ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ ကျိုင်းတုံမြို့ပေါ်တွင် အစိုးရ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) မှ ကိုယ်စားလှယ်များနှင့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့တို့မှ ကိုယ်စားလှယ်များ ယခုလ ၁၇ ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးကြမည်ဖြစ်သည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ပဏာမအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (Bilateral) ရေးထိုး နိုင်ရေးထက် တပ်နေရာချထားရေးနှင့် တိုက်ပွဲများ အရှိန်လျှော့ချရေးတို့ ညှိနှိုင်းဖွယ်ရှိကြောင်း တိုင်းရင်းသား အရေးလေ့လာသူများနှင့် ငြိမ်းချမ်းရေး အကျိုးတော်ဆောင်များက သုံးသပ်သည်။
ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့ (PCG) မှ ဦးလမိုင်ဂွန်ဂျာ က “အဓိကတော့ တပ်ပိုင်းဆိုင်ရာပဲလေ၊ တပ်နေရာချထားရေးပေါ့လေ အဲဒါတွေပါ။ အခုလောလောဆယ် တိုက်ပွဲ ဖြစ်နေတာ စစ်ရှိန်လျှော့ချမယ်၊ ပဋိပက္ခမဖြစ်အောင် ဘယ်လို ဝိုင်းဝန်းထိန်းသိမ်းကာကွယ်မလဲ၊ အဲဒါတွေ အရင် လုပ်ပြီးမှပဲ Bilateral လက်မှတ်ထိုးရေးသွားရမှာ။ Bilateral လက်မှတ်ထိုးရေးမှာလည်း အဓိက တပ်နေရာချ ထားရေး ကိစ္စတွေကို ဆက်လက် ဆွေးနွေးသွားမယ်လို့ ထင်ပါတယ်” ဟု ၎င်းက ပြောသည်။
အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်မည့် အစိုးရအဖွဲ့တွင် တပ်မတော်သား ကိုယ်စားလှယ်များ တက်ရောက် မည်ဟု ကြားသိထားသလို မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ဖြစ်သည့် ကချင်လွတ်လပ်ရေးတပ် မတော် (KIA)၊ ပလောင် (တအန်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊ ရက္ခိုင်စစ်တပ် (AA) တို့မှလည်း ထိပ်သီး ကိုယ်စားလှယ် တချို့ တက်ရောက်မည်ဟု ကြားသိရသည်။
ယခု တခေါက် ဆွေးနွေးပွဲတွင် တပ်ပိုင်းဆိုင်ရာ ကိစ္စများ ကျေကျေလည်လည် ဆွေးနွေး နိုင်ပါက Bilateral ထိုးနိုင်ရေး ရှေ့ဆက်သွားနိုင်မည်ဖြစ်ကြောင်း ဦးလမိုင်ဂွန်ဂျာက တွက်ဆထားသည်။
တိုင်းရင်းသားအရေးလေ့လာသူ ဦးမောင်မောင်စိုး က “အဓိကတော့ ဒီလေးဖွဲ့နဲ့က အပစ်အခတ်ရပ်စဲရေး Bilateral ထိုးဖို့ဆိုတော့ ဒီဥစ္စာပဲ အဓိက အကြောင်းအရာ ဖြစ်လိမ့်မယ်။ ဒါပေမယ့် အဲအဖွဲ့ ၄ ဖွဲ့ထဲမှာ KIA က လောလောဆယ် ပစ်ခတ်တိုက်ခိုက်မှု မရှိဘူးလို့ ပြောလို့ရတယ်။ အဲတော့ မြောက်ပိုင်းသုံးဖွဲ့ ကိုးကန့်၊ TNLA၊ AA တို့နဲ့ ပတ်သက်ပြီးတော့ အပစ်အခတ်ရပ်စဲရေး အပစ်အခတ်ရပ်ရင် ဘယ်လိုရပ်မလဲ၊ တပ်နေရာ ဘယ်လို ချထားမလဲ အဲကိစ္စကတော့ အဓိက လက်တွေ့ကျတဲ့ ပြဿနာ ဖြစ်လိမ့် မယ်ထင်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
ဦးမောင်မောင်စိုးကတော့ ယခုလာမည့် ၁၇ ရက်နေ့ ဆွေးနွေးပွဲတွင် တပ်နေရာ ချထားရေးကိစ္စ မဖြေရှင်းနိုင်လျှင်တော့ အလားအလာ မကောင်းဟု သုံးသပ်သည်။
