တိုင်းရင်းသား ဒေသများတွင် ရှိနေသည့် ပြည်သူ့စစ် အဖွဲ့များ ဆက်လက်ထားရှိရန် လို မလို သိလိုကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ကိုယ်စားလှယ်တဦးက ယမန်နေ့က ကျင်းပသည့် ပြည်သူ့ လွှတ်တော်၌ မေးခွန်း မေးမြန်း လိုက်သည်။
မွန်ပြည်နယ် ပေါင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မိကွန်ချမ်းက“ပြည်သူ့စစ်ကို မငြိမ်းချမ်းတဲ့ ဒေသတွေမှာ ပြည်တွင်း လက်နက်ကိုင် အန္တရာယ် ကာကွယ်ဖို့အတွက် ဖွဲ့ထားတယ်လို့ ဆိုထားတယ်ပေါ့နော်။ ကျမတို့ ပြည်သူ့စစ် တွေ မှာ ငြိမ်းချမ်းတဲ့ ဒေသတွေမှာရော ဘာဖြစ်လို့ ဆက်လက်ပြီးတော့ထားဖို့ လိုအပ်သလဲ။ ဒါလေးတွေကိုလည်း ရှင်းစေချင် ပါတယ်”ဟု လွှတ်တော်တွင် ပြောသည်။
ပြည်သူ့စစ်များ အတွက် ဥပဒေ ရှိ မရှိနှင့် ပြည်သူ့စစ်များ၏ တရားဥပဒေမဲ့ လုပ်ရပ်များကို မည်သို့ အရေးယူ ဆောင် ရွက်မှုတွေ ရှိနေသည်၊ မည်သည့် တရားစီရင်ရေး အဖွဲ့က အရေးယူ ဆောင်ရွက်ပါသလဲဟုလည်း ၎င်းက ဆက်၍ မေးခွန်း ထုတ်သည်။
ယင်းမေးခွန်းကို ကာကွယ်ရေး ဒု ဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြည်သူ့စစ်အဖွဲ့များကို နိုင်ငံ၏ ကာကွယ်ရေး မူဝါဒအရ ဆက်လက် ဖွဲ့စည်းထားရှိခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်၏ ကာကွယ်ရေး မူဝါဒ မပြောင်းမချင်း ဆက်လက် ဆောင်ရွက် ရမည် ဖြစ်ကြောင်း၊ ပြည်သူ့စစ် မဟာဗျူဟာကို အကောင်အထည်ဖော်ရန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင်လည်း ပြဋ္ဌာန်း ထားကြောင်း လွှတ်တော်တွင် ပြန်လည် ဖြေကြားခဲ့သည်။
ပြည်သူ့စစ်ဌာနေ အဖွဲ့များ အတွက် တပ်မတော် ကြည်း၊ ရေ၊ လေ တပ်ရင်း တပ်ဖွဲ့များက ဖွဲ့စည်းရေး၊ လေ့ကျင့်ရေး၊ လက်နက် တပ်ဆင်ရေးနှင့် တာဝန်ခွဲဝေ သတ်မှတ်ပေးရေး အပိုင်းတို့ကို တာဝန်ယူ ဆောင်ရွက်ကြောင်း၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များက ၎င်းတို့ နယ်မြေတွင် ဖွဲ့စည်းထားသည့် ပြည်သူ့စစ် အဖွဲ့များအား ကြီးကြပ်ကွပ်ကဲပြီး တနိုင်ငံ လုံး အတိုင်းအတာဖြင့် ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်(BGF)များ ညွှန်ကြားရေးမှူးရုံးက ကြီးကြပ် ကွပ်ကဲနေ ကြောင်း သိရသည်။
ဗိုလ်ချုပ် မြင့်နွယ်က “ပြည်သူ့စစ် ဖွဲ့စည်းမှုသည် စစ်မက်အရေးအခင်းများ ပေါ်ပေါက်လာမှသာ အရေးပေါ် ဖွဲ့စည်းရတဲ့ အဖွဲ့အစည်းမျိုး မဟုတ်ဘဲ အမျိုးသား ကာကွယ်ရေးကို အစဉ်ထိန်းသိမ်းထားပြီး အချိန်မရွေး အသင့်ဖြစ်နေစေရန် ဖွဲ့ စည်းလေ့ကျင့်ထားရမယ့် အဖွဲ့အစည်းများ ဖြစ်ပါတယ်”ဟု ပြောသည်။
ပြည်သူ့စစ်ဆိုသည်မှာ နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူလူထု တရပ်လုံး၏ လုံခြုံရေးကို မိမိကိုယ်တိုင် ကာကွယ် ဆောင်ရွက်ရ မည်ဟု ပြည်သူလူထုတရပ်လုံးက သဘောပေါက်ပြီး နိုးကြားတက်ကြွစွာ အသိနှင့် ယှဉ်၍ ပါဝင်ဆောင် ရွက်မှုပင် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
