အာဆီယံနိုင်ငံများမှ သံအမတ်အဖွဲ့နှင့် ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှ မိမိအစီစဉ်ဖြင့် ပြန်လည် ဝင်ရောက်လာသော ဒုက္ခသည်များနှင့် စစ်တွေမြို့ရှိ ပြည်နယ် အစိုးရအဖွဲ့ ဧည့်ဂေဟာ၌ တွေ့ဆုံခဲ့ကြောင်း သတင်း ရရှိသည်။
စက်တင်ဘာလ ၁၁ ရက် မွန်းလွဲပိုင်းက ယင်းသို့ တွေ့ဆုံခဲ့ခြင်းဖြစ်ကာ လက်ရှိ နေထိုင်ရသည့် အခြေအနေများကို သံ အမတ်အဖွဲ့က မေးမြန်းခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနမှ ဒု ညွန်ချုပ် ဦးသန်းထွဋ်ဆွေ က ပြောသည်။
ဦးသန်းထွဋ်ဆွေက “တွေ့ဆုံအထဲမှာတော့ ဘင်္ဂလားဒေ့ရ်ှ ဘက်ကနေ ကိုယ့်သဘောနဲ့ကိုယ် ပြန်ဝင်လာတဲ့ မွတ် စလင်ဘာသာဝင် ၁၀ ဦးနဲ့ ကျနော်တို့ အိမ်နီးချင်းနိုင်ငံများက သံအမတ်အဖွဲ့နဲ့ တွေ့တာပါ။ သူတို့ ပြန်လာကြတဲ့ အခြေ အနေနဲ့ လက်ရှိ နေထိုင်ကြတဲ့ အခြေအနေကို မေးတာ။ ဒီလောက်ပဲ” ဟု ဧရာဝတီသို့ ပြောဆိုသည်။
အဆိုပါ တွေ့ဆုံပွဲတွင် ဘင်္ဂလားဒေ့ရ်ှ၊ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ တရုတ်၊ အိန္ဒိယနိုင်ငံ စသည့် နိုင်ငံများမှ သံ အမတ်ကြီးများနှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) အဖွဲ့တို့မှ အကြီးအကဲများ နိုင်ငံတော် အတိုင်ပင်ခံ ရုံးဝန်ကြီးဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ ပါဝင်ပြီး မွတ်စလင်ဘာသာဝင် ၁၀ ဦးတို့ ပါဝင်ကြောင်း သိရသည်။
တွေ့ဆုံပွဲ၌် ပါဝင်သူ ကိုမာမွတ်ရှော်ရှီက “ကျနော်တို့ကို သံအမတ်ကြီးတွေ မေးတာက ကျနော်တို့ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို မေးတာပါ။ ဘင်္ဂလားဒေ့ရ်ှမှာ နေထိုင်ခဲ့တဲ့ အခြေအနေရယ်၊ ပြန်ဝင်လာတဲ့ အခြေအနေ ရယ်၊ လက်ရှိ နေထိုင်တဲ့အခါ ကြုံတွေ့ရတဲ့ အခြေအနေတွေ မေးပါတယ်။ ကျနော်တို့က ပြောပြတော့ သူတို့ကတော့ အဆင်ပြေအောင် ကူညီပေးမယ် ဆိုတာ ပြောပါတယ်” ဟု သတင်းမီဒီယာများသို့ ပြောကြားခဲ့သည်။
အကြောင်းအမျိုးမျိုးကြောင့် ပြန်ဝင်လာသည့် ဒုက္ခသည်များသည် လက်ရှိအချိန်၌ မူလ ကျေးရွာများတွင် နေထိုင်နိုင်ခြင်း မရှိသေးဘဲ မြို့ပေါ် နီးစပ်သည့် နေရာများ၌ ယာယီ အခြေချနေထိုင်နေကြရကြောင်းလည်း ကိုမာမွတ်ရှော်ရှီ က ဆက်လက် ပြောကြားသည်။
အဆိုပါ သံအမတ်အဖွဲ့၏ ခရီးစဉ်မှာ မောင်တောဒေသသို့ သွားရောက်ရန် စီစဉ်ခဲ့သော်လည်း ရာသီဥတု အခြေအနေ ကြောင့် သွားရောက်နိုင်ခြင်း မရှိသည့်အတွက် စစ်တွေမြို့၌ တွေ့ဆုံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
တဖက်နိုင်ငံသို့ ရောက်ရှိနေသည့် ဘင်္ဂါလီများထဲတွင် နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် မဟုတ်ဘဲ လှေစီပြေးသူ၊ နယ်စပ် ဖြတ်ကျော် ရောက်ရှိလာသူ စသည်ဖြင့် အကြောင်းအမျိုးမျိုးကြောင့် ပြန်လည် ဝင်ရောက်လာသည့် ဘင်္ဂါလီ ၂၁၆ ဦး ရှိ ကြောင်း မောင်တောခရိုင် အုပ်ချုပ်ရေးမှူးရုံးက သိရသည်။
အကြောင်းအမျိုးမျိုးကြောင့် ပြန်လည် ဝင်ရောက်လာသူများကို UEHRD ၏ အစီအစဉ်အတိုင်း နီးစပ်ရာ ဆွေမျိုးသားချင်း များရှိရာ ကျေးရွာများတွင် ပြန်လည် နေရာချထားပြီး ထောက်ပံ့မှုများကိုလည်း ပေးအပ်ထားကြောင်း မောင်တော ခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင် က ဆိုသည်။
