စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ် အတွင်းရှိ သဖန်းဆိပ် ရေလှောင်တမံ ရေဝင်မှု နည်းပါခြင်းကြောင့် စိုက်ပျိုးရေရယူနေသော တောင်သူများ ရေမပေးနိုင်မည်ကို စိုးရိမ်မှုများ ဖြစ်ပေါ်နေလျက်ရှိကြောင်း ဒေသခံများထံမှ သိရ သည်။
အဆိုပါ သဖန်းဆိပ်မှ ကန့်ဘလူ၊ ခင်ဦး၊ ရွှေဘို၊ ဝက်လက်၊ တန့်ဆည်၊ ဒီပဲယင်း၊ ဘုတလင်၊ အရာတော်၊ ရေဦး၊ စစ်ကိုင်း စသည့် ၁၀ မြို့နယ်ရှိ စိုက်ဧကများကို စိုက်ပျိုးရေ ပေးဝေလျက် ရှိကြောင်း သိရပြီး သဖန်းဆိပ်ဆည်၏ ရေပေးဝေနိုင်မှု သည် မိုးစပါး စိုက်ဧက ၅ သိန်းနှင့် နွေစပါး စိုက်ဧက ၃ သိန်းကျော်ကို ရေပေးခြင်း အပြင် ၁၀ မဂ္ဂါဝပ် ၃ လုံးဖြင့် ၃၀ မဂ္ဂါဝပ်ရှိ လျှပ်စစ်ထုတ်လုပ်မှုကိုလည်း ပြုလုပ်ပေးလျက် ရှိကြောင်း သိရသည်။
အရာတော်မြို့နယ် ရွှေတွင်းကုန်း ကျေးရွာမှ တောင်သူ ကိုအောင်သိုက်က “ကျနော်တို့က ဒီဆည်ကြီးကို မှီခိုပြီးတော့ လုပ် ကိုင်စားသောက်နေကြရတာပါ။ လက်ရှိ အချိန်မှာတော့ မိုးစပါးက စိုက်ပျိုး ပြီးသွားပါပြီ။ အခုတော့ ဆည်က ရေနည်းနေလို့ ဆိုပြီး ရေကို ၆ ရက် တပတ်ပေးနေတော့ နည်းနည်း အခက်တွေ့တာပေါ့ဗျာ။ နောက်ပြီး သဖန်းဆိပ်က ရေနည်းနေတယ် ဆိုတော့ မိုးစပါးအတွက် နောက်ကျန်တဲ့ အောင်ရေကို လုံလောက်စွာ မပေးနိုင်မှာ စိုးရိမ်မိတာတော့ အမှန်ပဲ” ဟု ပြော သည်။
ဆည်မြောင်းနှင့် ရေ အသုံးချမှု စီမံခန့်ခွဲရေး ဦးစီးမှ သဖန်းဆိပ်ဆည် တမံထိန်းသိမ်းရေးနှင့် ရေပေးဝေရေး တာဝန်ခံ ဒု ဦး စီးမှူး ဦးတင်မိုးဝင်းက “ဆည်မှာရှိတဲ့ ရေပမာဏကို ချိန်ပြီးတော့ အလှည့်ကျစနစ်နဲ့ ရေပေးဝေနေရတာပေါ့။ လက်ရှိ အချိန် မှာ တမံကနေပြီးတော့ ရေသောက်မြောင်းတွေကို ၆ ရက် တပတ် အလှည့်ကျစနစ်နဲ့ ရေပေးဝေနေရပါတယ်။ နောက်ပြီး တော့ လက်ရှိ စိုက်ပျိုးထားတဲ့ မိုးစပါးတွေကို အောင်ရေပေးနိုင်အောင် အထိလည်း ရေလက်ကျန်က ရှိနေပါသေးတယ်” ဟု ပြောသည်။
အဆိုပါကဲ့သို့ စိုက်ပျိုးဆည်ရေအား အလှည့်ကျ ပေးဝေနေမှုကြောင့် အမြင့်ပိုင်း စိုက်ပျိုးမြေများ အနေဖြင့် စိုက်ပျိုးရေရရှိရန် အတွက် ရေစုပ်စက်များဖြင့် မောင်းတင်နေရကြောင်း သိရသည်။
ရွှေဘိုမြို့နယ် ပိတ္တောကျေးရွာမှ တောင်သူ ဦးကျော်တင့်ကလည်း “မိုးလေဝသ ခေါင်းပါးတဲ့နှစ်ဆိုတော့ သဖန်းဆိပ်က ရေ နည်းဆိုတာ ကြိုသိရပါတယ်။ အဲဒီအတွက် စိုက်သီးနှံတွေကို သက်တမ်းနုတာကိုပဲ ရွေးစိုက်ထားတာပါ။ အဓိက ဈေးကွက် ရှိတဲ့ စိုက် သက်တမ်းတိုတဲ့ မျိုးကို ရွေးရတာပေါ့” ဟု ပြောသည်။