သို့သော် လက်တွေ့တွင် ပြည်သူ့စစ် အဖွဲ့များသည့် ဥပဒေမဲ့ လုပ်ရပ်များ ဖြစ်သည့် မူးယစ်ဆေးဝါး ရောင်းဝယ် ထုတ် လုပ်ခြင်း၊ သစ်မှောင်ခို၊ နွားမှောင်ခို လုပ်ခြင်း၊ မြေကွက်များ ဖော်၍ ရောင်းစားခြင်း စသည့် လုပ်ရပ်များကို ဆောင်ရွက် ကြသဖြင့် ဝေဖန်ခံနေရသည့် အဖွဲ့အစည်းများ ဖြစ်သည်ဟု တိုင်းရင်းသားအရေး လေ့လာသူများက ပြောဆိုကြသည်။
တိုင်းရင်းသားအရေး လေ့လာသူ စိုင်းထွန်းအောင်လွင်က“ဓာတ်ပုံတွေထဲမှာတော့ စစ်တပ်က သွားထောက်ပံ့တာ မျိုးတွေ ပြတယ်။ ဒါပေမယ့် သူတို့ကို ပုံမှန်ရပ်တည်လို့ ရအောင် ပေးနိုင်တာမျိုး မရှိဘူး။ အဓိက ပြဿနာက အဲဒီ အပေါ်မှာ မူတည်တယ်လို့ ထင်တယ်။ တရားဝင် ကုန်ထုတ်လုပ်ငန်းတွေ လုပ်ဆိုတော့လည်း မကျွမ်းကျင်တော့ သူတို့ က မှောင်ခို ကုန်သွယ်ရေးကိုပဲ အားကိုးနေကြတယ်”ဟု ပြောသည်။
ပြည်သူ့စစ် အများစုသည် တိုင်းရင်းသား လက်နက်ကိုင်များနှင့် စစ်ဖြစ်သည့် နေရာများတွင် ရောက်ရှိနေသဖြင့် လုံခြုံ ရေး အရလည်း ရပ်တည်နိုင်ရန်လိုကြောင်း၊ ပြည်သူ့စစ်များတွင် ရပ်ရွာကာကွယ်ရေး ပြည်သူ့စစ်၊ တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့မှ အသွင်ပြောင်း ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ် စသည့် ပုံစံမျိုးစုံနှင့် ရပ်တည်နေကြကြောင်း ၎င်းက ပြောဆိုသည်။
တနိုင်ငံလုံးတွင် ပြည်သူ့စစ် အဖွဲ့ပေါင်း ၆၀၅၀ ရှိပြီး တဖွဲ့လျှင် အနည်းဆုံး အင်အား ၂၀ မှ ၆၀ ဖွဲ့စည်းရန် ခွင့်ပြုထား ကြောင်း၊ ပေါင်မြို့နယ် အတွင်း ရွာပေါင်း ၄၅ ရွာတွင် ပြည်သူ့စစ် တပ်ဖွဲ့ဝင်ပေါင်း ၁၁၂၆ ဦး၊ လက်နက်ကိုင် ခွင့်ပြုထား သည့် ကျေးရွာ ၂၈ ရွာ၊ လက်နက် အရေအတွက် ၂၄၆ လက်၊ ကျည်ဆန် ၇၅၁၃ တောင့် ခွင့်ပြုထားကြောင်း မိကွန်ချမ်း က ပြောပြသည်။
“ပြည်သူတွေနဲ့ အတူ အလွန်နီးကပ်စွာ နေထိုင်ရတဲ့ ပြည်သူ့စစ်အဖွဲ့ကို လက်နက်ရော အာဏာရော လုပ်ပိုင်ခွင့်ပါပေး ထားမယ်ဆိုရင် အချိန်အခါမရွေး လူမှုရေး ပဋိပက္ခတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ အာဏာ အလွဲသုံးစားမှုတွေလည်း ပြု လုပ်လာတာ တွေ့ရှိရပါတယ်”ဟု ၎င်းက ပြောဆိုသည်။
၂၀၁၉ ခုနှစ် ဧပြီလက ပေါင်မြို့နယ်ရှိ ထန်းပင်ချောင်ကြီးရွာတွင် ပြည်သူ့စစ်ခေါင်းဆောင်၏သား ပါဝင်သည့် အဖွဲ့နှင့် ကျေးရွာလူငယ် တစုတို့ ခိုက်ရန်ဖြစ်ပွားရာ ကျေးရွာနေ ပြည်သူများ၏ အိမ်ပေါ်အထိ တက်ရောက် ဖျက်ဆီးမှုများဖြင့် ထိန်းမရသည့် အခြေအနေမျိုး ဖြစ်ခဲ့ကြောင်း၊ နောက်ဆုံးတွင် ပြည်သူ့စစ်ခေါင်းဆောင်က သေနတ် ၄ ချက် ပစ်ဖောက် ခဲ့ကြောင်း ကိုယ်စားလှယ် မိကွန်ချမ်းက ပြောသည်။