ဦးမောင်မောင်စိုးက “ဖြစ်နိုင်ချေ တခုကတော့ ဒီပြဿနာကို ဆက်လက် ဆွေးနွေးဖို့ အချိန်ဆွဲတာလည်း ဖြစ် ကောင်း ဖြစ်နိုင်တယ်။ ကျနော်တဦးချင်း အမြင်ကတော့ ပထမအဆင့်မှာ တပ်တွေက ရောက်တဲ့နေရာမှာ ရပ်ပြီးတော့ အပစ်အခတ်ရပ်စဲသင့်တယ်လို့ မြင်ပါတယ်၊ ဒုတိယ အဆင့်အနေနဲ့ကတော့ တပ်တွေက ဘယ်နေရာတွေမှာ ရှိသင့်တယ်ဆိုတာ ဒုတိယအနေနဲ့ ဆက်လက် ဆွေးနွေးသင့်တယ်။ အဲလို ဆွေးနွေး နိုင်ရင်တော့ လောလောဆယ် အပစ်အခတ်ရပ်စဲရေးကို အကောင်အထည် ဖော်လို့ရနိုင်မယ်လို့ မြင်ပါတယ်” ဟု ဆိုသည်။
အစိုးရဘက်က AA ကို ရခိုင်ပြည်နယ်အတွင် အခြေစိုက်ခွင့်မပေးနိုင်ပဲ လိုင်ဇာမှာသာ အခြေစိုက်ရန်၊ TNLA အား ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်နှင့် မန်တုံမြို့နယ်အတွင်းမှာသာ အခြေစိုက်ရန်နှင့် MNDAA ကို ဟုန်အိုင်ဒေသမှာသာ အခြေစိုက်ရန် အဆိုပြုထားသည်။
TNLA၊ MNDAA၊ AA တို့ကတော့ အစိုးရ၏ အဆိုပြုချက်ကို လက်မခံနိုင်ကြောင်း ရောက်သည့် နေရာမှာ တပ်များ ရပ်ထားပြီး တပ်တည်နေရာကို ဆွေးနွေးရန် သဘောထားရှိကြောင်း မီဒီယာများသို့ ပြောထားသည်။
အလားတူ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်တန့်ရေးနှင့် အရှိန် လျှော့ချရေး ဆွေးနွေးရန်လည်း ပြင်ဆင်ထားကြကြောင်း သိရသည်။
အဆိုပါ အခြေအနေများနှင့်ပတ်သက်ပြီး စက်တင်ဘာလ ၁၇ ရက်နေ့ ကျိုင်းတုံမြို့မှာ တပ်မတော်သား ကိုယ်စားလှယ်များ ပါဝင်သည့် အစိုးရ၏ NRPC ကိုယ်စားလှယ်များနှင့် မြောက်ပိုင်း လေးဖွဲ့မှ ကိုယ်စားလှယ် များ ဆွေးနွေး အဖြေရှာကြမည် ဖြစ်သည်။
ထိုဆွေးနွေးပွဲသည် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့က ကျိုင်းတုံမြို့တွင် အစိုးရ ကိုယ်စားလှယ်နှင့် မြောက်ပိုင်းလေးဖွဲ့တို့ ဆွေးနွေးပွဲ၏ အဆက်ဖြစ်သည်။
အစိုးရ၏ NRPC ကိုယ်စားလှယ်များနှင့် မြောက်ပိုင်း လေးဖွဲ့တို့ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၃၀ ရက်က မူဆယ်မြို့တွင် တကြိမ်၊ သြဂုတ်လ ၃၁ ရက်က ကျိုင်းတုံမြို့တွင် တကြိမ် ဆွေးနွေးထားရာ တပ်မတော်သား ကိုယ်စားလှယ်များ ပါဝင်ခဲ့ခြင်းမရှိပေ။
စက်တင်ဘာလ ၁၇ ရက်နေ့ ဆွေးနွေးပွဲသို့ အစိုးရဘက်က ဦးသိန်းဇော်၊ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (အငြိမ်းစား)၊ ဦးဇော်ဌေး တို့တက်ရောက်မည်ဖြစ်ပြီး တပ်မတော်ဘက်မှ NRPC အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် တပ်မတော်သား ကိုယ်စားလှယ်များ တက်ရောက်နိုင်ခြေရှိကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်သည့် သတင်းရင်းမြစ်တချို့ထံမှ သိရသည်။
You may also like these stories:
ထိုးစစ်ရပ်မည်ဟု မြောက်ပိုင်းမဟာမိတ် ကြေညာ
တရုတ်ဖိအားကြောင့် ပေါ်လာသည့် ကျိုင်းတုံ ဆွေးနွေးပွဲ “ဟန်ပြ”ဟု မြောက်ပိုင်း ၃ ဖွဲ့ ပြော
ပြည်သူများ ဓားစာခံဖြစ်ခဲ့ရတဲ့ မြောက်ပိုင်း တိုက်ပွဲများ
အစိုးရနှင့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ ကျိုင်းတုံတွင် ညှိနှိုင်းမည်