သဖန်းဆိပ် ရေလှောင်တမံသည် မြေသားတမံ အမျိုးအစားဖြစ်ပြီး အလျား ၂၂၅၀၇ ပေ၊ တမံအမြင့် ၁၀၈ ပေ၊ ကန်ရေ ပြည့်ရေပြင်ကျယ် ဧရိယာ ၁၀၆၂၀၀ ဧက ရှိပြီး ယခုနှစ်အတွင်း၌ မိုးရွာသွန်းမှု နည်းပါးခဲ့ခြင်းကြောင့် ရေလှောင်တမံ၏ ရေမှတ်နည်းပါးလာခြင်း ဟု သိရသည်။
ရေဦးမြို့နယ်မှ တောင်သူ ဦးစိုးမင်း က “အထက်ပိုင်းမှာ မိုးမရွာတဲ့အခါ သဖန်းဆိပ်မှာ ရေမရောက်နိုင်ဘူးဆိုတာ ခန့်မှန်း ထားပြီးသားပါ။ အခု ဆည်ရေက လုံလုံလောက်လောက် မပေးနိုင်တော့ဘူး ဖြစ်နေပြီ။ ရတဲ့ရေနဲ့ပဲ မိုးစပါးကို စိုက်ပြီးသွား ပါပြီ။ ပြောရမယ်ဆိုရင် ဒီနှစ်က စိုက်လို့သာ စိုက်ပျိုးနေရတာ နောက်မိုး နောက်ရေမှ သိမ်းပါ့မလား ဆိုတဲ့ စိုးရိမ်စိတ်က တော့ ဖြစ်နေတာပေါ့။ အဲဒီလိုသာ ဖြစ်မယ်ဆိုရင် အားလုံး ဆုံးရှုံးရမှာပေါ့ဗျာ” ဟု ပြောသည်။
ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှ တောင်သူ ဦးလှတင့်ကလည်း “ကျနော်ရဲ့လယ်တွေက ဆည်ရေသောက် လယ်တွေဖြစ်တဲ့ အတွက် မိုးကြီးစပါးတော့ အောင်မယ်လို့ မျှော်လင့်ရတာပါပဲ။ ဒါပေမယ့် ဒီနှစ် နောက်မိုးနောက်ရေ မရှိခဲ့ဘူးဆိုရင်တော့ လာမယ့်နှစ် နွေစပါး အတွက်ကတော့ အခက်အခဲ အများကြီး ဖြစ်လာနိုင်ပါတယ်။ လက်ရှိ ဆည်ရေ အခြေအနေဆိုရင် တော့ လာမည့် နွေစပါး စိုက်ပျိုးနိုင်မယ်လို့ မထင်ဘူး” ဟု ပြောသည်။
သဖန်းဆိပ် ရေလှောင်တမံ အတွင်း ရေဝင်ရောက်မှုမှာ ပင်လယ်ဘူးမြို့နယ်၌ မြစ်ဖျားခံစီးဆင်းသည့် မူးမြစ်မှ အဓိက ဝင် ရောက်ပြီး မူးမြစ်ဖြတ်သန်းစီးဆင်းရာ ပင်လယ်ဘူး၊ ဗန်းမောက်၊ ကောလင်း၊ ဝန်းသိုမြို့နယ်များတွင် မိုးရွာသွန်းမှု အလွန် နည်းပါးခြင်းကြောင့် မူးမြစ်မှ သဖန်းဆိပ်ဆည်အတွင်း ရေဝင်ရောက်မှု အလွန် နည်းပါးကြောင်း သိရသည်။
ယခုအခါ သဖန်းဆိပ်ဆည်ရေ အခြေအနေသည် ရေမှတ် ၅၁၁ ဒသမ ၃၃ ပေ၊ သိုလှောင်မှု ၆၂၈၀၀ ကျော် ကျန်ရှိနေရာ စိုက်ပျိုးရေအတွက် ရေကို မြောင်း အလိုက် အလှည့်ကျ ပေးဝေနေလျက် ရှိကြောင်း သိရသည်။
ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှ တောင်သူ ဦးလှတင့်က “ရေက အလှည့်ကျပေးနေတော့ နည်းနည်းလေးမြင့်တဲ့ နေရာတွေ ကို ရေရဖို့ စက်တွေနဲ့ မောင်းတင်နေရတာ အများစု ဖြစ်နေပါတယ်။ အမြင့်ပိုင်း တောင်သူတွေကတော့ စက်နဲ့ ရေမောင်း တင်နေရတော့ အခက်အခဲက တော်တော် များနေပါတယ်။ ဆည်ရေကို စက်နဲ့ မောင်းတင်တာက အဝီစိရေ မောင်းတင် တာ ထက်စာရင် အများကြီး သက်သာတယ်လို့ တွေးပြီး လုပ်ကိုင်နေကြရတာပဲလေ။ ကုန်ကျစရိတ်က အရင် ဆည်ရေ ပေါပေါများများ ရတဲ့အချိန်က ထက်စာရင် ရေတင်စရိတ်က ၁ ဧကကို ၃ သောင်းခွဲလောက် ပိုကုန်နေရတာပေါ့” ဟု ပြော သည်။
