ရက္ခိုင်စစ်တပ် (AA) က ဝိုင်ဖိုင် နည်းပညာ ပါဝင်သည့် ရီမုများ အသုံးပြု၍ တပ်မတော် စစ်ကြောင်းများကို မိုင်းခွဲ တိုက်ခိုက် ခြင်းများ ရှိခဲ့သဖြင့် လုံခြုံရေးအရ ပိုဂရုစိုက်ရမည် ဖြစ်ကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
အိန္ဒိယ ထောက်လှမ်းရေး သတင်းများအရ AA အဖွဲ့ သည် Bluetooth နှင့် ဝိုင်ဖိုင် နည်းပညာများကို အသုံးပြုပြီး မြန်မာ တပ်မ တော်ကို မြေမြုပ်မိုင်းနှင့် တိုက်ခိုက်နိုင်သည် ဆိုသော သတင်းများကို အိန္ဒိယ သတင်းစာများတွင် ဖော်ပြချက် အပေါ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ဝိုင်ဖိုင်နဲ့ ဖောက်ခွဲမယ်ဆိုတာက နည်းပညာကတော့ အသစ်အဆန်း မဟုတ်ပါဘူး။ ရခိုင်ပြည်နယ်မှာ သူက ကားလမ်းပေါ်မှာလည်း မြေမြုပ်မိုင်း ထောင်တာလည်း ရှိတယ်။ တပ်မတော် စစ်ကြောင်းတွေကို ရီမုမိုင်းထောင်ပြီးတော့ ဖောက်ခွဲ ဖျက်ဆီးတာ ရှိတယ်။ ရီမုမိုင်းသည် သူက အဝေးထိန်း စနစ်ပေါ့။ ဝါယာလက် စနစ်ပါပဲ” ဟု ပြောသည်။
ထောက်လှမ်းရေးသတင်းနှင့် ပတ်သက်၍ ပြည်ထဲရေး ဝန်ကြီးဌာနနှင့် တပ်မတော်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ အကြမ်းဖက်မှု ပူးပေါင်း နှိမ်နင်းရေးနှင့် ပတ်သက်ပြီး နိုင်ငံတကာ အဖွဲ့ အစည်းများ၊ တပ်မတော်များ၊ နိုင်ငံတကာ ရဲတပ်ဖွဲ့ များနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း တပ်မတော် တာဝန်ရှိသူများထံမှ သိရသည်။
ယခုအခါ AA အဖွဲ့သည် အကြမ်းဖက် အဖွဲ့ အစည်းများ၊ အကြမ်းဖက် လုပ်ငန်း လုပ်ဆောင်နေသူများနှင့် အဆက်အစပ် ရှိနိုင် ကြောင်း တပ်မတော်က သုံးသပ်ထားပြီး မြို့ ရွာများသို့ပါ ဖောက်ခွဲဖျက်ဆီးမှုများ လုပ်လာနိုင်သဖြင့် လုံခြုံရေးအရ အရေးကြီးသည့် မြို့များကို ပိုဂရုစိုက်ရမည်ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “ကျနော်တို့မှာလည်း တန်ပြန်ဆောင်ရွက်နိုင်တဲ့ နည်းပညာ ရှိပါတယ်။ ဒါပေမယ့် နည်းပညာတွေ ကတော့ ဘယ်လိုပဲ ပြောပြော ၁၀၀ ရာခိုင်နှုန်း လုံခြုံရေး အာမခံချက်ဆိုတာ မရှိဘူး။ အကြမ်းဖက်သမားတွေကလည်း ဒီလို နည်းပညာနဲ့ ကာကွယ် ထားတာတွေ ကိုပဲ လေ့လာပြီးမှ နည်းပညာအရ အားနည်းတဲ့ နေရာတွေ၊ ကာကွယ်စောင့်ရှောက်မှု အားနည်းတဲ့နေရာတွေကို တိုက်ခိုက်တာပဲ” ဟု ပြောသည်။
၎င်းက ဆက်၍ “ဒါနဲ့ပတ်သက်ပြီး ဂရုစိုက်ရမှာက ဒီပစ္စည်းတွေက သာမန်ဖုန်းနဲ့ ဖောက်ခွဲတာတို့၊ စကားပြောစက်တွေနဲ့ ဖောက်ခွဲ တာတို့က ဝိုင်ဖိုင်ရှိရင် ပစ္စည်းသေးသေးလေးနဲ့လည်း လုပ်နိုင်တာပေါ့။ ဒါကြောင့် လုံခြုံရေးကိုတော့ ပိုဂရုစိုက်ဖို့ လိုမယ်”ဟု ပြော သည်။
အိန္ဒိယ သတင်းစာများတွင် ဖော်ပြနေသည့် နည်းပညာမြင့် တိုက်ခိုက်မှုများ ဆိုသည့် သတင်းများနှင့် AA သည့် အကြမ်းဖက် အဖွဲ့ နှင့် ပူးပေါင်းနေသည် ဆိုသော ပြောဆိုချက်များမှာ အခြေအမြစ် မရှိသည့် စွပ်စွဲချက်များသာ ဖြစ်ကြောင်း၊ နည်းပညာသုံး တိုက်ခိုက် ခြင်းကို အကြမ်းဖက်သမားဟု စွပ်စွဲ၍ မရကြောင်း AA ၏ ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ပြောသည်။
