သတင်း

အကြမ်းဖက်မှုဥပဒေဖြင့် တရားစွဲခံရသည့် ရခိုင်ရွာသားများ အမှု ကြန့်ကြာနေဟုဆို

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် ကျောက်တော်၊ မြောက်ဦး၊မင်းပြားမြို့နယ်အတွင်းမှ အကြမ်းဖက်မှု ဥပဒေပုဒ်မဖြင့် ဖမ်းဆီး တရားစွဲခံ နေရသည့် ကျေးရွာသားများအမှုမှာ ကြန့်ကြာနေ၍ မြန်မြန် စစ်ဆေးပေးစေ လိုကြောင်း ဖမ်းဆီးခံ မိသားစုဝင်များက ပြောသည်။

ယမန်နေ့ စက်တင်ဘာလ ၁၂ ရက်နေ့က စစ်တွေခရိုင်တရားရုံး၌ မြောက်ဦးမြို့နယ် လက္ကာ၊ တင်းထိန် ကန်၊ ပေါက်တောပြင်၊ အောက်သားကန်၊ ကျောက်ဆည်ပြင်၊ ရန်အောင်ပြင်စသည့် ရွာများနှင့် ကျောက်တော်မြို့နယ် မင်းသားတောင်ရွာ ၊ မင်းပြားမြို့နယ် ပန်းဇင်းမော်မှ ရွာသား ၆၄ ဦးကို ရုံးထုတ်ခဲ့သည်။

မြောက်ဦးမြို့နယ် တင်းထိန်ကန်ကျေးရွာမှ ဖမ်းဆီးခံ ကိုမျိုးဟိန်းဆွေ၏ ဖခင် ဦးမောင်သိန်းမြ က “မနေ့က စစ်တွေခရိုင် တရားရုံးမှာ မြောက်ဦးခရိုင် တရားသူကြီးက ကျနော်တို့သားတို့အမှုကို ရုံး ချိန်းပေးတယ်။ အမှုက မြောက်ဦးကနေ စစ်တွေကို ရုံးပြောင်း လျှောက်ထားတာ မကျသေးလို့ သိရ ပါတယ်။ ကျနော်တို့က အမှုမြန်မြန် စစ်ဆေးပေးစေချင်တယ်။ အခုက ဘာမှ စစ်ဆေးမှုလည်း မရှိဘူး ။ ကလေးတွေကို အပြစ်မရှိဘဲ ဒဏ်ခတ်ထားသလို ဖြစ်နေတယ်” ဟု ဧရာဝတီသို့ ပြောသည်။

တင်းထိန်ကန်ကျေးရွာ အသက် ၂၀ အရွယ် ကိုမျိုးသိန်းဆွေနှင့် ကိုစိုးမောင်သန်းတို့မှာ ဇွန်လ ၂၂ ရက်နေ့က မြောက်ဦးမြို့မှ ငွေထုတ်ပြီး ဆိုင်ကယ်ဖြင့် ရွာပြန်လာရာတွင် ဝေသာလီကျေးရွာအနီး တပ်မတော် စစ်ကြောင်းမှ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

မြောက်ဦးမြို့နယ် လက္ကာကျေးရွာမှ ဖမ်းဆီးခံ ကိုခင်မောင်စိုး၏ ဇနီး မသိန်းမရီက “အမှုအခြေအနေ ကတော့ ရုံးထုတ်ပြီး နောက် ရုံးချိန်းပေးလိုက်တယ်၊ ကျမတို့ကတော့ အမှုကို မြန်မြန် စစ်ဆေးစေချင် တယ်။ ကျမတို့ ရွာကနေ ထွက်ပြေးပြီး စစ်ဘေးရှောင်စခန်းမှာ နေရတာ၊ ရုံးချိန်တိုင်းလာဖို့လည်း ငွေ မတတ်နိုင်ဘူး၊ အမှုကို မြန်မြန် စစ်ဆေးစေချင်တယ်။ ဒီလို စိတ်ဆင်းရဲခံပြီး မနေချင်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။

မြောက်ဦးမြိုနယ်အတွင်းက လက္ကာ ရွာသားများကို AA တပ်ဖွဲ့ဝင်များ ဖြစ်သည်ဟုဆိုကာ ဧပြီလ ၁၀ ရက်နေ့က ကျေးရွာ အတွင်းသို့ လာ ရောက် ကာ တပ်မတော်က ဒေသခံ ၂၇ ဦးကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ဖမ်းဆီးခဲ့ပြီးနောက် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (က) ၊ ၅၀ (ဈ) ၊ ၅၄ ၊ ၁၉၄၉ လက်နက်အရေးပေါ် ယာယီ ဥပဒေ ပုဒ်မ ၂၁ ( က ) တို့ဖြင့် ရဲတပ်ဖွဲ့ မေလ ၃၁ ရက်နေ့တွင် မြောက်ဦးခရိုင် တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သဇင်ဥပဒေ အထောက်အကူအဖွဲ့မှ ရှေ့နေ များက ပြောသည်။

