ဆေးဝါး စက်ရုံ(အင်းစိန်/ BPI) စက်ရုံမှူး ဒေါက်တာ အောင်ဇော်အား အဂတိ လိုက်စားမှုဖြင့် အမှုဖွင့် အရေးယူပြီးနောက် မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဦးဆောင် ညွှန်ကြားရေးမှူး (MD) ဦးကိုကိုအောင် ကို လည်း ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက ယနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
BPI လုပ်ငန်းသုံး ကော်စေ့များအား ဝယ်ယူရာ၌ တာဝန်ပျက်ကွက်မှုများ ရှိသည် ဟုဆိုကာ ဦးကိုကိုအောင်အား အရေးယူ ပေးရန် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စက်တင်ဘာ ၆ ရက်တွင် သမ္မတရုံးသို့ တင်ပြခဲ့ပြီးနောက် စက် တင်ဘာ ၁၂ ရက်တွင် ရာထူးက ထုတ်ပယ်ခံခဲ့ရခြင်း ဖြစ်သည်။
ဦးဇော်ဌေးက “အဂတိ လိုက်စားမှုနဲ့တော့ ငြိစွန်းမှု မရှိဘူး။ စိစစ်မှုအရ ကြီးကြပ်ကွပ်ကဲဖို့ ပျက်ကွက် တာကို တာဝန်ယူ၊ တာ ဝန်ခံမှုတော့ ရှိရမယ်ဆိုပြီး အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က တင်ပြတယ်။ သမ္မတရဲ့ အုပ်ချုပ်မှု နည်းလမ်း နဲ့ပဲ ဦးကိုကိုအောင်ကို ရာထူးက ထုတ်ပယ် လိုက်တာ ပါ” ဟု ပြောသည်။
ဦးကိုကိုအောင်သည် မြန်မာ့ဆေးဝါး လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး တဦး ဖြစ်သကဲ့သို့ ဌာန၏ တရားဝင် ပြောရေးဆိုခွင့်ရှိသူ အဖြစ် တာဝန်ပေးခံထားရသူလည်း ဖြစ်သည်။
BPI စက်ရုံမှူး ဒေါက်တာ အောင်ဇော်သည် ဆေးထည့်ကော်ဘူးများ ထုတ်လုပ်ရန် ကော်စေ့ ၂၆ တန် ဝယ်ယူသည့် ကိစ္စွ တွင် လုပ်ထုံးလုပ်နည်းနှင့် အညီ မလုပ်ဆောင် ဟုဆိုကာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ ဖြင့် အင်းစိန်မြို့မ ရဲစခန်းတွင် စက်တင်ဘာ ၆ ရက်က အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။
ဒေါက်တာ အောင်ဇော်အား အမှုဖွင့်ထားမှုနှင့် ပတ်သက်ပြီး စက်ရုံနှင့် ပတ်သက်သည့် အသိုင်းအဝိုင်း တွင် ဝေဖန်မှုများရှိ နေသည့်အပြင် စက်တင်ဘာ ၉ ရက်က အင်းစိန်မြို့နယ် တရားရုံး၌ ရုံးထုတ်ရာ တွင်လည်း စက်ရုံဝန်ထမ်းများက ၎င်းအား ထောက်ခံသည့် အနေဖြင့် စုရုံးဝန်းရံခဲ့ကြသည်။
စက်ရုံဝန်ထမ်းများ၏ ဒေါက်တာ အောင်ဇော် အပေါ် ထောက်ခံ ဝန်းရံမှုနှင့် ပတ်သက်ပြီး စက်တင်ဘာ ၁၁ ရက်က စက်မှု ဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် ဦးကိုကိုလွင် ကိုယ်တိုင် လာရောက်ကာ နောက် ရုံးချိန်းများတွင် ထပ်မံ၍ ဝန်းရံခြင်းများ မပြုလုပ်ရန် ပြောကြားခဲ့ကြောင်း စက်ရုံနှင့် နီးစပ်သူများက ပြောဆိုသည်။
ဦးဇော်ဌေးက “ဝန်ထမ်းတွေက စက်ရုံမှူး အပေါ် လေးစားမှုနဲ့ ဝန်းရံကြတယ်လို့ သိရတယ်။ ဒါပေမယ့် လည်း ရုံးချိန်အတွင်းမှာ ဖြစ်နေတဲ့အတွက် ဝန်ထမ်း စည်းမျဉ်းစည်းကမ်း လိုက်နာကြဖို့တော့ အမြဲတမ်းအတွင်းဝန်က ပြောတယ်လို့ သိရတယ်။ ဖိအားပေးထားတာတော့ မရှိပါဘူး” ဟု ပြောသည်။
ထို့ပြင် ဒေါက်တာ အောင်ဇော် အရေးယူခံမှုမှာလည်း စက်မှုဝန်ကြီး ဦးခင်မောင်ချို ရာထူးမှ နုတ်ထွက် ခြင်းနှင့် ဆက်စပ်မှု မရှိကြောင်းလည်း ၎င်းက ဆိုသည်။
ဒေါက်တာ အောင်ဇော်အား အမှုဖွင့်ထားခြင်းနှင့် ပတ်သက်၍ စက်တင်ဘာ ၁၉ ရက်တွင် ထပ်မံ ရုံး ထုတ်မည် ဖြစ်ပြီး လာရောက်ဝန်းရံမှုကြောင့် အရေးယူခံရမည့်အခြေအနေလည်း ရှိနေကြောင်း စက်ရုံနှင့် နီးစပ်သူတဦးက ပြောသည်။
“အမြဲတမ်း အတွင်းဝန်ကလည်း ထပ်မသွားဖို့ ပြောတယ်။ ပြီးခဲ့တဲ့အပတ်က သွားခဲ့တဲ့သူတွေကိုလည်း အခု ခေါ်ယူတွေ့ဆုံတာတွေ လုပ်တာရှိတယ်။ ၁၉ ရက်နေ့သွားရင် အရေးယူတာ ရှိမှာလည်း ဝန်ထမ်း တချို့က စိုးရိမ်နေတယ်” ဟု ၎င်းက ပြောဆိုသည်။
အဂတိ လိုက်စားမှု ကော်မရှင်အနေဖြင့် ဒေါက်တာ အောင်ဇော်နှင့် ပတ်သက်ပြီး ဥပဒေအရ အရေးယူ ရန် ခိုင်လုံသည့် အထောက်အထားများ ပေါ်ပေါက်နေသည့်အပြင် ပြည်သူလူထုအတွက် ရေရှည်တွင် ထိခိုက်နစ်နာ ဆုံးရှုံးမှုများ ဖြစ်လာ နိုင်ချေ ရှိသည့်အတွက် ကြိုတင် တားဆီးကာကွယ်သည့် အနေဖြင့် အရေးယူခြင်း ဖြစ်ကြောင်းလည်း စက်တင်ဘာ ၉ ရက် က ထပ်မံ ရှင်းလင်းထားသည်။