ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ အခြေစိုက် ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးတပ် ထပရ ၉၃ဝ တွင် တာဝန်ထမ်းဆောင် ခဲ့ပြီးနောက် ပခုက္ကူရှိ မိခင်အိမ်ပြန်လာရင်း တပ်ပြေးအဖြစ် ရှိနေသူ အသက် ၂၀ အရွယ် တပ်သား သန်းထိုက်ဇော် ဆိုသူက ကလေး စစ်သားအဖြစ် စုဆောင်းခံရပြီး တပ်ထဲသို့ ဝင်ခဲ့ရသဖြင့် နှုတ်ထွက်ခွင့် ရရေး မိခင်က လိုလားနေကြောင်း သိရသည်။
၎င်း၏ အသက် ၁၆ နှစ်အရွယ်တွင် ဦးလေး ဖြစ်သူ၏ နေအိမ်သို့ အလည်သွားစဉ် ဦးလေးဆိုသူက ၎င်း၏ သားနှင့်အတူ အသက် ၂၀ ပြည့်ပြီဟုဆိုကာ အထောက်အထား အတုများဖြင့် တပ်မတော်သို့ ဝင်ရောက်ခိုင်းခဲ့ကြောင်း၊ ဦးလေးဆိုသူက ၎င်း ပို့ဆောင်ခဲ့သည့် တပ်နေရာကို အတိအကျ မပြောသဖြင့် လိုက်လံရှာဖွေခဲ့ရကြောင်း၊ သားကို ကလေးစစ်သား ဖြစ်နေသဖြင့် ပြန်လည် ထွက်ခွင့်ရရန် ထိုစဉ်ကတည်းက ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း သိရသည်။
တပ်မတော်သို့ ရောက်ရောက်ချင်း ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ် စစ်သင်တန်းကျောင်းတွင် ၆ လတက်ခဲ့ရကြောင်း၊ သင်တန်းမှ ဆင်းလာသည့်အခါ တောင်ငူမြို့ရှိ ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးတပ် ထပရ ၉၃ဝ တွင် တာဝန်ကျခဲ့ကြောင်း အဆိုပါတပ်သား၏ မိခင်ဖြစ်သူ ဒေါ်မော်မော်မွန်က ပြောသည်။
ဒေါ်မော်မော်မွန်က “ကျမအမျိုးသားနဲ့ ကျမနဲ့က သား ငယ်ငယ်ထဲက ကွဲသွားတာ။ သူ့အဖေဘက်က ဦးလေးဖြစ်သူ တပ်ထဲ သွင်းခဲ့တာ။ သားသင်တန်း တက်တုန်းကလည်း အဲဒီသင်တန်းကို ကျမတို့ လိုက်သွားသေးတယ်။ ကလေး စစ်သား ဖြစ်ပါတယ်ဆိုတာ အထောက်အထားနဲ့ ပြောတယ်။ အဲဒီသင်တန်း တာဝန်ရှိသူတဦး(အမည်မမှတ်မိ) က သင်တန်း ကာလမှာ ကလေးစစ်သား ဟုတ်၊ မဟုတ် စိစစ်ရတာ ခက်တယ်။ သင်တန်းပြီးလို့ တာဝန်ကျတဲ့ တပ်ကိုရောက်မှ အဲဒီဟာလုပ်ပါဆိုလို့ ပြန်လာခဲ့ရတယ်” ဟု ရှင်းပြသည်။
တပ်သား သန်းထိုက်ဇော်၏ မွေးစာရင်းတွင် မွေးသက္ကရာဇ်ကို စက်တင်ဘာ ၁ ရက်၊ ၂ဝဝဝ ခုနှစ်ဟု ထည့်သွင်းဖော်ပြထားပြီး ၎င်း၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းတွင်တော့ ဇွန်လ ၁ ရက်၊ ၂ဝဝဝ ခုနှစ်ဟု ဖော်ပြထားသည်။ လက်ရှိ သူ၏ တပ် ကိုယ်ပိုင်နံပတ်သည် တ/ ၅၃ဝ၁၅၈ ဖြစ်သည်။
