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထိုကြောင့် ရွှေကို ပြည်ပသို့ တရားဝင် ခွင့်ပြုပေးလျှင် ပြည်ပသို့ မှောင်ခိုထွက်နေသော ရွှေထည် များ၏ အဝင်၊ အထွက် များကို ကိန်းဂဏန်း အမှန် သိရှိပြီး နိုင်ငံတော်အနေနှင့်လည်း အခွန် အကောက်များ ရရှိမည့်အပြင် ကမ္ဘာ့အဆင့်မီ ရွှေ ဈေးကွက်လည်း ဖြစ်လာမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဦးမျိုးမြင့်က “အခုက ပိတ်ဆို့ထားတော့ ပြည်ပနဲ့ ဆက်သွယ်လို့ မရဘူး။ လိုတဲ့အခါလည်း မှောင်ခိုပဲ သွားနေရတယ်။ ဆိုရှယ်လစ်ခေတ်လို ဖြစ်နေတယ်။ ကွာတာက ရွှေကို ကန့်သတ်ခွန် အဖြစ်တော့ အခု ပယ်ဖျက်ပေးတယ်” ဟု ပြောသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ရွှေကို ပြည်ပသို့ တရားဝင် တင်ပို့ ရန် အမိန့်စာထွက်ထားသော်လည်း ဗဟိုဘဏ်မှ အချက်အလက်များ လိုနေသေးသဖြင့် ယခုအချိန်ထိ ပြည်ပ တင်ပို့ခွင့် မရ သေးခြင်း ဖြစ်သည်။
ဗုဒ္ဓဂါယာသို့ ခရီးသွားဝန်ဆောင်မှု ပြုလုပ်နေသော ကုမ္ပဏီ၊ အဖွဲ့ စုစုပေါင်း ၂၀၀ နီးပါးခန့် ရှိသော် လည်း ဗုဒ္ဓဂါယာဘုရားဖူး လုပ်ငန်း ကြီးကြပ်ရေး ကော်မတီသို့ စာရင်းဝင်ထားသည့် ကုမ္ပဏီမှာ ၇၀ ခန့်သာ ရှိကြောင်း ဗုဒ္ဓဂါယာ ဘုရားဖူးလုပ်ငန်း ကြီးကြပ်ရေး ကော်မတီက သိရသည်။
You may also like these stories:
ကျောက်စိမ်းကြောင့် တရုတ်၌ ကမ္ဘာ့အဆင့်မီ မြို့များ ပေါ်ပေါက်၊ ဖားကန့်၌မူ လမ်းကောင်း မရှိဟု ဆို
ထိုးတက်နေတဲ့ ရွှေဈေး ဘဏ်ချေးငွေ ဂယက်ကြောင့်လား