လက်ရှိတွင် ယင်း လက္ကာရွာသား အမှုကို မြောက်ဦးခရိုင်တရားရုံးမှ စစ်တွေခရိုင် တရားရုံးသို့ ရုံးပြောင်း လျှောက်ကာ အမှုအား စစ်ဆေးဆောင်ရွက်နေခြင်း ဖြစ်သည်။

သဇင်ဥပဒေ အထောက်အကူအဖွဲ့မှ အထက်တန်းရှေ့နေ ဦးအေးထွန်းမောင်က “မနေ့ကတော့ သူတို့ အမှုကို စစ်ဆေးတာတော့ မရှိသေးဘူး။ ရုံးချိန်းပေးတာလောက်ပဲ ရှိသေးတယ်။ နောက်ရုံးချိန်းမှ တရားလိုတွေနဲ့ တရားလို သက်သေတွေ ကို စစ်ဆေးမယ်လို့ ပြောတယ်” ဟု ဧရာဝတီသို့ ပြော သည်။

ယင်းလက္ကာ ရွာသားများအမှုတွင် အသက်အပြည့်သေးသူ လူငယ် ၂ ဦးပါဝင်ပြီး ၎င်း၂ ဦးကို အာမခံ ပေးကာ မြောက်ဦးမြို့နယ် ကလေးသူငယ် တရားရုံးတွင် စစ်ဆေးနေကြောင်းလည်း သိရသည်။

ယင်း လက္ကာကျေးရွာ၌ ဖမ်းဆီးခံခဲ့ရသည့် လူ ၂၇ ဦးတွင် ချင်းပြည်နယ် ပလက်ဝ မြို့နယ် သံထောင် ကျေးရွာအုပ်စု ဘန်းဘွေးရွာနေ ချင်းတိုင်းရင်းသား တဦးဖြစ်သူ အသက် ၃၅ နှစ်အရွယ် ကိုခင်မောင် ဆိုသူလည်း ပါဝင်သည်။

ပြီးခဲ့သော ဧပြီလ ၉ ရက်နေ့က ၎င်းနေထိုင်ရာ ကျေးရွာမှနေ ကိုခင်မောင်နှင့် ဇနီး အသက် ၂၉ နှစ် အရွယ် မယုယုခင် တို့ မြောက်ဦးမြို့ KBZ ဘဏ်တွင် အပ်နှံထားသော ငွေများကို ထုတ်ယူရန် လေးမြို့ချောင်းအတိုင်း စက်လှေဖြင့်လာရာ KBZ ဘဏ် ပိတ်သဖြင့် လက္ကာကျေးရွာတွင် တည တည်း နေစဉ် အမျိုးသားဖြစ်သူ ကိုခင်မောင် အဖမ်းခံရခြင်း ဖြစ်သည်ဟု ဇနီးဖြစ်သူ မယုယုခင်က ပြော သည်။

ချင်းတိုင်းရင်းသူ မယုယုခင်က “ကျမက အမှုကိုလည်း နားမလည်ဘူး၊ အမှုကို မြန်မြန် ဖြေရှင်းပေးစေ ချင်တယ်၊ ကျမ အခု အရမ်းဒုက္ခရောက်တယ်။ ကလေးတွေကလည်း သူ့အဖေကို သတိရနေတယ်။ သံထောင်ကနေ စစ်တွေကို တခေါက် လာဖို့ဆိုတာ မလွယ်ဘူး၊ ငွေလည်း မတတ်နိုင်ဘူး” ဟု ဧရာဝတီ သို့ ပြောသည်။

ယမန်နေ့ စစ်တွေခရိုင် တရားရုံး၌ ရွာသားများ ရုံးထုတ်ရာသို့ ဧရာဝတီမှ သွားရောက် သတင်းယူရာ ၃၆ ဦးကို တကြိမ် ရုံးထုတ်ခဲ့ပြီး နောက်ထပ် ၂၈ ဦးကို တကြိမ် အသုတ်လိုက် ရုံးထုတ်ခဲ့သည်ကို တွေ့မြင်ခဲ့ရ သည်။