“ပြည်သူ့စစ်မှာ အာဏာကို ကိုယ့်သွေးသား အတွက် သုံးစွဲခဲ့ပြီး ရပ်ကွက်နေပြည်သူတွေကို ခြိမ်းခြောက်တဲ့ စကား လည်း ပြောဆိုခဲ့ပါတယ်။ ပြည်သူတွေက တိုင်ကြားပြီး အမှုဖွင့်ပေမယ့် တိုင်ကြားသူကိုသာ ခရိုင်အဆင့်က ခေါ်ယူ စစ်ဆေးနေတာ အကြိမ်ကြိမ် ကြာပါသော်လည်း ယနေ့တိုင် အရေးယူ ဆောင်ရွက်သံ မကြားရသေးပါဘူး”ဟု ၎င်းက ပြောပြသည်။
တပ်မတော်မှ ဗိုလ်ချုပ် မြင့်နွယ်ကမူ ပြည်သူ့စစ် အဖွဲ့ဝင်များသည် အေးချမ်းသည့် အချိန်၌ နိုင်ငံတော် တည်ဆောက် ရေး လုပ်ငန်းများတွင် ကုန်ထုတ်လုပ်ရေး အင်အား၊ လူမှုရေးအင်အားများ ဖြစ်ပြီး မြို့နယ် ကျေးရွာများ၌ လုံခြုံရေး အတွက် ကာကွယ်စောင့်ရှောက်နေကြသူများ ဖြစ်ကြောင်း လွှတ်တော်တွင် ပြောသည်။
ပြည်တွင်း၊ ပြည်ပ စစ်နှင့် အရေးအခင်းများနှင့် ရင်ဆိုင်ရချိန်တွင် တပ်မတော်နှင့် လက်တွဲ၍ စစ်ရေး အင်အားအဖြစ် ရပ်တည်သွားရမည့် တိုက်ခိုက်ရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေး အင်အားများလည်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။
တပ်မတော်၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တိုင်းစစ်ဌာနချုပ် နယ်မြေများတွင် ရပ်ကွက် ကျေးရွာ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်း ခွင် စသည့် အချက် အခြာကျသည့် နေရာများတွင် စစ်ရေး လိုအပ်ချက်အရ ပြည်သူ့စစ်ဌာနေ အဖွဲ့များ ဖွဲ့စည်းထားရှိ ကြောင်းလည်း သိရသည်။
ယင်းအဖွဲ့များသည် နယ်မြေလုံခြုံရေး၊ ဆက်သွယ်ရေး လမ်းကြောင်းများ လုံခြုံရေး၊ အချက်အခြာကျသော နေရာများ၊ တံတား၊ လျှပ် စစ်တာဝါတိုင်နှင့် စက်ရုံ အလုပ်ရုံစသည့် လုပ်ငန်းခွင်၊ သတ္တုတွင်းနယ်မြေ၊ သစ်တောကြိုဝိုင်း နယ်မြေ စသည်များ၏ လုံခြုံရေးကို တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အရပ်ဘက် အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်နေသည်ဟု တပ်မတော်က ပြောသည်။
လက်ရှိ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်ပင်လျှင် ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် အခြေစိုက် “အထူးပြည်သူ့စစ် အဖွဲ့” ခေါင်းဆောင်ဟောင်းတဦး ဖြစ်ခဲ့ဖူးပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ရွေးကောက်ပွဲ ဝင်ပြိုင် အနိုင်ရပြီး နေပြည်တော်သို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်း သိရသည်။
You may also like these stories:
ငြိမ်းချမ်းရေး ဆွေးနွေးနေတာတွေက ရပ်နေတယ်ဆိုတဲ့ ခိုင်သုခနှင့် မေးမြန်းခြင်း
ကျောင်းသူတဦးကို အုပ်စုဖွဲ့ရိုက်နှက်ခဲ့သည့် အဖွဲ့မှ ဦးဆောင်သူကို ဖမ်းမိငြိမ်းချမ်းရေး ခရီး အနီးအဝေး
Bilateral ထိုးဖို့ ရည်မှန်းချက်၊ ရည်ရွယ်ခက်တွေ ရှိပါတယ်