သတင်း

လွှတ်တော် ဒုဥက္ကဋ္ဌဟောင်း ဦးစံမင်းအောင် အာမခံဖြင့် အချုပ်မှလွတ်မြောက်

Want create site? Find Free WordPress Themes and plugins.

ငွေကြေးအလွဲသုံးစားမှုဖြင့် ဧရာဝတီတိုင်းလွှတ်တော်၏ တရားစွဲဆိုခြင်း ခံထားရသည့် လွှတ်တော် ဒုဥက္ကဋ္ဌဟောင်း ဖြစ်သူ ဘိုကလေးမြို့နယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစံမင်းအောင်ကို ယနေ့ကြားနာ သည့်ရုံးချိန်းတွင် ပုသိမ်မြို့နယ် တရားသူကြီးက အာမခံပေးသဖြင့် အချုပ်လွတ်ထုချေခွင့်ရရှိခဲ့သည်။

ဦးစံမင်းအောင်၏ ဥပဒေအကျိုးဆောင် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဦး က “သူက အမှန်တကယ်လည်း ကျန်းမာရေးမကောင်းဘူး။ ဆီးလမ်းကြောင်းမှာ ကျောက်တည်နေတဲ့အတွက် ခါးနာနေသလို အသည်းအဆီဖုံး ရောဂါလည်း ရှိနေတယ်။ ဒါကြောင့် ဆေးကုသဖို့အတွက် အာမခံတင်ပြခဲ့ရာမှာ တရားရုံးတော်က ကျပ်သိန်း ၅၀၀ တန် အာမခံသူ ၂ ဦးနဲ့ အာမခံ ပေးလိုက်ခြင်း ဖြစ်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။

ဦးစံမင်းအောင်မှာ လွှတ်တော် ဒုဥက္ကဋ္ဌ တာဝန်ထမ်းဆောင်စဉ် ၂၀၁၈ ခုနစ်အတွင်းက ပြည်ထောင်စု လွှတ်တော် ရန်ပုံငွေမှ ချထားပေးသည့် ခွင့်ပြုငွေ ကျပ်သိန်း ၁၅၈၀ ကို အသုံးပြုပြီး ဧရာဝတီတိုင်း လွှတ်တော်အတွက် ကား
၅ စီးဝယ်ယူခဲ့ရာတွင် ငွေ ၁၉ သိန်း ၄ သောင်းကျပ်ကို ကိုယ်ကျိုးအတွက် အသုံးပြုသည်ဟုဆိုကာ ဧရာဝတီတိုင်း လွှတ်တော်၏တာဝန်ပေးချက်အရ လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မင်းထွန်းက ပုဒ်မ ၄၀၉ (ယုံကြည်အပ်နှံဖောက်ဖျက်မှု) ဖြင့် တရားလိုပြုလုပ်၍ အမှုဖွင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ဦးစံမင်းအောင်အမှုကို ပြည်ထောင်စုဥပဒေချုပ်၊ ဧရာဝတီတိုင်းဒေသကြီး ဥပဒေချုပ်တို့၏အကြံပေးချက်များအရ ရဲတပ်ဖွဲ့က ၃ လကြာ အချိန်ယူကာ အမှုတည်ဆောက်ပြီးနောက် သြဂုတ်လ ၂၂ ရက်နေ့တွင် ပုသိမ်မြို့နယ် တရားရုံး၌ ပထမဆုံး ကြားနာစစ်ဆေးခဲ့သည်။ စွပ်စွဲခံရသူ လွှတ်တော်ကိုယ်စားလှယ် ဦးစံမင်းအောင်က ကျန်းမာရေး မကောင်းသဖြင့် ဆရာဝန်ကြီးများနှင့် ပြသကာ ဆေးကုသမှု ခံယူနိုင်ရေးအတွက် တရားရုံးသို့ အာမခံလျှောက်ထား ခဲ့သည်။

ဦးစံမင်းအောင်၏ ဆေးကုသရန် အာမခံလျှောက်ထားမှုနှင့် ပတ်သတ်၍ ပုသိမ်ပြည်သူ့ဆေးရုံကြီးမှ အထူးကု ဆရာဝန်ကြီး တဦးကို စက်တင်ဘာလ ၁၁ ရက်နေ့ ရုံးချိန်းတွင် ပုသိမ်မြို့နယ်တရားရုံးသို့ ခေါ်ယူစစ်ဆေးပြီးနောက်
ယနေ့ရုံးချိန်းတွင် ပုသိမ်မြို့နယ် တရားသူကြီး ဒေါ်ခင်မြတ်မြတ်ထွန်းက ဦးစံမင်းအောင်ကို အာမခံပေးခဲ့ခြင်း ဖြစ်သည်။ ဘိုကလေးလွှတ်တော်အမတ် ဦးစံမင်းအောင်မှာ ကျန်းမာရေးအရ ဆေးကုသခွင့်အာမခံမရမီ ကာလအတွင်း ၂၂ ရက်ကြာ ပုသိမ်ထောင်အချုပ်တွင် ဖမ်းဆီးထိမ်းသိမ်းခြင်း ခံခဲ့ရသည်။

