ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မင်းဖူးကျေးရွာနေ ဒေသခံ အမျိုးသား ၂ ဦးအား ပေါက်ကွဲမှု ဥပဒေဖြင့် ဖမ်းဆီး တရားစွဲဆိုခဲ့မှုအား စွဲချက်မတင်ဘဲ မှားယွင်းတရားစွဲမှု အဖြစ် သတ်မှတ်ကာ ယမန်နေ့က ပြန်လည် လွှတ်ပေးလိုက် ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဖေဖေါ်ဝါရီလအတွင်းက ရသေ့တောင်မြို့နယ် မင်းဖူးကျေးရွာအနီးတွင် AA အဖွဲ့ မှ တပ်မတော်စစ်ကြောင်းများကို မိုင်းခွဲတိုက်ခိုက်၍ ပြန်လည်ပစ်ခတ်ရာ မရီရီစိုး(၁၈နှစ်) ဦးခေါင်း တွင် သေနတ်ထိမှန် သေဆုံးခဲ့ရသည်၊ ထို့သေဆုံးမှုကို တရွာတည်းနေ ကိုသန်းဖေနှင့် ကိုဝေစိုးထွန်း တို့ကို ပေါက်ကွဲမှု ဖြစ်စေရန် လုပ်ဆောင်သဖြင့် သေဆုံးသည်ဟုဆိုကာ စေတီပြင် ရဲစခန်းမှ ဒုရဲအုပ် အောင်ကျော်စိုးမိုးမှ တရားလို လုပ်ကာ ပေါက်ကွဲ စေတတ်သော ဝတ္ထု ပစ္စည်းများ အက်ဥပဒေ ပုဒ်မ ၃ ဖြင့် ဖေဖော်ဝါရီ လအတွင်းက အမှုဖွင့်လှစ်ကာ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အမှုအား လိုက်ပါဆောင်ရွက် ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က “ မင်းဖူး ရွာက မရီရီစိုး သေဆုံးမှုနဲ့ ပတ်သက်လို့ သူတို့ကို ပေါက်ကွဲမှုကြောင့် မရီရီစိုး သေဆုံးခြင်း ဖြစ်တယ် ဆိုပြီး ပေါက်ကွဲ ဥပဒေနဲ့ သူတို့ ၂ ဦးကို စွဲတာ။ အမှု စစ်တဲ့အခါ သက်သေ မပေါ်ပေါက်တဲ့အတွက် သူတို့ကို စွဲချက် မတင်ဘဲ တရားရုံးက လွှတ်ပေး လိုက်တယ်။ အမှုကိုလည်း မှားယွင်းမှု အဖြစ် တရား ရုံံးက သတ်မှတ်လိုက်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထို ရသေ့တောင် မင်းဖူးရွာ ဖြစ်စဉ်နှင့် ပတ်သက်ပြီး တပ်မတော် သတင်း ထုတ်ပြန်ရေး အဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်လင်းထွန်း ကိုယ်တိုင်က ရွာထိပ်တွင် မိုင်းခွဲ တိုက်ခိုက်ခံရပြီး ရက္ခိုင့် တပ်မတော် (AA) တပ်ဖွဲ့ဝင်များ ကျေးရွာ အတွင်းသို့ ဝင်ပြေး သွားသည့် အတွက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းလည်း အတည်ပြုခဲ့သည်။