ခိုင်သုခ က “ကျနော်တို့က မြေမြုပ်မိုင်းတွေ သုံးရင်လည်း အများပြည်သူ ထိခိုက်မယ့် နေရာတွေမှာ မသုံးဘူး။ တပ်ကို မိုင်းခွဲတိုက်ခိုက်ရင် လည်း ကျနော်တို့ နည်းပညာနဲ့ စနစ်တကျ ထိန်းချုပ်ပြီးမှ တိုက်ခိုက်တာ ဖြစ်တယ်။ မြေမြုပ်မိုင်းကို မထိန်းချုပ်နိုင်တာ စစ်တပ် ဘက်ကပဲ”ဟု ပြောသည်။
လုံခြုံရေး ဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာ မင်းဇော်ဦးကမူ အဝေးထိန်းခလုတ်ဖြင့် မိုင်းခွဲသည့် ကိစ္စသည် အထူးအဆန်း ကိစ္စရပ် တခု မဟုတ်ဘဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တချို့ ဆိုလျှင် သုံးနေသည်မှာ ကြာပြီ ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
ဒေါက်တာ မင်းဇော်ဦး က “သုံးတဲ့အခါမှာ ဖောက်ခွဲရေး ပစ္စည်းတွေကို အစွမ်းထက်အောင် ဘယ်လောက် တပ်ဆင်နိုင်သလဲ ဆိုတာက ပိုအရေးကြီးတယ်။ ကွဲသွားတဲ့အခါမှာ ထွက်လာတဲ့ အရှိန်၊ ဘယ်လိုတွေ ထောင်တတ်လဲ၊ ပြင်ဆင်တတ်သလဲ ဆိုတာက ပိုအရေးကြီးပါတယ်”ဟု ရှင်းပြသည်။
ရခိုင်ဒေသနှင့် ဆက်စပ်မှု ရှိသည့် မြန်မာ-ဘင်္ဂလေးဒေ့ရှ် နယ်စပ်တွင် မြေမြုပ်မိုင်းများ တွေ့ရှိသည့် ဖြစ်စဉ်မျိုးရှိခဲ့ဖူးသည်။ နိုင်ငံတ ကာ ဥပဒေများအရ မြေမြုပ်မိုင်း အသုံးပြုခြင်းကို တားမြစ်ထားသည်။
ရခိုင်ပြည်နယ်အတွင်း AA နှင့် တပ်မတော်တို့သည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်မှ စတင်ကာ ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး စသည့် မြို့နယ်များတွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး ၂ ဖက်စလုံးတွင်လည်း အကျအဆုံးများ ရှိသည်။
AA ပါဝင်သော မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင် ၄ ဖွဲ့ နှင့် အစိုးရ၊ တပ်မတော်တို့ကြား တွေ့ဆုံနိုင်ရေးမှာ တရုတ်နိုင်ငံ၏ ကြားဝင် ညှိနှိုင်းမှုဖြင့် ကျိုင်းတုံမြို့တွင် သြဂုတ်လ ၃၁ ရက်နေ့က တွေ့ ဆုံခဲ့ပြီး သဘောတူညီမှုများ မရရှိခဲ့သော်လည်း ယခုလ ၁၇ ရက်နေ့တွင် ၂ ဖက် ထပ်မံ တွေ့ ဆုံရန် ရှိနေသည်။
တပ်မတော်က AA ကို သောင်းကျန်းသူ အဖွဲ့ အဖြစ်သာ သတ်မှတ်ကြောင်း ထုတ်ဖော် ပြောဆိုထားပြီး AA ကို ရခိုင်ပြည်နယ် အခြေစိုက်ခွင့်ပြုမည် မဟုတ်ကြောင်းလည်း ပြောဆိုထားသည်။
AA ကမူ ၎င်းတို့ကို ရခိုင်ပြည်သူလူထုက ရာခိုင်နှုန်း အပြည့် ထောက်ခံထားပြီး ဖြစ်၍ ရခိုင်ပြည်နယ်တွင် အခြေစိုက်ခွင့် ရရှိရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း၊ ရခိုင်လူထု နာသည့် စစ်ပွဲများ ရပ်ပြီး နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးသည့် နည်းလမ်းဖြင့် ကြိုးစား မည်ဟု ထုတ်ဖော် ပြောဆိုထားသည်။