တပ်မတော်ကို မီဒီယာတွင် ဝေဖန်သောကြောင့် မန္တလေးမှ မြဝတီမင်းကြီး ကျောင်းတိုက် ဆရာတော်ကို တပ်မတော်အရာရှိ တဦးက တရားစွဲဆိုခဲ့သည်။
မန္တလေးရှိ စစ်မြေပြင် အင်ဂျင်နီယာတပ်မှ ဒုတိယ ဗိုလ်မှူးကြီး သော်တာဒွေးက ဆရာတော် ဦးအာရိယဝံသကို ပြည်ကြီးတံခွန် မြို့နယ်တရားရုံးတွင် တိုက်ရိုက် တရားစွဲဆိုလိုက်ခြင်း ဖြစ်ပြီး မြို့နယ်ရဲတပ်ဖွဲ့က ဆရာတော်ကို အင်္ဂါနေ့ ညနေပိုင်းတွင် မေးမြန်းမှုများ ပြုလုပ်ခဲ့သည်။
“ဆရာတော်ကို တရားရုံးရဲ့ ညွှန်ကြားချက်အရ စစ်ဆေး မေးမြန်းမယ်၊ ဒါပေမယ့် ဘယ်ဥပဒေနဲ့ တရားစွဲတယ် ဆိုတာ သူတို့မသိသေးဘူးလို့ ရဲတပ်ဖွဲ့က ပြောတယ်” ဟု မြဝတီမင်းကြီး ဆရာတော် ဦး အာရိယဝံသက မိန့်သည်။
အမျိုးသားရေး အစွန်းရောက် အဖွဲ့ဖြစ်သည့် မဘသကို အမည်ပြောင်းထားသော ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်းသို့ တပ်မတော် အဆင့်မြင့်အရာရှိ တဦးက ကျပ် သိန်း ၃၀၀ ကျော် လှူဒါန်းသည်နှင့် ပတ်သက်သော ဆရာတော်၏ ဝေဖန်ပြောကြားမှုအတွက် တရားစွဲခြင်းဖြစ်ကြောင်း ဆရာတော်က မိန့်သည်။ ထိုသို့ ဝေဖန်ပြောကြားခြင်းကို ဇွန်လက ရန်ကုန် ခေတ်သစ်မီဒီယာ အွန်လိုင်းတွင် ထုတ်ဝေခဲ့သည်။
ထိုဖောင်ဒေးရှင်းသည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ပိတ်ဆို့လိုသည့် တပ်မတော် အရာရှိများထံမှ အလှူငွေ လက်ခံခြင်းဖြင့် သံဃာ့စည်းမျဉ်းကို ချိုးဖောက်ရာရောက်ကြောင်း ဆရာတော်က ဆိုသည်။
ဆရာတော်က တပ်မတော်သည် သူခိုးဓားပြဖြစ်သည်ဟု ဆိုပြီး သမ္မတ၏ အမိန့်ကိုလည်း မနာခံဘဲ၊ လက်နက် အားကိုးဖြင့် ပြည်သူလူထုကို အနိုင်ကျင့်ကာ ရွေးကောက်ပွဲမဝင်ဘဲ လွှတ်တော်တွင် နေရာဝင်ယူသည်ဟု မိန့်ကြားသည်ကြောင်း ဆိုသည်။
ဆရာတော်၏ မီဒီယာတွင် ပြောကြားချက်များအကြောင်း ရဲတပ်ဖွဲ့က မေးသည်ဟု ဆရာတော်က ဧရာဝတီ သတင်းဌာနသို့ မိန့်သည်။
“ဆရာတော်က သူတို့ပြောသလို တပ်မတော်ကို အသရေဖျက်ဖို့ မရည်ရွယ်ကြောင်း ရဲတပ်ဖွဲ့ကို ပြောလိုက်တယ်” ဟု ဆရာတော်က ရှင်းပြသည်။
ထိုအမှုကို ပုဒ်မ ၅၀၅ အရဖြစ်စေ၊ အမည်ဆိုးဖြင့် ကျော်ကြားသော ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) အရ ဖြစ်စေ စွဲဆိုနိုင်သည်။
“တရားရုံးက စစ်ဆေးနေတုန်းပဲ ရှိသေးလို့ ဘာဥပဒေနဲ့ စွဲတယ်ဆိုတာကို မပြောနိုင်သေးဘူးလို့ ရဲတပ်ဖွဲ့က ပြောတယ်။ တရားရုံးက အဆင်သင့်ဖြစ်ရင် အကြောင်းကြားမယ်လို့ ပြောတယ်” ဟု ဆရာတော် မိန့်ကြား သည်။
စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ပြည်ကြီးတံခွန် ရဲတပ်ဖွဲ့ကလည်း အတည်ပြုသည်။
ဆရာတော် ဦးအာရိယဝံသသည် မန္တလေးတွင် ငြိမ်းချမ်းရေးနှင့် ဘာသာပေါင်းစုံ ချစ်ကြည်ရေး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူ ဖြစ်သည်။
ဆရာတော်သည် ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒ၊ တပ်မတော်နှင့် တပ်မတော် ကျောထောက်နောက်ခံပြု အဖွဲ့များ၊ စီးပွားရေး လုပ်ငန်းများကို အပြင်းအထန် ဝေဖန်သူလည်းဖြစ်သည်။
မန္တလေးမှ တခြား ဆရာတော်တပါးဖြစ်သူ ဦးစိန္တိတ ကိုလည်း တပ်မတော် အရာရှိတဦးက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် လွန်ခဲ့သောတပတ်က တရားစွဲဆိုခဲ့သည်။
တပ်မတော်သည် ၎င်းကို အသရေဖျက်သည်ဟု ဆိုကာ ၎င်းကို ဝေဖန်သူများကို ရာဇဝတ်မှု ဥပဒေပုဒ်မ ၅၀၅ နှင့် ပုဒ်မ ၆၆ (ဃ) တို့ဖြင့် တရားစွဲဆိုလေ့ရှိသည်။
“ဆရာတော်ကတော့ သူတို့စွဲတဲ့အမှုကို ရင်ဆိုင်မယ်။ အခုလိုတရားစွဲတာဟာ လူ့အခွင့်အရေး မရှိကြောင်း ပြတာပဲ။ ဒီလိုလုပ်လို့ ဆရာတော်တို့ကို အမှန်တရား မပြောရဲအောင် လုပ်နိုင်မှာမဟုတ်ဘူး။ ပြောသင့်တာကို ဆက်ပြောမယ်၊ ရှောင်သင့်တာကို ရှောင်မယ်။ ဆရာတော်က ဗုဒ္ဓဘာသာဘုန်းကြီး။ လူတိုင်းအတွက် လမ်းမှန်ကို ပြရမှာ ဆရာတော်ရဲ့ တာဝန်ပဲ” ဟု ဆရာတော်က မိန့်ကြားသည်။
(Zarni Mann ၏ Mandalay Colonel to Sue Monk for ‘Defaming’ Army ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
You may also like these stories:
မန္တလေးက ဘာသာရေး ကျောင်းများထံ တပ်ချုပ် သွားရောက်လှူဒါန်း
ကချင်နှစ်ခြင်းအဖွဲ့ချုပ် ဥက္ကဋ္ဌကို တရားစွဲဆိုမှု တပ်မတော် ပြန်ရုတ်သိမ်း