ဦးစံမင်းအောင်၏ မိသားစုဝင်တဦး က “သူ (ဦးစံမင်းအောင်) အာမခံရရှိတဲ့အတွက် အချုပ်ကနေ လွတ်လာခဲ့ပြီဖြစ်ပါတယ်။ သူ့ကို ဒီနေ့ပဲ ရန်ကုန်က အထူးကုဆေးရုံကြီးကို ပို့ဆောင်ပြီး ဆေးကုသဖို့ စီစဉ်နေပါတယ်။ သူ့ကျန်းမာရေးအခြေအနေက ချက်ခြင်းကုသမှု ခံယူရမယ့် အခြေအနေ ဖြစ်နေလို့ပါ”ဟု ပြောသည်။

ဦးစံမင်းအောင်အား တရားစွဲဆိုထားသောအမှုနှင့် ပတ်သတ်၍ ဧရာဝတီတိုင်းလွှတ်တော်ဘက်မှ ပုသိမ်မြို့နယ် တရားရုံးသို့ တရားလိုပြ သက်သေ ၁၉ ဦးတင်သွင်းထားပြီး အဆိုပါ သက်သေများထဲတွင် ကားဝယ်ယူရာတွင်
ပါဝင်သည့် ပုသိမ်မြို့နယ်၊ အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သူထွေး၊ မအူပင်မြို့နယ် အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသက်ကိုလေးနဲ့ ကျိုက်လတ် မြို့နယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းလှိုင် (ခ) ကိုညိုတို့ ပါဝင်ကြောင်း သိရသည်။

လာမည့် စက်တင်ဘာလ ၁၉ ရက်နေ့တွင် ပုသိမ်မြို့နယ်တရားရုံး၌ ဧရာဝတီတိုင်းလွှတ်တော်၏ တရားလိုပြ သက်သေ ၁ ဦးကို ပထမဆုံးစတင်စစ်ဆေးမည်ဖြစ်ပြီး တရားရုံး၏ရုံးချိန်းစီမံခန့်ခွဲမှုအရ တရားလိုပြ သက်သေ
၁၉ ဦးအား ဒီဇင်ဘာလအထိ ရုံးချိန်းကြားနာစစ်ဆေး ရမည်ဖြစ်ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်တွင် အသုံးပြုမည့် ကား ၅ စီး ဝယ်ယူရန် ၂၀၁၇ – ၁၈ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု လွှတ်တော်ရံပုံငွေမှ ကျပ်သိန်း ၁၅၈၀ ရရှိခဲ့ပြီး ကားဝယ်ယူရန် ဧရာဝတီတိုင်းလွှတ်တော်မှ ကော်မတီ ဖွဲ့စည်းကာ တင်ဒါခေါ်ယူခဲ့ကြောင်း သိရသည်။ အဆိုပါတင်ဒါသို့ ကုမ္ပဏီ ၃ ခု လာရောက်လျှောက်ထား ခဲ့ရာ ကုမ္ပဏီ ၁ ခုသာ အရည်အသွေးပြည့်မီခဲ့ပြီး ကားများလာရောက်ပြသရန် ချိန်းဆိုသော်လည်း လာရောက်ခြင်း မရှိသည့်အတွက် တင်ဒါဖြင့်ဝယ်ယူသည့် အစီအစဉ်ကို ဖျက်သိမ်းခဲ့ကာ ဧရာဝတီတိုင်းလွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သောအဖွဲ့ဖြင့် ဝယ်ယူခွင့်ပြုရန် ဧရာဝတီတိုင်းအစိုးရအဖွဲ့ထံ တင်ပြခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

ကားဝယ်ယူရေးကိစ္စအတွက် ဧရာဝတီတိုင်းအစိုးရအဖွဲ့က ခွင့်ပြုသဖြင့် တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်မှ အဖွဲ့ဝင် ၈ ဦးပါ ကားဝယ်ယူရေးအဖွဲ့ကို ဖွဲ့စည်းပေးခဲ့ကြောင်း၊ အဆိုပါအဖွဲ့တွင် လွှတ်တော်ဒုဥက္ကဋ္ဌ ဦးစံမင်းအောင်ကို အဖွဲ့ခေါင်းဆောင်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် အဆင့် အရာရှိကြီးတဦးအား အတွင်းရေးမှူးအဖြစ် တာဝန်ပေးအပ် ခဲ့ပြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အရာရှိများနှင့် တိုင်းလွှတ်တော်ကိုယ်စားလှယ် ၃ ဦးတို့မှာ အဖွဲ့ဝင်များအဖြစ် ပါဝင်ကြောင်း သိရသည်။

အဆိုပါကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် တပတ်ရစ် HiAce အံစာတုံးကား ၃ စီး၊ လိုက်ထရပ် ၁ စီးတို့ကို ကုမ္ပဏီ တစ်ခုထံမှ လည်းကောင်း၊ တိုယိုတာ Extra Cub ကားသစ်တစ်စီးတို့ကို ကုမ္ပဏီတစ်ခုထံမှလည်းကောင်း အသီးသီး ဝယ်ယူကာ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်တွင် အသုံးပြုခဲ့ကြောင်း သိရသည်။

ကားများဝယ်ယူရာတွင် အဖွဲ့ခေါင်းဆောင် ဦးစံမင်းအောင် အနေဖြင့် ငွေကြေးအလွဲသုံးစားလုပ်ခဲ့သည်ဟု ပုသိမ်မြို့တွင် နေထိုင်သည့် NLD ပါတီနှင့် နီးစပ်သူတဦးက ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် တိုင်ကြားခဲ့သည့်အတွက် NLD ပါတီဗဟိုမှ အရံ ဗဟိုကော်မတီဝင် ဦးကျော်ဟိုးဦးဆောင်သည့် အထူးစုံစမ်းရေးအဖွဲ့ဖြင့် ပါတီတွင်း စစ်ဆေး ပြီးနောက် ပါတီဗဟိုအလုပ်အမှုဆောင်အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ဦးစံမင်းအောင်ကို ယခုနှစ် ဇန်နဝါရီလ ၁၅ ရက် နေ့တွင် NLD ပါတီမှ ရာသက်ပန် ထုတ်ပယ်ခဲ့သည်။

NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဦးစံမင်းအောင်ကို ပါတီမှထုတ်ပယ်ပြီးနောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံသို့ ဆက်လက်အကြောင်းကြားခဲ့ရာ ကော်မရှင်က ယခုနှစ် ဇန်နဝါရီနှင့် ဖော်ဖော်ဝါရီလအတွင်း ဦးစံမင်းအောင်နှင့် ကားဝယ်ယူရေးတွင်ပါဝင်သူများ၊ ကားကုမ္ပဏီတို့ကို စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဂတိတိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးခဲ့သော်လည်း ဦးစံမင်းအောင်၏လုပ်ရပ်မှာ အဂတိလိုက်စားမှု
မမြောက်ကြောင်းနှင့် တည်ဆဲဥပဒေအရ ဆက်လက်ဆောင်ရွက်ရန်ဖြစ်ကြောင်းဟု ကော်မရှင်က အကြောင်းပြန် ခဲ့သည့်အတွက် ပြီးခဲ့သည့် မေလဆန်းပိုင်းတွင် ဧရာဝတီတိုငးဒေသကြီးလွှတ်တော်ရုံး ဒုတိယ ညွှန်ကြားရေးမှူး ဦးဇော်မင်းထွန်းက တရားလိုပြုလုပ်၍ ဦးစံမင်းအောင်ကို ပုသိမ်မြို့မရဲစခန်းတွင် ပုဒ်မ ၄၀၉ ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့သည်။

ပုဒ်မ ၄၀၉ ဖြင့် ဖမ်းဆီးထိမ်းသိမ်းခြင်းခံရသည့်အတွက် လွှတ်တော်ဒုဥက္ကဋ္ဌဟောင်းဖြစ်သူ ဘိုကလေးမြို့နယ်၊ အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးစံမင်းအောင်မှာ ၂၀၁၁ ခုနှစ်မှ စတင်ပေါ်ပေါက်ခဲံသည့် ဧရာဝတီတိုင်း ဒေသကြီးလွှတ်တော်သက်တမ်း ၂ ရပ်တွင် ပထမဆုံး ဖမ်းဆီးခြင်းခံရသည့်လွှတ်တော် ကိုယ်စားလှယ် အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ဦးစံမင်းအောင်မှာ အသက် ၃၈ နှစ်အရွယ်ရှိသည့် အထက်တန်းရှေ့နေတဦးဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ဘိုကလေး မဲဆန္ဒနယ်၌ ခိုင်လုံမဲ ၃၃၃၈၉ မဲဖြင့် အနိုင်ရကာ လွှတ်တော်ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။ ဧရာဝတီတိုင်းလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ တာဝန်ကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ ၂၀၁၉ ခုနှစ် ဇန်နဝါရီလအထိ ၃ နှစ်ကြာ ထမ်းဆောင်ခဲ့ပြီးနောက် ယခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ဦးစံမင်းအောင်မှာ ရာထူးမှ နှုတ်ထွက်ခဲ့ပြီး ဘိုကလေးမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တာဝန်ကို ဆက်လက် ထမ်းဆောင်နေသူဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading