ရက္ခိုင့်တပ်မတော် (AA) သည် မြန်မာ့တပ်မတော်ကို မိုင်းခွဲတိုက်ခိုက်ရာတွင် ဘလူးတုနှင့် ဝိုင်ဖိုင် နည်းပညာကို သုံးကြောင်း ထောက်လှမ်းရေးဌာနများ၏ အစီရင်ခံစာများက ဆိုကြောင်း အိန္ဒိယသတင်းဌာန Zee က ရေးသားခဲ့သည်။
AA သည် အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် လောင်တာလာ ခရိုင်တဖက်တွင် စခန်းအများအပြား ထူထောင်ထားပြီး ကုလားတန် စီမံကိန်းကို ခြိမ်းခြောက်နေကြောင်း ယင်းသတင်းဌာနက ဆိုသည်။ ထိုစီမံကိန်းသည် ဘက်စုံ သယ်ယူပို့ဆောင်ရေး စီမံကိန်းဖြစ်ပြီး အိန္ဒိယအတွက် အရှေ့တောင်အာရှသို့ ထွက်ပေါက်ဖြစ်သည်။
ရက္ခိုင့်တပ်မတော်သည် မီဇိုရမ်ပြည်နယ်တွင်လည်း အခြေချထားကြောင်း သတင်းက ရေးသည်။ ထို့ကြောင့်ပင် အိန္ဒိယ လုံခြုံရေး အေဂျင်စီများသည် ထိုနည်းပညာများကို မိုင်းခွဲရန် သုံးခြင်းကို အတည်ပြုနိုင်ရန် ကြိုးစားနေကြခြင်းပင် ဖြစ်ကြောင်း ဆိုသည်။
“မြေမြှုပ်မိုင်းခွဲဖို့ ဘလူးတု နည်းပညာကို ဘယ်လိုသုံးတယ် ဆိုတာကို ဖော်ထုတ်ဖို့ အာသံ သေနတ်ကိုင် တပ်ရင်းကို ကျနော်တို့ မေတ္တာရပ်ခံထားတယ်” ဟု အိန္ဒိယ လုံခြုံရေး အသိုင်းအဝန်းမှ အရာရှိတဦးက Zee သတင်းဌာနကို ပြောသည်။
ရက္ခိုင်စစ်တပ် (AA) က ဝိုင်ဖိုင် နည်းပညာ ပါဝင်သည့် ရီမုများ အသုံးပြု၍ တပ်မတော် စစ်ကြောင်းများကို မိုင်းခွဲ တိုက်ခိုက် ခြင်းများ ရှိခဲ့သဖြင့် လုံခြုံရေးအရ ပိုဂရုစိုက်ရမည် ဖြစ်ကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဧရာဝတီ သို့ ပြောသည်။
ယခုအခါ AA အဖွဲ့သည် အကြမ်းဖက် အဖွဲ့ အစည်းများ၊ အကြမ်းဖက် လုပ်ငန်း လုပ်ဆောင်နေသူများနှင့် အဆက်အစပ် ရှိနိုင် ကြောင်း တပ်မတော်က သုံးသပ်ထားပြီး မြို့ ရွာများသို့ပါ ဖောက်ခွဲဖျက်ဆီးမှုများ လုပ်လာနိုင်သဖြင့် လုံခြုံရေးအရ အရေးကြီးသည့် မြို့များကို ပိုဂရုစိုက်ရမည်ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
မြန်မာ့တပ်မတော်သည် ထိုသို့သော မြေမြှုပ်မိုင်း ခြိမ်းခြောက်မှုကို ကာကွယ်ရန် ရေဒီယိုလှိုင်း ရောထွေးစေသော ကိရိယာများ အသုံးပြုနေကြောင်း အိန္ဒိယသတင်းဌာန Zee က ရေးသည်။
ယခုနှစ်အစောပိုင်းက အိန္ဒိယတပ်မတော်သည် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှ မတ်လ ၂ ရက်နေ့အထိ အိန္ဒိယ မြန်မာ နယ်စပ်တလျှောက် စစ်ဆင်ရေးများ ပြုလုပ်ခဲ့ပြီး လက်နက်ကိုင်များ၏ စခန်း ၁၂ ခုနီးပါးကို ဖျက်ဆီး ခဲ့သော်လည်း ကုလားတန် စီမံကိန်းအတွက် ခြိမ်းခြောက်မှုမှာ ဆက်လက် တည်ရှိနေဆဲ ဟု သတင်းက ရေးသည်။
အထက်ပါ စစ်ဆင်ရေးကို မီဇိုရမ် ပြည်နယ်တောင်ပိုင်းတွင် ပြုလုပ်ခဲ့ပြီး အောင်မြင်သည်ဟု အိန္ဒိယ တပ်မတော်က ဆိုသည်။ သို့သော် မြေပြင်အခြေအနေမှာ ယခင်အတိုင်းပင် ဖြစ်ပြီး ကုလားတန် စီမံကိန်းအတွက် မြန်မာက အိန္ဒိယ ဘက်မှ အကူအညီများ ဆက်လက် တောင်းခံနေရဆဲ ဖြစ် ကြောင်း သိရသည်။
ကုလားတန် ဘက်စုံ သယ်ယူပို့ဆောင်ရေး စီမံကိန်းသည် အိန္ဒိယအတွက် အရှေ့တောင်အာရှသို့ ထွက်ပေါက်အဖြစ် မြင်ကြသည်။ ထိုစီမံကိန်း အကောင်အထည် ဖော်ရေးအတွက် မူဘောင် သဘောတူညီချက်ကို အိန္ဒိယနှင့် မြန်မာတို့ ၂၀၀၈ ခုနှစ်က သဘောတူခဲ့သည်။ စီမံကိန်း ပြီးစီးပါက မီဇိုရမ်ကို မြန်မာနိုင်ငံ ရခိုင်ပြည်နယ် စစ်တွေနှင့် ချိတ်ဆက်ပေးမည် ဖြစ်သည်။
You may also like these stories:
AA အဖွဲ့ ၏ နည်းပညာသုံး တိုက်ခိုက်မှုများကြောင့် လုံခြုံရေး ပိုဂရုစိုက်ရမည်ဟု တပ်မတော် ပြော
ရခိုင်ပြည်နယ် အခြေအနေ မင်းမဲ့စရိုက်ဆန်နေပြီဟု တပ်မတော် ပြော
ကျယ်ပြန့် လာနေသော ရခိုင်စစ်မီး