ထားဝယ် အထူး စီးပွားရေးဇုန်၏ အစိတ်အပိုင်း ၁ ခုဖြစ်သော ထားဝယ်-ကန်ချနပူရီ နှစ်လမ်းသွား စီမံကိန်းကို အမြန်ဆုံး စတင်နိုင်ရန် လုပ်ဆောင်နေပြီး ကုမ္ပဏီများကို တင်ဒါ ခေါ်ယူရန် ရှိကြောင်း ထားဝယ် အထူး စီးပွားရေးဇုန် ကော်မတီ အတွင်းရေးမှူး ဦးတင်ထူးနိုင်က ပြောသည်။
ဦးတင်ထူးနိုင်က “ထိုင်းကနေ ချေးငွေယူမယ်။ ပြီးရင် လက်ရှိ ရှိပြီးသား မြေသားလမ်းကို အဆင့်မြှင့်တင်မယ်ဆိုပြီး ဆောင်ရွက်နေတယ်။ ချေးငွေယူမယ် ပြီးတာနဲ့ ကျနော်တို့ ဒါကို စတင်မယ်။ တင်ဒါခေါ်မယ်။ အမြန်ဆုံးဆောင်ရွက်မယ်။ စတင်ဖို့ အတွက် စီစဉ်နေပါတယ်” ဟု ပြောသည်။
အဆိုပါလမ်း ဖောက်လုပ်ရာတွင် ထိုင်းနိုင်ငံထံမှ ဘတ်ငွေ ၄ ဒသမ ၅ ဘီလျံ ချေးငွေ ရယူရန် ပြည်ထောင်စုအစိုးရအဖွဲ့က တရားဝင်ခွင့်ပြုထားပြီး အတိုးနှုန်း သုည ဒသမ ၁ ရာခိုင်နှုန်းဖြင့် ပထမ ၁ဝ နှစ်တွင် အတိုးမဲ့၊ ကျန်နှစ်၂ဝ တွင် အတိုးနှုန်း သုညဒသမ ၁ ရာခိုင်နှုန်းဖြင့် ချေးငွေသက်တမ်း နှစ် ၃ဝ ဖြင့် ရယူမည် ဖြစ်သည်။
ဦးတင်ထူးနိုင် က “ထိုင်းဖက်ခြမ်းက ခွင့်ပြုတာနဲ့ ချေးငွေ စာချုပ် ချုပ်မယ်။ ချေးငွေက သဘောတူပြီးသား။ လမ်းကို လုပ်တဲ့ နေရာမှာ ဘယ်လောက်သွားမလဲ။ အကျယ်နှုန်း ဘယ်လောက် ထားမလဲ။ ဒါဆိုရင် သူရဲ့ တွက်ခြေကိုက်မှုက ဘယ် လောက် ထားမလဲ။ ဒါမျိုးတွေ ကျနော်တို့က ပြန်ပြီးတော့ တွက်ချက်ပြီး လုပ်ရတယ်။ ဒီလို လုပ်တဲ့နေရာမှာလည်းပဲ ဘေးမှာ ရှိတဲ့ ရွာတွေ ပတ်ဝန်းကျင်တွေ မထိခိုက်အောင် လေ့လာဆန်းစစ်မှုတွေ ပြန်လုပ်ရတာ ဖြစ်တယ်”ဟု ရှင်းပြသည်။
လက်ရှိတွင် လမ်းပိုင်းနှင့် ပတ်သက်သည့် လေ့လာ ဆန်းစစ်ချက်များကို ၈ လကြာ အသေးစိတ် ပြန်လည် လုပ်ဆောင် ထားပြီး ဒေသတွင်း ရှိနေသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) အဖွဲ့အစည်းကိုယ်စားလှယ်များ၊ ဒေသခံများ၊ အရပ်ဖက် အဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီက ဆိုသည်။
တနင်္သာရီတိုင်းဒေသကြီး ကလစ်ကြီးကျေးရွာမှ ဒေသခံဦးရဲအောင်က ”နိုင်ငံတကာ ကူးသန်းရောင်းဝယ်ရေး လမ်းကြီးဖောက်မှာ ဖြစ်တဲ့အတွက် ဦးတို့ ဒေသခံတွေအတွက် အများကြီး အကျိုးရှိနိုင်ပါတယ်။ ဒေသလည်း ဖွံ့ဖြိုးလာမယ်။ ဒါပေမယ့် တခုပဲ နိုင်ငံတကာစံချိန် စံညွှန်းတွေနဲ့ အညီ ဖောက်ဖို့တော့ လိုပါတယ်” ဟု ပြောသည်။
ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း တခုလုံးကိုမူ မြန်မာ-ထိုင်း-ဂျပန် ၃ နိုင်ငံလုံး ပူးပေါင်းဆောင်ရွက်ရန် ဆုံးဖြတ်ထားပြီး ကနဦး စီမံကိန်းကို အီတာလျှံ-ထိုင်း ကုမ္ပဏီနှင့် စာချုပ် ချုပ်ဆိုခဲ့ရာ စီမံကိန်း လုပ်ငန်း ၉ ခုနှင့် ဇုန် အကျယ်အဝန်း ဧက ၄၈,၀၀၀ (၁၉၆ စတုရန်းကီလိုမီတာ) မှ ဧက ၆,၆၀၀ ကျော် (၂၇ စတုရန်း ကီလိုမီတာ) ကို ၂၀၀၈ ခုနှစ်မှ စတင်ကာ လုပ်ကိုင်ခွင့် ရရှိထားခြင်း ဖြစ်သည်။
သို့သော် ဘဏ္ဍာရေး အခက်အခဲကြောင့် စီမံကိန်းကို ၂၀၁၃ ခုနှစ် နောက်ပိုင်းတွင် ခေတ ္တရပ်နား ထားခဲ့ပြီး ၂၀၁၅ ခုနှစ်၊ ဇူလိုင်လတွင် ၃ နိုင်ငံ အစိုးရ အချင်းချင်း ဆွေးနွေးခဲ့ရာ ဂျပန်အစိုးရက စီးပွားရေးဇုန် အပါအဝင် ထားဝယ်ဒေသ ဖွံ့ဖြိုးရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော် ထုတ်ချေးရန် သဘောတူခဲ့သည်။
၂၀၁၈ ခုနှစ်တွင် စီမံကိန်း ပြန်လည် စတင်မည်ဟု လျာထားခဲ့သော်လည်း ယခုနှစ်အတွင်းမှ မြေသား ဆန်းစစ်ခြင်းများ ပြုလုပ်၍ စီမံကိန်း ကို ပြန်လည် စတင်ရန် စီစဉ်လျက် ရှိသည်။
ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းသည် အစိုးရနှင့် ဒေသခံများအတွက် ရေရှည်တွင် အကျိုးရှိသော စီမံကိန်း တခု ဖြစ်သောကြောင့်လည်း ယင်း အထူးစီးပွားရေးဇုန်ကော်မတီကို အမြန်ဆုံးလုပ်ဆောင်ရန် လမ်းညွှန်ထားကြောင်း သိရသည်။
ယင်းအထူးစီးပွားရေးဇုန်ကို စက်မှုဇုန် အရွယ်အစားနှင့် မည်သည့် စီးပွားရေးလုပ်ငန်းများဖြင့် အကောင်အထည်ဖော်မည်ကို မဆုံးဖြတ်ရသေးကြောင်း စီမံကိန်းကိုလည်း ယခု အစိုးရ လက်ထက်အတွင်း စတင်နိုင်ရန် စီစဉ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားထားသည်။
ယင်းစီးပွားရေးဇုန်ကို အပိုင်း ၃ ပိုင်း ခွဲခြားထားပြီး လမ်းပိုင်းကို ထိုင်းနိုင်ငံ ချေးငွေဖြင့် လည်းကောင်း၊ လျှပ်စစ်ပိုင်းကို မိမိတို့ ကိုယ်ပိုင်ငွေဖြင့် လည်းကောင်း၊ ဆိပ်ကမ်း တည်ဆောက်ရေးကို ဂျပန်ချေးငွေဖြင့် လည်းကောင်း လုပ်ဆောင်ရန် ရှိကြောင်း သိရသည်။