ရှမ်းပြည်နယ် (မြောက်ပိုင်း) ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် ပလောင် (တအန်း) အမျိုးသားလွတ်မြောက် ရေးတပ်မတော် (TNLA) နှင့် တပ်မတော်တို့ ယနေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း သတင်းရသည်။
တပ်မတော်၏ တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၅ နှင့် TNLA ၏ တပ်ရင်း ၉၁၉ တို့အကြား တောင်ရိုးဘုရား တောင်ပေါ်တွင် ယနေ့ မနက် ၇ နာရီက ၈ နာရီထိ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်တဦး က “TNLA က တောင်ရိုးဘုရား တောင်ပေါ်မှာ တပ်စွဲထားတယ်။ အဲဒီ တပ်စွဲထားတဲ့ အနောက်ဘက်မှာ ဖြစ်တာ မနက်က ဖြစ်တာ” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ တိုက်ပွဲတွင် တပ်မတော်ဘက်က ရဟတ်ယာဉ်ဖြင့် လာရောက် ပစ်ခတ်မှုရှိခဲ့ကြောင်း၊ သို့သော် တောင်ရိုးဘုရား အပါအဝင် လူနှင့် အဆောက်အအုံများ ထိခိုက်မှု မရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ဧရာဝတီသို့ ပြောသည်။
အဆိုပါ တိုက်ပွဲအခြေအနေနှင့် ပတ်သက်ပြီး တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း အပါအဝင် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းထွဋ်လေး နှင့် TNLA မှ တာဝန်ရှိသူများကို ဆက်သွယ် မေးမြန်းသော်လည်း ဖုန်းလက်ခံ ပြောခြင်းမရှိပါ။
TNLA သတင်းနှင့် ပြန်ကြားရေးဌာနကတော့ မြန်မာစစ်တပ်သည် ဟိုချောင်းကျေးရွာဖက်မှ မိမိတပ်ရင်း ၉၁၉ ရှိ ရာ တောင်ရိုးပေါ်သို့ ထိုးစစ်ဆင် တက်ရောက်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားရခြင်း ဖြစ်ကြောင်း၊ မနက် ၈ နာရီ ထိ နမ့်ဆန်မြို့ တပ်စခန်းနှင့် နမ့်မဝေါရပ်ကွက် တရုတ်တန်း၌နေ၍ လက်နက်ကြီးများဖြင့် တောင်ရိုး တောင်ပေါ် နှင့် ဟိုချောင်းရွာဖက်သို့ အဆက်မပြတ် ပစ်ခတ်သည်ဟု စက်တင်ဘာလ ၁၃ ရက်က ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
တပ်မတော်သည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းရှိ စစ်တိုင်း ၅ တိုင်းကို တဖက်သတ် အပစ်အခတ်ရပ် စဲထားသည်။ ထိုအပစ်အခတ် ရပ်စဲမှုသည် ၄ ကြိမ်တိတိ ရှိထားပြီး ယခု သြဂုတ်လ ၃၁ ရက်နေ့က စက်တင်ဘာ လ ၂၁ ရက်နေ့အထိ ၄ ကြိမ်မြောက် သက်တမ်းတိုးပေးထားသည်။
ထို အပစ်အခတ်ရပ်စဲထားသည့် ၂၁ ရက်အတွင်း တပ်မတော်နှင့် TNLA တို့ ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် ယနေ့ (စက်တင်ဘာလ ၁၃ ရက်ထိ) တိုက်ပွဲ ၁၁ ကြိမ် ဖြစ်ပွားထားကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနက ထုတ်ပြန်ထားသည်။
TNLA အပါအဝင် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA)နှင့် ရက္ခိုင် စစ်တပ်(AA) တို့ ပူးတွဲ၍ စက်တင်ဘာလ ၉ ရက်မှ အောက်တိုဘာလ ၈ ရက်နေ့ထိ တလ တဖက်သတ် အပစ်အခတ်ရပ်စဲ ကြောင်း ထုတ်ပြန်ထားသည်။
တဖက်တွင်လည်း တပ်မတော်နှင့် အစိုးရ ကိုယ်စားလှယ်များ ပါဝင်သည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) အပါအဝင် TNLA၊ MNDAA၊ AA တို့သည် စက်တင်ဘာလ ၁၇ ရက်နေ့မှာ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့မှာ ပဏာမ အပစ်အခတ် ရပ်စဲရေး စာချုပ်(Bilateral) ထိုးနိုင်ရေး ညှိနှိုင်းကြမည် ဖြစ်သည်။