မြန်မာ အစိုးရသည် အဆိုပါ နေရပ်စွန့်ခွာ ဘင်္ဂါလီများအရေးနှင့် ပတ်သက်၍ ကုန်းလမ်းမှ ပြန်ဝင်လာသူများကို မောင်တော မြို့နယ် တောင်ပြိုလက်ဝဲစခန်း၌ လက်ခံရန် ပြင်ဆင်ထားပြီး၊ ရေလမ်းက ပြန်ဝင်လာသူများအတွက် ငခူရစခန်းတွင် လက် ခံရန် ယခင်ကတည်းက အဆင်သင့် စခန်း ၂ ခု ဖွင့်လှစ် ထားရှိသည်။
တဖက် နိုင်ငံရောက် ဘင်္ဂါလီအရေးနှင့် ပတ်သက်ပြီး နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် နေရပ် စွန့်ခွာသူ ဘင်္ဂါလီ ၃၄၅၀ ကို သြဂုတ်လ ၂၂ ရက်မှ စတင်၍ ပြန်လည်ပေးပို့ရန် ဘင်္ဂဒေ့ရ်ှအစိုးရမှ တရားဝင် အကြောင်း ကြားစာ ပေးပို့ထားသော်လည်း လက်ရှိ အချိန်ထိ နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် တဦးတယောက်မှ ပြန်လည် ဝင်ရောက် လာသူ မရှိသေးပေ။
မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်ကတော့ နေရပ်စွန့်ခွာသူ ဘင်္ဂါလီများ ပြန်လည် ဝင်ရောက်လာမည့် ကိစ္စနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ဝန်ထမ်းများနှင့် အမြဲတမ်း အဆင်သင့် ပြင်ဆင်ထားရှိကြောင်း ပြောဆိုသည်။
ဘင်္ဂလားဒေ့ရ်ရောက် နေရပ်စွန့်ခွာသူ ဘင်္ဂါလီများ အနေဖြင့်တော့ ဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်ရေးနှင့် နိုင်ငံသား အဖြစ် အသိအမှတ်ပြုရေး၊ မူလနေရာတွင် ပြန်လည် နေထိုင်ခွင့် ရရှိရေး အပါအဝင် လွတ်လပ်စွာ သွားလာခွင့် ရရှိရေးတို့ကို တောင်းဆိုထားကြောင်းလည်း နိုင်ငံတကာ သတင်းမီဒီယာများတွင် ဖော်ပြထားသည်။
မောင်တောမြို့နယ် တောင်ပြိုလက်ဝဲအနီး နှစ်နိုင်ငံ နယ်စပ်မျဉ်း မြန်မာနိုင်ငံဘက်ခြမ်းတွင် ယာယီတဲများဖြင့် နေထိုင်ကြ သည့် နေရပ်စွန့်ခွာ ဘင်္ဂါလီများမှာလည်း လက်ရှိ အချိန်အထိ ပြန်လည် ဝင်ရောက်လာခြင်း မရှိသေးဘဲ ယင်းနေရာ၌ ဆက်လက် ရှိနေသေးကြောင်း သိရသည်။
တဖက်နိုင်ငံသို့ နေရပ်စွန့်ခွာသူများထဲတွင် ဟိန္ဒူဘာသာဝင် ၄၀၀ ကျော်လည်းမှာလည်း ဘင်္ဂလားဒေ့ရ်ှ နိုင်ငံရှိ ဒုက္ခသည် စခန်းတွင် ရှိနေကြသည်။
၂၀၁၈ ခုနှစ် နိုင်ဝင်ဘာလ ၁၅ ရက်တွင်လည်း ဘင်္ဂလားဒေ့ရ်ှ နိုင်ငံရောက် နေရပ်စွန့်ခွာသူများ ပြန်လည် ဝင်ရောက်လာ မည်ဆိုသည့်အတွက် မြန်မာဘက်မှ ကြိုဆို လက်ခံရေး စခန်းများ ဖွင့်လှစ်ခဲ့သော်လည်း တဦးတယောက်မှ ပြန်ဝင်လာသူ မရှိခဲ့ပေ။
၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ မောင်တောခရိုင် အတွင်း ARAS အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် ဒေသခံ ရခိုင်၊ မြို ၊ ဒိုင်း နက်၊ ခမီတိုင်းရင်းသားနှင့် ဟိန္ဒူဘာသာဝင် အမြောက်အများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသလို သိန်းနှင့်ချီသော ဘင်္ဂါလီများ မှာလည်း တဖက်နိုင်ငံသို့ ဝင်ရောက် ခိုလှုံသွားခဲ့ကြောင်းလည်း နိုင်ငံတကာ အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်အရ သိရ သည်။