ယင်းရွာသားများအမှုတွင် တချို့အမှုများက ရုံးပြောင်းမိန့် မကျသေးသလို တချိုအမှုများတွင်လည်း တရားခံပြေးများ ပါဝင်နေသည့်အတွက် အမှုကြန့်ကြာနေခြင်း ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ ဖမ်းဆီးခံရွာသားများအမှုကို လာမည့် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ထပ်မံ ရုံးချိန်းပေး လိုက်ကြောင်းလည်း သိရသည်။

လက္ကာကျေးရွာသားများသည် ဖမ်ဆီးစစ်ဆေးခဲ့စဉ်က ညှဉ်းပန်းနှိပ်စက်မှုများကို ဆိုးဝါးစွာခံခဲ့ရ ကြောင်းလည်း ယင်းရွာသားများ က မေလ ၁၇ ရက်နေ့က ဒုတိယအကြိမ် ရမန်ယူပြီး စစ်တွေမြိ့နယ် တရားရုံးမှ အပြန် သတင်းမီဒီယာများသို့ ပြောကြားခဲ့သည်။

မြောက်ဦးမြို့နယ်အတွင်း ရဲတပ်ရင်းတရင်းနှင့် လေးမြို့မြစ်ကမ်းရှိ တပ်မတော် ယာယီစခန်းတခုကို AA က ဧပြီလ ၉ ရက် နေ့ ညအချိန် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နောက်တနေ့တွင် လက္ကာရွာသို့ တပ်မတော် စစ်ကြောင်းက ဝင်ရောက် စစ်ဆေးရာ အရပ်အသား အယောင်ဆောင်ထားသည့် AA တပ်ဖွဲ့ဝင် ၂၇ ကို ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဧရာဝတီသို့ ပြောဆို ထားသည်။

AA လက်နက်ကိုင်အဖွဲ့ကတော့ ယင်းမြောက်ဦးမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်းက ၎င်းတို့တပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရမှု မရှိကြောင်းလည်း သတင်းပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ဧရာဝတီသို့ ပြောသည်။

ဖမ်းဆီးခံ ရွာသား ၂၇ ဦးတွင် တပ်မတော် စစ်ကြောရေး၌ ၃ ဦး သေဆုံးခဲ့ရာ ကိုဇော်မျိုးထွန်း (၂၅)နှစ်၊ ဦးသိန်းထွန်းစိန် (၃၅) နှစ် နှင့် ဦးမောင်သန်းနု (၄၁) နှစ်တို့ဖြစ် ကြောင်း သိရသည်။

သေဆုံးသွားသည့် ကျေးရွာသား ၃ ဦးနှင့် ပတ်သက်ပြီး တပ်မတော်ဘက်က ထုတ်ပြန်ရာတွင် ဆေးပြတ်၍ သေဆုံးသူ တဦး ၊ ဆွဲကြိုးချသေဆုံးသူ တဦးနှင့် နှလုံးဖောက်၍ သေဆုံး တဦး စသည့် ဖြစ်စဉ်များကြောင့် သေဆုံး ကြောင်း ထုတ် ပြန်ခဲ့သည်။

ရွာသား ၃ ဦး သေဆုံးမှုနှင့် ပတ်သက်၍ လုပ်ထုံး၊ လုပ်နည်းနှင့်အညီ စစ်တွေမြို့ပြည်သူ့ဆေးရုံကို ပို့ဆောင်ကာ ရင်ခွဲ စစ်ဆေးချက်များကို ရယူခဲ့ပြီး တဘက်တွင်လည်း သက်ဆိုင်ရာ ရဲစခန်းတွင် သေမှုသေခင်းနှင့် အမှုဖွင့်ခဲ့ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဧရာဝတီသို့ ပြောဆိုထားသည်။

သို့သော်လည်း သေဆုံးသူ မိသားစုဝင်များကတော့ အလောင်းများကိုလည်း တွေ့မြင်ခွင့် မရခဲ့သလို တပ်မတော်ဘက်က အကြောင်းပြချက်ပေးသည့် အပေါ် မယုံကြည်ဟု ဆိုကြသည်။

You may also like these stories:

ကျောက်တော်က ကုန်စုံဆိုင်ပိုင်ရှင်များ အသတ်ခံရ

ဖမ်းဆီးခံ ရွာသား ၁ ဦး ဒဏ်ရာများဖြင့် ဆေးကုနေစဉ် သေဆုံး

AA နေထိုင်သည်ဟုဆိုကာ ဥယျာဉ်သာ ကျေးရွာကို တပ်မတော်က သိမ်းပိုက်

AA ကို ထောက်ပံ့မှုနှင့် စွပ်စွဲဖမ်းဆီးထားသူ ၉ ဦးအမှု ချုပ်ရမန် ထပ်ယူ

Did you find apk for android? You can find new Free Android Games and apps.
Loading