လက်ရှိတွင် သူက တပ်မှ ခွင့်ယူကာ မိခင်ဖြစ်သူရှိရာ ပခုက္ကူမြို့သို့ ပြန်လာစဉ် တာဝန်ကျသည့် တပ်သို့ မပြန်တော့ သည့်အတွက် စစ်ပြေးတဦး ဖြစ်နေပြီး ၎င်းကို ဖမ်းဆီးမည် စိုးရိမ်သဖြင့် ရှောင်တိမ်းနေရကြောင်း တပ်သား သန်းထိုက်ဇော်က ပြောသည်။
မိမိကို တပ်ထဲသို့ ဦးလေးဖြစ်သူက သွင်းလိုက်စဉ် အသက် ၂၀ ဟုဆိုပြီး မှတ်ပုံတင်အတု၊ မိခင်ဖြစ်သူ၏ လက်မှတ်အတု တို့ဖြင့် သွင်းလိုက်ခြင်းဖြစ်ကြောင်း၊ မိမိကို တပ်ထဲ့သို့ သွင်းလိုက်စဉ်ကာလက မိမိကိုယ်တိုင်လည်း ဦးလေးဖြစ်သူကို ငြင်းဆန်မှု မလုပ်ခဲ့ကြောင်း သူက ဆက်ပြောသည်။
တပ်သား သန်းထိုက်ဇော်က “ကျနော် တပ်ထဲ စရောက်ကတည်းက တပ်ပိုင်းဆိုင်ရာ အဆင့်ဆင့်ကိုရော ကိုယ့်တပ်ရင်းမှူး ဖြစ်သူကိုရော ကလေးစစ်သားအဖြစ် စုဆောင်းခံရတယ် ဆိုတာ အကြောင်းမကြားခဲ့ပါဘူး။ ဒါပေမယ့် အခု အမေ့ အိမ်ပြန် လာချိန်မှာ တပ်မှာနေရတာ မလွတ်လပ်မှုတွေနဲ့ အမေ့အိမ်ကနေ မပြန်ချင်တော့ဘူး။ ဒါပေမယ့် အိမ်မှာနေရင်း ကျနော့် ညီကို ရပ်ကွက်လူကြီးက သြင်္ကန်တွင်း ထိုးတဲ့ကိစ္စနဲ့ ကျနော်နဲ့ပါ စကားများပြီး အခု တပ်ပြေးဆိုတာကို လှမ်းတိုင်နေလို့ ကျနော်က အမေ့အိမ်မှာ နေလို့မရတော့ဘူး။ ကျနော့်အနေနဲ့ ကလေးစစ်သား ဖြစ်ခဲ့တယ် ဆိုတာကို အမှန်တိုင်း လိုချင်တယ်။ အမေ့အိမ်မှာပဲ အေးအေးချမ်းချမ်းနေချင်တယ်” ဟု ဆိုသည်။
ကာကွယ်ရေး ဝန်ကြီးဌာန၊ တပ်မတော် သတင်းမှန်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တပ်မတော် အနေဖြင့် ကလေးစစ်သားကိစ္စများနှင့် ပတ်သက်လျှင် အရွယ်မရောက်သေးသူများ စစ်မှုထမ်းခြင်းမှ ကာကွယ် တားဆီး ထိန်းသိမ်းရေး ကော်မတီ CTFMR နှင့် ချိတ်ဆက်ထားသည့် နိုင်ငံတကာ အဖွဲ့အစည်းများမှဖြစ်စေ၊ ကာယကံရှင် ကိုယ်တိုင်ကဖြစ်စေ အကြောင်းကြားလာလျှင် တချိန်ချိန်က ကလေးစစ်သားအဖြစ် စုဆောင်းခံခဲ့ရပြီး ယနေ့အချိန်တွင် အရွယ်ရောက်နေပြီ ဖြစ်သော်လည်း ၎င်း၏ ဆန္ဒပေါ်မူတည်ပြီး စစ်မှုထမ်းဆောင်ချင်သည့် ဆန္ဒမရှိလျှင် မိဘထံသို့ ပြန်လည်အပ်နှံပေးကြောင်း ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “သို့သော် ဘာလို့ ကလေးစစ်သားတွေ ရှိနေလဲဆိုတော့ ယခင်ကတည်းက စုဆောင်းပြီး ကျန်နေခဲ့တဲ့ သူတွေ ရှိနေတာ ဖြစ်တယ်။ ကလေးစစ်သားနဲ့ ပတ်သက်လာရင် ယခင်က မှားယွင်းပြီး ဝင်ခဲ့တယ်။ အခုချိန်မှာ အသက် ၂၀၊ ၂၅ နှစ် ပြည့်နေတယ်။ သူ့ရဲ့ ဆန္ဒသဘောထားကို အရင်ကြည့်တယ်။ သူ့ဆန္ဒက စစ်မှုထမ်း ချင်တဲ့ဆန္ဒ မရှိဘူးဆိုရင် သက်ဆိုင်ရာ မိဘတွေဆီကို ၁၈ နှစ်ကျော်ပေမယ့် ပြန်အပ်ပေးတယ်” ဟု ရှင်းပြသည်။
