သတင်း

ထိုင်းကြည်းတပ်အတွက် အမေရိကန်လုပ် သံချပ်ကာယာဉ်များရောက်ရှိ

အမေရိကန်နိုင်ငံလုပ် Stryker သံချပ်ကာ ယာဉ်များ၏ ပထမအသုတ်ကို ထိုင်းဘုရင့်တပ်မတော်က ယမန်နေ့က လက်ခံရရှိခဲ့သည်။

ကြည်းတပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး အပီရက် ကုန်ဆွမ်ပေါင်သည် Stryker သံချပ်ကာယာဉ် ၁၀ စင်းကို ပိစိဖိတ် စစ်ဌာနချုပ်တပ်မှူး ဗိုလ်ချုပ်ကြီးရောဘတ် ဘရောင်းထံမှ ဘန်ကောက်ရှိ ထိုင်းဘုရင့်တပ်မတော် ဌာနချုပ်တွင် လက်ခံယူသည်။

ထိုတပ်ဖွဲ့တင် ယာဉ်များကို အမှတ် ၁၁ ခြေလျင်တပ်တွင် ချထားမည်ဖြစ်ပြီး ထိုတပ်ရင်းသည် ခေတ်မီ လက်နက်များ သုံးပြီး လူအင်အား နည်နည်းဖြင့် အခြားတပ်ဖွဲ့များအတွက် စံနမူနာ ပုံစံဖြစ်သည်ဟု ကြည်းတပ်၏ အဆိုအရ သိရသည်။

ပြန်လည် ပြုပြင်ထားသော Strykers ၃၇ စင်းကို ဒေါ်လာ သန်း ၈၀ ဖြင့် ဝယ်ယူရန် ကြည်းတပ်က သဘောတူ စာချုပ် ချုပ်ဆိုထားသည်။ ထိုစာချုပ်အရ အမေရိကန်က ၂၃ စင်း ထပ်မံ ပေးပို့မည်ဖြစ် သောကြောင့် စုစုပေါင်း အစင်း ၆၀ ရှိမည်ဖြစ်သည်။

တပ်ဖွဲ့သယ်ဆောင်ရေး သံချပ်ကာယာဉ် ပထမနှစ်စင်းကို စတားလစ်ဖ်တာလေယာဉ်ဖြင့် ဒွန်မောင်း အခြေစိုက် လေတပ် စခန်းသို့ သြဂုတ်လ ၂၉ ရက်နေ့က ပေးပို့ခဲ့သည်။ ကျန်ယာဉ်များကို ယခုနှစ် အကုန်တွင် ပေးပို့မည်ဖြစ်သည်။

အမေရိကန် ပြည်ထောင်စုသည် ထိုယာဉ်များ ပြုပြင်ထိန်းသိမ်းရေး အတွက် နည်းပညာ အကူအညီ လည်း ပေးမည် ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး အပီရက်က ပြောသည်။

မီချီဂန်အခြေစိုက် General Dynamics Land Systems က ထုတ်လုပ်သည့် Strykers အစင်း ၆၀ ကို အရန် သံချပ်ကာ အဖြစ် မသတ်မှတ်မီ အမေရိကန်နိုင်ငံတွင် သုံးခဲ့ပြီးနောက် အပိုအဖြစ် ထုတ်ရောင်းလိုက်ခြင်း ဖြစ်သည်။

သက်တမ်းရှည် မဟာမိတ်ဖြစ်သော အမေရိကန်နိုင်ငံနှင့် အာရှ အင်အားကြီး တရုတ်တို့အကြား ကာကွယ်ရေး ဆိုင်ရာ ဆက်ဆံမှုကို ချိန်ညှိရန် ကြိုးစားနေစဉ် ယခု သဘောတူညီချက်ကို ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။

ကုန်းနှင့်ရေ နှစ်ထွေသုံး စစ်ဆင်ရေး စွမ်းရည်ကို မြှင့်တင်ရန်နှင့် လက်ရှိ အသုံးပြုနေသည့် ထိုင်း ရေတပ်၏ တခုတည်းသော ကမ်းတက်ရေယာဉ် ဖြစ်သည့် HTMS Angthong ထံမှ တာဝန်ခွဲယူရန် တရုတ်နိုင်ငံမှ ကမ်းတက် ရေယာဉ်တစင်း ဝယ်ယူ မည်ဟု ထိုင်း ဘုရင့်တပ်မတော်က ယခုတပတ် အတွင်း ကြေညာထားသည်။

Loading