ယခုကဲ့သို့ သဖန်းဆိပ်ဆည် အတွင်း ရေဝင်ရောက်မှု နည်းပါခြင်းသည် မိုးနှောင်းကာလ အထိ ဖြစ်ပေါ်ခဲ့ပါက ဆည်ရေ သောက် တောင်သူများ အနေဖြင့် လာမည့် နွေသီးနှံစိုက်ပျိုးချိန်တွင် နွေစပါးအစား အခြားသီးနှံများသာ စိုက်ပျိုးရန် ကြို တင် လုပ်ဆောင်မှုများ ပြုလုပ်ထားကြကြောင်း သိရသည်။
သဖန်းဆိပ်ရေလှောင်တမံ ရေမှတ်နည်းပါးခြင်းကြောင့် စိုက်ပျိုးရေရယူနေကြသည့် တောင်သူများအနေဖြင့် ရေကို အလေ အလွင့် မဖြစ်စေဘဲ စည်းကမ်းရှိစွာ အသုံးပြုကြရန်အတွက်လည်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးမှ နှိုး ဆော်ထားကြောင်း သိရသည်။
သဖန်းဆိပ်ဆည် တမံထိန်းသိမ်းရေးနှင့် ရေပေးဝေရေး တာဝန်ခံ ဦးတင်မိုးဝင်းက “ဆည်ရေနည်းတဲ့ အခြေအနေ အပေါ် တောင်သူတွေ သိရှိနိုင်ဖို့အတွက် လက်ထောက် ညွှန်ကြားရေးမှူး ရုံးကနေပြီးတော့ ဆည်ရေသောက်မြို့နယ် အလိုက် လက်ကမ်းစာတွေ ဖြန့်ဝေပေးထားတယ်။ ရေကို ခြွေတာပြီး အလေအလွင့် မဖြစ်အောင် စနစ်တကျသုံးစွဲကြဖို့ကို ကြိုတင် အသိပေးထားပါတယ်။ ဒီနှစ်က ရေက တော်တော်လေးနည်းတဲ့ နှစ်ဖြစ်တော့ တောင်သူတွေအနေနဲ့ ရေကို မျှမျှတတလေး ညီညီညွတ်ညွတ် သုံးစွဲပေးကြပါလို့ ပြောချင်ပါတယ်” ဟု ဆက်လက် ပြောသည်။
ယင်းကဲ့သို့ သဖန်းဆိပ် ရေလှောင်တမံ အတွင်း ရေဝင်ရောက်မှု နည်းပါခြင်းမှာ ၂၀၀၄ ခုနှစ်ကလည်း တကြိမ် ကြုံတွေ့ခဲ့ရ ပြီး ယခုအကြိမ်သည် ဒုတိယ အကြိမ်မြောက်ဟု သိရသည်။
“အခုလို မျိုးဆည်ထဲကို ရေဝင်ရောက်မှု နည်းတာ ၂၀၀၄ ခုနှစ်မှာ တကြိမ် ကြုံခဲ့ဖူးတယ်။ ရေမှတ် ၅၉၈ ဒသမ ၆၅ အထိ ရောက်သွားဖူးပါတယ်။ သိုလှောင် ဧကပေ ၂ သိန်း ၃ သောင်းကျော် အထိ အနည်းဆုံး ကျန်ဖူးပါတယ်။ အဲဒီတုန်းက အခု လောက် ရက်မရှည်တဲ့အတွက် ဒီနှစ်လောက် မဖြစ်ဘူးပေါ့နော်။ နောက်မိုးက ပြန်ကောင်းလာတော့ အားလုံး အဆင်ပြေ သွားခဲ့ပါတယ်။ အခုက ဒုတိယအကြိမ်မြောက်ပါ” ဟု ဦးတင်မိုးဝင်းက ဆက်လက် ပြောသည်။
သဖန်းဆိပ် ရေလှောင်တမံကို ၁၉၉၆ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် ပြီးစီးခဲ့ကာ အဆိုပါ ဆည်တည် ဆောက်ရန် အတွက် ကျွန်းလှမြို့ဟောင်း အပါအဝင် ကျေးရွာပေါင်း ၇၃ ရွာ ပြောင်းရွှေ့ပေးခဲ့ရကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် လက်ရှိအချိန်ထိ ဒေသ လိုအပ်ချက်များ အရ ဟုဆိုကာ ရေလှောင်တမံပေါင်း ၂၃၅ ခု၊ ရေလွှဲဆည် ၁၀၇ ခု၊ ကန် ၇၁ ခု၊ ရေတံခါး ၁၆၈ ခုတို့ကို တည်ဆောက်ပေးထားပြီး ဖြစ်သလို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဆည်/ကန် စုစု ပေါင်း ၁၅၇ ခုအား ပြုပြင်တည်ဆောက်သွားရန် လျာထားသည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒု ဝန်ကြီး ဦးလှကျော်က လွှတ်တော် အတွင်း ဖြေကြားထားမှုများ အရ သိရသည်။