မိဘအုပ်ထိန်းသူထံ ပြန်မအပ်နိုင်သေးသည့် ကြားကာလတွင် တပ်မတော်မှ CTFMR နှင့် လူကယ်ပြန်ဌာနတို့က စီစဉ်သည့် နေရာသို့ ပို့ဆောင်ပေးပြီး အဆိုပါနေရာမှ မိဘနှင့် ဆက်သွယ်မှုရရန်၊ ကျန်းမာရေး ဆေးကုသရန် လိုအပ်လျှင် ဆေးကုသ ပေးကြောင်း၊ ကျောင်းပြန်တက်ချင်သည့် ဆန္ဒရှိလျှင်လည်း ကျောင်းပြင်ပ ပညာရေးသင်နိုင်ရန်၊ အလုပ်လုပ်ရန် ဆန္ဒရှိလျှင် အလုပ်ရရှိစေရန် ဆောင်ရွက်ပေးကြောင်း ၎င်းက ဆက်ပြောသည်။
CTFMR တွင် ကာကွယ်ရေး ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ရှေ့နေ ချုပ်ရုံး၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့ ပါဝင်သည်။ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးရုံး(UNRCO)၊ ယူနီဆက်၊ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအဖွဲ့၊ အိုင်အယ်လ်အို၊ World Vision၊ Save the Children စသည့် အဖွဲ့အစည်းများ ပါဝင်ပြီး ကလေးစစ်သား အရေး ပူးပေါင်းလုပ်ဆောင်ကြသည်။
CTFMR ၏ လုပ်ငန်းများ ဆောင်ရွက်ရန် ၂ဝ၁၂ ခုနှစ်၊ ဇွန်လကတည်းက မြန်မာနိုင်ငံအနေဖြင့် လက်မှတ်ရေးထိုးခဲ့ပြီး ယနေ့အချိန်အထိ အကြောင်းအမျိုးမျိုးကြောင့် မှားယွင်း စုဆောင်းခံခဲ့ရသည့် အရွယ်မရောက်သေးသည့် ကလေး သူငယ်များကို မိဘထံ ပြန်အပ်ခဲ့သည့် အကြိမ်ပေါင်း ၁၆ ကြိမ်ရှိခဲ့ပြီး လူဦးရေ စုစုပေါင်း ၉ဝ၃ ဦး ရှိသည်ဟု ကာကွယ်ရေး ဝန်ကြီးဌာန၊ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။
ထို့အပြင် ၂ဝ၁၅ – ၂ဝ၁၆ ခုနှစ်ကစတင်ပြီး အရွယ်မရောက်သေးသူများကို စစ်သား စုဆောင်းခြင်း မရှိခဲ့တော့ကြောင်း ယခုနှစ် မတ်လအထိ ကလေးစစ်သား စုဆောင်းမှုနှင့် ပတ်သက်ပြီး တပ်မတော်မှ အရာရှိ ၉၆ ဦးနှင့် အခြားအဆင့် ၃၅၂ ဦးတို့ကို အရေးယူခဲ့ကြောင်း ဟုလည်း သိရသည်။
ဧရာဝတီ သတင်းထောက် ထက်နိုင်ဇော် ပူးပေါင်းရေးသားသည်။
ဆက်စပ်ဖတ်ရှုရန်- ကလေးစစ်သားအရေး တိုင်းရင်းသားလက်နက်ကိုင်များ မလိုက်နာဟု တပ်မတော်ပြော
ကလေးစစ်သား စုဆောင်းသည့် အရာရှိ နှင့် အခြားအဆင့် ၈၀၀ ကျော် အရေးယူဟု ဆို