တရားမဝင် မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းဝယ်မှုအတွက် သံသယရှိသောကြောင့် ရှမ်းပြည်တောင်ပိုင်း နမ့်စန် မြို့နယ်မှ ပြည်သူ့စစ် ခေါင်းဆောင်တဦးကို တပ်မတော်က လွန်ခဲ့သောတပတ်က ဖမ်းဆီးလိုက်သည်ဟု ဒေသခံ သတင်းရင်းမြစ်များ၏ အဆိုအရ သိရသည်။
စိုင်းတကို လွန်ခဲ့သောတပတ်က ဖမ်းဆီးခဲ့ပြီး ထိုအချိန်က စတင်ကာ စစ်ဆေး မေးမြန်းနေသည်။
“ကျနော်တို့ သူ့ကို တရားမစွဲရသေးဘူး။ ဒါပေမယ့် သူ့ကို မူးယစ်ဆေး ရောင်းဝယ်မှုနဲ့ ပတ်သက်ပြီး စစ်ဆေးနေတယ်” ဟု တပ်မတော် ပြောခွင့်ရသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဧရာဝတီ သတင်းဌာနသို့ ကြာသပတေးနေ့တွင် ပြောသည်။
အခြားပြည်သူ့စစ်အဖွဲ့ဝင် နှစ်ဦးကိုပါ တပ်မတော်က ဖမ်းဆီးရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ဘဲ ထိုသူများ လွတ်မြောက် ပုန်းအောင်းနေကြောင်းလည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ရှမ်းသံတော်ဆင့် သတင်းဌာန၏ အဆိုအရ ပြည်သူ့စစ် အငယ်တန်း ခေါင်းဆောင်နှင့် ဗိုလ်ကြီးဖြစ်သူ စိုင်းညွတ် သည်လည်း တပ်မတော်က သံသယဖြင့် ရှာဖွေနေသူများတွင် ပါဝင်ပြီး သူသည် လက်နက်ကိုင်အင်အား ၆၀ ဖြင့် ထွက်ပြေးသွားသည်ဟု သိရသည်။
“သူ့(စိုင်းတ)ကို လုပ်ထုံးလုပ်နည်းနဲ့ အညီ ရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးမယ်။ လောလောဆယ်တော့ ကျနော်တို့ သူ့ကို စစ်ဆေးနေတယ်” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
လွန်ခဲ့သောလက ထိုင်းနယ်စပ် တာချီလိတ်မြို့နယ်တွင် မူးယစ်ဆေးဝါး အများအပြား ဖမ်းမိခဲ့သည်။ သို့သော် ထိုမူးယစ်ဆေးများနှင့် စိုင်းတ ပတ်သက်သည်ဟု တပ်မတော်က သံသယရှိသည်။
ရှမ်းပြည်နယ်တွင် မူးယစ်ဆေးဝါး အများအပြား ဖမ်းမိကြောင်းနှင့် တချို့တွင် ပြည်သူ့စစ်များ ပါဝင် ပတ်သက်နေကြောင်း တပ်မတော် ပြောခွင့်ရသူက ပြောသည်။
“ဒီကိစ္စကို ကျနော်တို့ အရင်က သတင်းစာ ရှင်းလင်းပွဲမှာလည်း ပြောပြီးပြီ။ တချို့ မူးယစ်ဆေး ရောင်းဝယ် မှုတွေမှာ ပြည်သူ့စစ်တွေ ပါဝင်နေတာ တွေ့ရလို့ သူတို့ကို အရေးယူမယ်လို့ ကျနော်တို့ ပြောခဲ့တယ်” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ရှမ်းတိုင်းရင်းသား ဖြစ်သော စိုင်းတသည် ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) အဖွဲ့ဝင်ဟောင်း ဖြစ်ပြီး လက်ရှိတွင်မူ နမ့်စံ မြို့နယ်မှ ပြည်သူစစ်တပ်ဖွဲ့ ၇၅၈ ၏ ခေါင်းဆောင်ဖြစ်သည်။ သူ့ကို ခိုလမ် မြို့နယ်ရှိ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ဖမ်းဆီးထားသည်။
စိုင်းတ၏ ပြည်သူ့စစ်များ လုပ်ကိုင်နေသည့် နမ့်စံ မြို့နယ် နားဟူဖရာထန် ကျေးရွာတွင် ကျပ်သန်းပေါင်း များစွာ တန်သည့် တရားမဝင် မူးယစ်ဆေးစက်ရုံကို တပ်မတော်က ယခင်ကပင် တွေ့ရှိခဲ့သည်။
လွယ်လင် ခရိုင်တွင်လည်း မူးယစ်ဆေးများ ထပ်မံဖမ်းမိပြီး ၎င်းတို့သည် ပြည်သူ့စစ်များနှင့် ပတ်သက်နေသည် ဟု တပ်မတော်က ယုံကြည်ကြောင်း ရှမ်းသံတော်ဆင့် သတင်းဌာနက ဖော်ပြသည်။
( Lawi Weng ၏ Myanmar Military Detains Militia Leader in Shan State ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
ပြည်သူ့စစ်များ အရေး လွှတ်တော်တွင် ဆွေးနွေး
မူးယစ်ဆေးများ တပ်မတော်မှ ဖမ်းဆီးမိပြန်
မူဆယ်မြို့က မူးယစ်ဆေးသားကောင်များ
ရှမ်းပြည်နယ်၌ ၁၀ ရက်အတွင်း မူးယစ်ဆေး ကျပ် ၄၁ ဘီလီယံကျော်ဖိုး ဖမ်းမိ