ထိုသို့ ပစ်ခတ်မှုများအကြား နေအိမ်အတွင်း ပုန်းနေသည့် အသက် ၁၈ နှစ် မရီရီစိုး မှာ ဦးခေါင်းတွင် ကျည်ဆန်ထိမှန် သေဆုံးခဲ့သလို အသက် ၄ နှစ် အရွယ် ကလေးငယ် ၁ ဦးနှင့် အမျိုးသမီး ၁ ဦးလည်း ဒဏ်ရာ ရရှိခဲ့သဖြင့် စစ်တွေမြို့ ပြည်သူ့ဆေးရုံသို့ တက်ရောက် ကုသခဲ့ရသည်။
ပြန်လည် လွတ်မြောက်လာသည့် ကိုသန်းဖေ၏ ဇနီးဖြစ်သူ ဒေါ်သန်းခင်က “ ကျမ ယောင်္ကျားနဲ့ ကိုဝေစိုးထွန်းတို့ ဒီနေ့ တရားရုံးက လွှတ်လိုက်ပါတယ်။ လွတ်လာတဲ့အတွက်တော့ ဝမ်းသာတာပေါ့။ ဒါပေမယ့် ဒီလို ဘာမှ မလုပ်ဘဲ ၈ လကျော် လောက် အဖမ်းခံခဲ့ရတော့ ကျမတို့မှာ စိတ်ဆင်းရဲ၊ လူဆင်းရဲ ဖြစ်ခဲ့သလို တရားရုံးကို လာရတဲ့ စရိတ်တွေလည်း တော်တော် ကုန်ကျပါတယ် ” ဟု ဧရာဝတီသို့ ပြောသည်။
ယင်းသို့ ကျေးရွာအတွင်း ပစ်ခတ်ခံရမှု ဖြစ်ပြီး နောက်တနေ့တွင် ဧရာဝတီမှ အဆိုပါ ကျေးရွာသို့ သွားရောက် သတင်းယူခဲ့ရာ မရီရီစိုး သေဆုံးနေသည့် ရုပ်အလောင်းနှင့် ကျေးရွာအတွင်း ကျန်နေခဲ့ သော ကျည်ခွံများ အပါအဝင် ရွာအနောက်ဘက်နှင့် ရွာမြောက်ဘက်တို့တွင် မပေါက်ကွဲဘဲ ကျန်နေခဲ့ သော လက်နက်ကြီး ကျည်ဆန် ၂ လုံးကို တွေ့မြင်ခဲ့ရသည်။
သေဆုံးသူ မရီရီစိုး မိဘနှစ်ပါးကလည်း တပ်မတော်သားများ လာရောက် ပစ်ခတ်သည်ကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသည့် အတွက် တရားမျှတမှု ရအောင် ပစ်ခတ်သူများကို အရေးယူ ပေးစေချင်ကြောင်း ပြောသည်။
ယင်းသို့ ကျေးရွာအတွင်း ပစ်ခတ်ပြီးသည့် နောက်တွင် တပ်မတော်သားများက ကျေးရွာအတွင်းရှိ ၊ ရပ်သူရွာသားများကို ခေါ်ထုတ်ပြီး ရွာနောက်ဘက် ကန်ဘောင်တွင် ခေါင်းငုံ့ ထိုင်ခိုင်းပြီး၊ တပ်မတော် သား များက ကျေးရွာသားတချို့ကို ရိုက်နှက်ကာ လက်ကိုင်ဖုန်းများကိုယူ၍ ကန်ထဲသို့ ပစ်ချခဲ့ကြောင်းလည်း ကျေးရွာသား များက ပြောသည်။
ထိုသို့ ပြုလုပ်ပြီး တပ်မတော်သားများက ရွာမှ ပြန်လည် ထွက်ခွာသွားသည့်အခါ ကျေးရွာသားနှစ်ဦး ဖြစ်သည့် ကိုသန်းဖေနှင့် ကိုဝေစိုးထွန်းတို့ကို ဖမ်းဆီးသွားခဲ့ပြီး ပြန်လွတ်လာခြင်းမရှိဘဲ ရဲ၏ တရားစွဲဆိုခံခဲ့ရကာ ၈ လခန့် ဖမ်းဆီးခံ ခဲ့ရခြင်း ဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန် – ရသေ့တောင် ပစ်ခတ်မှုအတွင်း ကျေးရွာသူ ၁ ဦး သေဆုံးမှု အရေးယူပေးရန် တောင်းဆို