ဟယ်ရီပေါ်တာဖန်တီးရှင် J.K. Rowling ဟာ မိခင်ဖြစ်သူကို သေဆုံးစေခဲ့တဲ့ အာရုံကြော ရောဂါ အမျိုးမျိုးကို သုတေသနပြုလုပ်ဖို့အတွက် ရန်ပုံငွေအနေနဲ့ဒေါ်လာ ၁၉ သန်းကို လှူဒါန်းခဲ့ပါတယ်။
MS လို့ခေါ်တဲ့ အာရုံကြော ရောဂါကြောင့် အသက် ၄၅ နှစ်အရွယ်နဲ့ ကွယ်လွန်ခဲ့တဲ့ မိခင်ဖြစ်သူ Anne Rowling အတွက် အမှတ်အတရအနေနဲ့ အသက် ၅၄ နှစ်အရွယ် စာရေးဆရာမ J.K Rowling ဟာ စကော့တလန်က အီဒင်ဘာ့ဂ်တက္ကသိုလ်မှာ Anne Rowling Regenerative Neurology ဆေးခန်းကို ထူထောင်ဖို့ ဒေါ်လ ၁၂ ဒဿမ ၃ သန်းကို ၂၀၁၀ ခုနှစ်တုန်းက လှူဒါန်းခဲ့ဖူးပါသေးတယ်။
Rowling ရဲ့ အခုတကြိမ်လှူဒါန်းမှုကတော့ နောက်ထပ်ဆေးခန်းတခု ထပ်ဆောက်ဖို့နဲ့ ဗဟိုအာရုံကြော စနစ်ကို ထိခိုက်စေတဲ့ ဖျားနာမှုတွေကို သုတေသနအသစ်တွေ ပြုလုပ်ဖို့အတွက်ပဲ ဖြစ်ပါတယ်။
Anne Rowling Regenerative Neurology ဆေးခန်းမှာ အာရုံကြောရောဂါတွေ၊ ပါကင်ဆန်ရောဂါနဲ့ စိတ်ဖောက်ပြန်တဲ့ ရောဂါတွေအပါအဝင် တခြားဦးနှောက်ရဲ့ အခြေအနေတွေကို သုတေသနပြု လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
Rowling က “Anne Rowling ဆေးခန်းကို ပထမဆုံး စတင်တည်ထောင်တဲ့အချိန်မှာ ဘယ်သူကမှ အာရုံကြော ပြန်လည်ဖွံ့ဖြိုးရေး နယ်ပယ်မှာ ဘာတွေကို ထူးထူးခြားခြား လုပ်နိုင်မလဲဆိုတာကို မခန့်မှန်း နိုင်ခဲ့ပါဘူး။ MS နဲ့ MS တဲ့ အာရုံကြောပျက်စီးတဲ့ ရောဂါတွေကို မျိုးဆက်သစ်တွေအတွက် ရလဒ်ကောင်းတွေ ထားရှိဖန်တီးဖို့ ရည်မှန်းချက်နဲ့ ရှာဖွေဖော်ထုတ်အောင်မြင်မှုအသစ်တွေ လုပ်နိုင်ဖို့ Anne Rowling Regenerative Neurology ဆေးခန်းကို အခုလိုမျိုး ထောက်ပံ့ပေးရတာ ဝမ်းမြောက်မိပါတယ်”လို့ ပြောပါတယ်။
စကော့တန်မြို့တော်မှာ နေထိုင်ခဲ့ပြိး အီဒင်ဘာ့ဂ်တက္ကသိုလ်မှာ ပညာသင်ခဲ့ဖူးတဲ့ Rowling ဟာ နာမည်ကျော် ရုပ်ရှင်တွေအထိပါ ပေါက်မြောက်သွားခဲ့တဲ့ ဟယ်ရီပေါ်တာ စာအုပ်တွေကနေ ဒေါ်လာ သန်း ၉၂၀ ရရှိခဲ့သူ ဖြစ်ပါတယ်။
၂၀၅၀ ခုနှစ်မှာ ကလေးသူငယ်ပညာသင်ကျောင်းတွေနဲ့ မိဘမဲ့ဂေဟာတွေအားလုံးကို ပိတ်ပစ်ဖို့ ရည်ရွယ်ထားတဲ့ Lumos ဖောင်ဒေးရှင်းနဲ့ အခုလိုမျိုး MS ရောဂါတွေကို သုတေသနပြုဖို့ ငွေကြေး ထောက်ပံ့ပေးနေတဲ့ Volant Charitable Trust တို့လိုမျိုး ပရဟိတအဖွဲ့တွေကိုလည်း ထူထောင်ထားပါတယ်။
Ref: contactmusic
You may also like these stories:
မကြာမီ ဟယ်ရီပေါ်တာ ဝတ္ထု E-book ၄ အုပ် ဖြန့်ချိဖို့ရှိနေတဲ့ J.K. Rowling
ဟယ်ရီပေါ်တာဝတ္ထုမှ ဇာတ်ကောင် ၂ခုကြား လိင်တူဆက်ဆံရေးရှိကြောင်း ပြောတဲ့ JK Rowling ဝေဖန်ခံရ
Nagini သရုပ်ဆောင်မယ့်သူကို အာရှမင်းသမီး ရွေးချယ်လိုက်လို့ J.K. Rowling ဝေဖန်ခံရ